ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချိမှုနှင့် ပတ်သက်၍ ပုဂ္ဂလိက ပုံနှိပ်လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန်အချက်များ တွေ့ဆုံရှင်းလင်း


 

နေပြည်တော် ဩဂုတ် ၂၂


၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ကျောင်းသုံးစာအုပ်များကို ပုဂ္ဂလိက လုပ်ငန်းရှင်များအား အပ်နှံဆောင်ရွက် ရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များ အသိပေးရှင်းလင်းခြင်းကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမကြီး ၌ ပြုလုပ်သည်။
အသိပေးရှင်းလင်းပွဲသို့ ကျောင်းသုံး စာအုပ်များ ရိုက်နှိပ်ထုတ်လုပ်ရေး ဆပ်ကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ကျောင်းသုံးစာအုပ်များ ဖြန့်ချိရေး ဆပ်ကော်မတီဥက္ကဋ္ဌ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းနှင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ ပြင်ပပုဂ္ဂလိက ပုံနှိပ်လုပ်ငန်းရှင်များ၊ စိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဆပ်ကော်မတီဥက္ကဋ္ဌများ ဖြစ်ကြသော ဒုတိယဝန်ကြီး ဦးအောင်လှ ထွန်းနှင့် ဦးဝင်းမော်ထွန်းတို့က ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ပုဂ္ဂလိကလုပ်ငန်းရှင် များသို့ လုပ်ငန်းအပ်နှံဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် ပတ်သက်၍ တွေ့ဆုံရှင်းလင်းရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ကျောင်းသုံးစာအုပ်များကို ပုံနှိပ်ထုတ်လုပ် ဖြန့်ချိရာတွင် အချိန်မီ၊ အရည်အသွေးမီ ဖြစ်စေရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ကြရန်ဖြစ်ကြောင်း ပြောကြားကြသည်။
ထို့နောက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချိရေးကော်မတီဒုတိယဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင် ၊ ကျောင်းသုံး စာအုပ်များ ဖြန့်ချိရေးဆပ်ကော်မတီ အတွင်းရေးမှူး အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းနှင့် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချိရေး ကော်မတီအတွင်းရေးမှူး ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ခေတ္တညွှန်ကြား ရေးမှူးချုပ် ဦးကိုကိုနိုင်တို့က ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ကျောင်းသုံးစာအုပ် များ ပုံနှိပ်ထုတ်လုပ်ဖြန့်ချိရေးနှင့် ပတ်သက် ၍ တင်ဒါဝင်ရောက်ယှဉ်ပြိုင်ရာတွင် ပုံနှိပ်၊ ချုပ်လုပ်၊ ထုပ်ပိုး၊ ပို့ဆောင်ခြင်းလုပ်ငန်းစဉ် အဆင့်ဆင့်၌ သိရှိလိုက်နာ ဆောင်ရွက်ရန် အချက်များ၊ စာချုပ် ချုပ်ဆိုရာတွင် လိုက်နာ ဆောင်ရွက်ရမည့်အချက်များ၊ ပုံနှိပ် လုပ်ငန်းများသို့ လုပ်ငန်းဆောင်ရွက်နိုင်မှု စစ်ဆေးရာတွင် ပါဝင်ပူးပေါင်းဆောင် ရွက်ပေးရမည့်အချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ပြင်ပပုဂ္ဂလိက လုပ်ငန်းရှင်များက သိရှိလို သည်များကို မေးမြန်းကြရာ တာဝန်ရှိသူ များက ပြန်လည်ရှင်းလင်း ဖြေကြားပြီး ဆပ်ကော်မတီဥက္ကဋ္ဌများဖြစ်သည့် ဒုတိယ ဝန်ကြီးများက လိုအပ်သည်များ ဖြည့်စွက် ဆွေးနွေးပြောကြားကြသည်။
ထို့နောက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ထုတ်လုပ် ရေးဆပ်ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။ သတင်းစဉ်