ကျောင်းနေအရွယ်ကလေးတိုင်း မဖြစ်မနေ ကျောင်းအပ်နှံ

 

မျက်မှောက်ခေတ်သည် ပညာခေတ်ဖြစ်သည်။ လူတစ်ဦးချင်း အဖို့    ပညာကောင်းစွာ   တတ်မြောက်ရန်လိုအပ်သလို နိုင်ငံအနေဖြင့်လည်း တစ်မျိုးသားလုံးပညာရည်မြင့်မားရန် လိုအပ်သည်။ ပညာတတ်မြောက်သူသည် မတတ်မြောက်သူ ထက်  ဘဝလမ်းခရီး၌   အခွင့်အလမ်းပိုသာသည်။   ဘဝကို ပိုမို၍ကောင်းမွန်အောင် တည်ဆောက်နိုင်ရန်နှင့်  ဝင်ငွေမြင့်မား နိုင်ရန်တို့အတွက်လည်း ပညာရေးက အထောက်အကူပေး နိုင်သည်။ ပညာမတတ်မြောက်သူသည်  မိမိ၏မိသားစုနှင့် လက်ရှိရှင်သန်နေထိုင်ရာ  ပတ်ဝန်းကျင်ကိုပင်   ကောင်းစွာ သိရှိနားလည်နိုင်စွမ်းမရှိသော်လည်း ပညာတတ်မြောက်သူ မှာမူ ပိုမို၍ အမြင်ကျယ်၊  ပိုမို၍နိုးကြားပြီး   ကမ္ဘာလောကတစ်ခွင် ကို   သိနားလည်နိုင်သည်။     နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်ရန်   တန်ဖိုးမြင့်မားသည့်    လူ့စွမ်းအား အရင်းအမြစ်လိုအပ်ပြီး   ပညာတတ်၊   ကျွမ်းကျင်သူများ ရရှိအောင် ပြုစုပျိုးထောင်ခြင်းဖြင့်သာ တန်ဖိုးမြင့်လူ့စွမ်းအားအရင်းအမြစ်ကို ရရှိနိုင်သည်။

 


“. . . ပညာရေးမှာ အများစုက မူလတန်းပညာနဲ့ အလယ် တန်းပညာအဆင့်ပဲ ကျွန်တော်တို့က ဖြစ်ပါတယ်။ လူနည်းစုပဲ အထက်တန်းပညာနဲ့     အဆင့်မြင့်ပညာတတ်တဲ့သူများ ဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ဒီအလယ်တန်း ပညာနဲ့အောက်မှာ   တတ်နေတဲ့    ပြည်သူအများစုရှိနေတဲ့ ကျေးလက်ဒေသတွေရဲ့ ပညာရေး၊ ပြည်နယ်များရဲ့ ပညာရေး မြှင့်တင်ဖို့အတွက်         အထူးဦးစားပေးဆောင်ရွက်သွားဖို့ လိုတယ်ဆိုတာလေးလည်း ကျွန်တော်တွေ့ရှိပါတယ်” ဟူ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး အမှတ်စဉ်  (၆/၂၀၂၂) တွင် နိုင်ငံတော်အကြီးအကဲက  ပြောကြားခဲ့သည်။ သို့ဖြစ်ရာ     နိုင်ငံ၏လူအများစု     အထက်တန်းပညာနှင့် အဆင့်မြင့်ပညာတတ်မြောက်သူများ ဖြစ်လာရေး၊ အမျိုးသားပညာရည်မြှင့်တင်ရေးတို့အတွက် ကျေးလက်ဒေသများနှင့် ပြည်နယ်များ၏ ပညာရေးကို မြှင့်တင်ပေးနိုင်ရမည်ဖြစ်သည်။

 


မိမိတို့နိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အခြေခံပညာ မူလတန်းအဆင့်ကို  မသင်မနေရပညာရေးအဖြစ်  သတ်မှတ် ထားသော်လည်း လက်ရှိနိုင်ငံ၏ အခြေအနေ၊ ကမ္ဘာ့အခြေ အနေတို့အရ  အမျိုးသားပညာရေးသည်  အနိမ့်ဆုံးအားဖြင့် အလယ်တန်း   KG+9  ပြီးမြောက်ရန်   လိုအပ်နေပြီဖြစ်ရာ နိုင်ငံတော်က ကျောင်းနေအရွယ် ကျောင်းသား ကျောင်းသူ တိုင်း အလယ်တန်းပညာပြီးမြောက်သည်အထိ အခမဲ့ပညာရေး အနေဖြင့်   မသင်မနေရအဖြစ်  တွန်းအားပေးလျက်ရှိသည်။ မိဘများနှင့် ကျောင်းသား  ကျောင်းသူများအနေဖြင့် ကျောင်း နေအရွယ်တွင် အတန်းပညာကို မဖြစ်မနေသင်ယူရန် အားထုတ် ကြိုးပမ်းကြရမည်ဖြစ်ပြီး နိုင်ငံတော်က စီမံဖော်ဆောင်ပေးလျက် ရှိသည့် ပညာရေးအခွင့်အလမ်းများကို ရယူ၍ မိမိတို့က ဘဝ မြင့်မားတိုးတက်ရေးနှင့် နိုင်ငံအတွက် တန်ဖိုးရှိသူတစ်ယောက် ဖြစ်လာရေး ကြိုးစားကြရန် တိုက်တွန်းလိုသည်။

 


လာမည့် မေလ ၂၃ ရက်မှ ၃၁ ရက်နေ့အထိသည် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး သီတင်းပတ် ဖြစ်သည်။ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်နိုင် ရေးသည်  မိဘတို့၏  အဓိကတာဝန်ဖြစ်သည့်အလျောက် ရင်သွေးငယ်တို့၏ အနာဂတ်ဘဝ သာယာလှပနိုင်ရေးအတွက် ကျောင်းအပ်နှံကြရန်လိုသည်။ သို့မှသာလျှင်   ကျေးလက်ဒေသ များနှင့်    ပြည်နယ်များ၏   ပညာရေးမြင့်မားရေးနှင့်အတူ နိုင်ငံတကာတွင်  ရင်ပေါင်တန်း  အလုပ်လုပ်နိုင်မည့်  Skill Labour ကျွမ်းကျင်အလုပ်သမားများ၊ ပညာတတ်လူ့စွမ်းအား အရင်းအမြစ်များ ထွက်ပေါ်လာနိုင်ပါမည့်အကြောင်း။             ။