ပြည်တွင်းဆန်စျေးကွက်တွင် ဆန်စျေးနှုန်းများ မကြုံစဖူး မြင့်တက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် စပါးစိုက်ပျိုးသည့် ပုံစံအရ ဆန်သစ်မပေါ်မီကြားကာလတွင် ဆန်စျေးနှုန်းတက်လေ့ရှိသည် မှာ သဘာဝပင်ဖြစ်သော်လည်း လက်ရှိဖြစ်ပေါ်နေသည့် ဆန်စျေး နှုန်းက ဖြစ်သင့်ဖြစ်ထိုက်သည်ထက် ပိုမိုမြင့်မားနေခြင်းကြောင့် သဘာဝမကျဟု ဆိုရမည်ဖြစ်သည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် ညီနောင်အသင်းအဖွဲ့များမှ တာဝန်ရှိသူ များ တက်ရောက်ကြသည့် ဆန်စျေးနှုန်းနှင့် ဆန်စျေးကွက် တည်ငြိမ်မှန်ကန်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ဆန်စျေးနှုန်း သည် ဖြစ်သင့်ဖြစ်ထိုက်သည့် ပမာဏထက်ကျော်လွန်၍ စျေးနှုန်း တက်သည့် အနေအထားတစ်ရပ်ကိုတွေ့ရပြီး အမြတ်ကြီးရလိုမှု ဖြင့် ဝယ်ယူသိုလှောင်ထားကြကာ တဖြည်းဖြည်း စျေးဆွဲတင် ဆောင်ရွက်နေကြောင်း၊ ကောလာဟလသတင်းများအပေါ် မူတည်၍ စျေးနှုန်းကို ဆွဲတင်နေကြသည့် ကုန်သည်များ ပိုမို များပြားလာပြီး ၎င်းတို့က စျေးဆွဲတင်နေသည်ကို တွေ့ရကြောင်း ပြောကြားခဲ့သည်။
မိမိတို့နိုင်ငံတွင် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးလျက် ရှိရာ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံလုပ်ကိုင်သူများအနေဖြင့် ကုန်ထုတ် လုပ်မှုကဏ္ဍ၊ ကုန်သွယ်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတို့တွင် ဥပဒေစည်းကမ်းနည်းလမ်းများနှင့်အညီ ရင်းနှီးမြှုပ်နှံ စီးပွားရှာ နိုင်ကြသည်။ ဂုဏ်သိက္ခာရှိရှိ၊ သမာသမတ်ကျကျနှင့် အတ္တ၊ ပရ မျှတသည့် အကျိုးဖြစ်ထွန်းအောင် ဆောင်ရွက်နိုင်ကြသည်။ ယင်းသို့မဟုတ်ဘဲ ငွေလုံးငွေရင်း လက်ထဲကိုင်ကာ ဆန်လှောင်၊ ဆီလှောင်၊ စက်သုံးဆီလှောင်ပြီး ကောလာဟလများ ထုတ်လွှင့်၍ ဈေးနှုန်းများ ဆွဲတင်ရောင်းချကာ အချိန်တိုတိုနှင့် ငွေထုပ်ကြီးကြီး ပိုက်လိုသည့် ဂုဏ်သိက္ခာကင်းမဲ့သော လုပ်ရပ်မျိုးကို ရှောင်ကြဉ်ကြ ဖို့ တိုက်တွန်းလိုသည်။ ဝိသမလောဘဇောတိုက်ကာ “ရိုက်စား” အကွက်ဖြင့် စီးပွားရှာရာတွင် အရိုက်ခံရသူများမှာ ပြည်သူများသာ ဖြစ်ပြီး ဝင်ငွေနည်းပါးသည့် မိသားစုများ၊ ဆင်းရဲနွမ်းပါးသူ အောက်ခြေလူတန်းစားများက အထိအနာဆုံးဖြစ်သည်ကို သတိမူကာ ဆင်ခြင်ကြစေလိုသည်။
စင်စစ်အားဖြင့် ဆန်သည် မြန်မာနိုင်ငံသူ နိုင်ငံသားတို့၏ အဓိကစားကုန်ဖြစ်သလို အဓိကစိုက်ပျိုးသည့် ထုတ်ကုန်လည်း ဖြစ်သည်။ စပါးစိုက်ပျိုးထုတ်လုပ်နိုင်သည့် ရေ၊ မြေ၊ အရင်းအမြစ် များ ပြည်တွင်းဒေသအနှံ့အပြားတွင် တည်ရှိနေပြီး အများစုမှာ ဒေသတွင်းဖူလုံရုံမျှမက ပိုလျှံအောင် ထုတ်လုပ်နိုင်စွမ်းရှိကြသည်။ နိုင်ငံတော်ကလည်း စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးအတွက် လိုအပ် သည့် ကူညီပံ့ပိုးဖြည့်ဆည်းပေးမှုများနှင့်အတူ တွန်းအားပေး ဆောင်ရွက်လျက်ရှိရာ အကျိုးရလဒ်ကောင်းများ ပေါ်ထွက်လာ မည်ဟု မျှော်လင့်နိုင်သည့် အနေအထားတွင်ရှိသည်။ လက်ရှိ ကမ္ဘာ့ဆန်စျေးကွက်တွင် အယ်နီညိုကို အကြောင်းပြု၍ ဆန် စျေးနှုန်းမြင့်တက်လျက်ရှိပြီး အိန္ဒိယအပါအဝင် ကမ္ဘာ့ဆန် တင်ပို့ ရောင်းချသည့် နိုင်ငံအချို့က ဆန်တင်ပို့မှုများကို လျှော့ချထား ခြင်းကြောင့်လည်း ကမ္ဘာတွင် ဆန်သည် ရောင်းသူစျေးကွက် ဖြစ်နေသည်။
စပါးစိုက်ပျိုး၊ ရိတ်သိမ်း ရာသီအလိုက်ဖြစ်လေ့ဖြစ်ထရှိသည့် ဆန်စျေးကွက်မတည်ငြိမ်မှုကို ထိန်းညှိနိုင်ရန်အတွက် အိမ်နီးချင်း နိုင်ငံများ၏ စိုက်ပျိုးမှုပုံစံများကို အတုယူဆောင်ရွက်နိုင်ရေး၊ ပြည်တွင်းစားသုံးမှုဖူလုံရေးနှင့် ပြည်ပသို့ ပိုမိုတင်ပို့နိုင်ရေးအတွက် အရည်အသွေးကောင်း၊ အထွက်ကောင်း သက်တမ်းတို စပါးမျိုး များ ရှာဖွေဖော်ထုတ်ရေး၊ ဆန်ဈေးကွက်မတည်မငြိမ်ဖြစ်အောင် သိုလှောင်ဈေးကစားမှုများကဲ့သို့သော မသမာသည့်လုပ်ရပ်ပြုလုပ် သူများကို ဖော်ထုတ်အရေးယူရေး စသည်တို့အပါအဝင် ကောင်းမွန်သည့် ဆန်စပါးဈေးကွက်ရပ်ဝန်းကို စိတ်ကောင်း စေတနာမွန်ဖြင့် ဝိုင်းဝန်းတည်ဆောက်ကာ အတ္တပရနှစ်ဖြာသော အကျိုးစီးပွားတို့ မျှတနိုင်ပါစေကြောင်း။ ။