ကျေးလက်ပြည်သူများ ပညာရည်မြင့်မားရေး ဦးစားပေး၍ အားပေးမြှင့်တင်ကြရမည်

 

နိုင်ငံတော်တွင်  အသိအလိမ္မာ  ဉာဏ်ပညာချို့တဲ့၍   ဗဟုသုတ အတွေ့အကြုံ ကြွယ်ဝမှုမရှိသော နိုင်ငံသားများ၊ အမှားအမှန် ဝေဖန် ပိုင်းခြားခြင်းငှာ   မတတ်နိုင်သောနိုင်ငံသားများ၊   စဉ်းစားဉာဏ် နည်းပါး၍ သူတစ်ပါးပြောသမျှကိုသာလက်ခံလျက် နောက်ယောင်  လိုက်တတ်သောနိုင်ငံသားများ၊ စိတ်ကူးကြံဆ တီထွင်တတ်သော စွမ်းရည်သတ္တိမရှိ နှလုံးရည်ကင်းမဲ့သော   နိုင်ငံသားများ   စသည် တို့ဖြင့်သာ    ပြည့်နှက်နေပါမူ    ထိုနိုင်ငံသည်   လျင်စွာပြောင်းလဲ တိုးတက်လျက်ရှိသော ကျွန်ုပ်တို့ကမ္ဘာနှင့် အသို့လျှင် ရင်ပေါင်တန်း လိုက်နိုင်ပါအံ့နည်း။ (ပြည်သူ့နီတိ-ဆရာကြီးဦးဘဖေ)


ဒီမိုကရေစီနိုင်ငံတွင် နိုင်ငံသားပီသရေးအတွက် လိုအပ်သော အရေးကြီးဆုံး  အရည်အချင်းတစ်ရပ်မှာ “ဉာဏ်အမြော်အမြင်” (Intelligence) ဖြစ်သည်ဟုပညာရှင်တို့က ဆိုသည်။ နိုင်ငံသား တိုင်း ဉာဏ်အမြော်အမြင်ရှိစေရန်အတွက်ဆိုလျှင် အခြေခံပညာ နှင့် အတွေ့အကြုံဗဟုသုတများလိုအပ်သည်။ နောက်ထပ်အရည် အချင်းမှာ နိုင်ငံသားတိုင်း “မိမိကိုယ်ကိုထိန်းသိမ်းစောင့်စည်းနိုင် ခြင်း” (Self-Control) ဖြစ်ပြီး ယဉ်ကျေးသိမ်မွေ့ခြင်း၊ စိတ်သဘော ထားကြီးခြင်း၊ စည်းကမ်းလိုက်နာခြင်း၊ ရိုသေလေးစားစိတ်ထား ရှိခြင်းစသည်တို့သည် ကိုယ်၊ နှုတ်၊ စိတ်တို့ကို စောင့်စည်းထိန်း သိမ်းနိုင်သည့် အရည်အချင်းများဖြစ်သည်။  ထို့အပြင်နိုင်ငံသား တိုင်းသည်   “အကောင်းအဆိုးခွဲခြားတတ်သည့်   အသိစိတ်” (Conscience)  ရှိရန်လည်းလိုအပ်သည်။  အဆိုပါ  အသိစိတ်က နိုင်ငံသားတစ်ဦးအဖို့  ရိုးသားဖြောင့်မတ်စွာနှင့် ဆင်ခြင်တုံတရား ရှိစွာ လုပ်ကိုင်ဆောင်ရွက်စေရန် ထိန်းကျောင်းပေးသည်။ နိုင်ငံသား ပီသရေးအတွက်   အထက်ပါအရည်အချင်း   (၃) ရပ်ကို   ပညာ သင်ကြားခြင်းမှသာ   ရရှိနိုင်ခြင်းဖြစ်ရာ  နိုင်ငံသားတိုင်းပညာ တတ်မြောက်နိုင်စေရန်ပညာရေး၌ ရင်းနှီးမြှုပ်နှံရမည်ဖြစ်သည်။


“ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို  အခြေခံသည့်ပြည်ထောင်စု ကို ဆောင်ရွက်ရာတွင်  အဆိုပါစနစ်ကို   အကောင်အထည်ဖော် ဆောင်ရွက်သူ၊   ဦးဆောင်သူ၊  လိုက်နာကျင့်သုံးသူများအားလုံး အသိပညာ၊    အတတ်ပညာများ   ရှိရန်လိုကြောင်း၊   ထို့ကြောင့်  မိမိအနေဖြင့် ပညာရေးနှင့်ပတ်သက်၍ အားပေးဆောင်ရွက်ရန် အမြဲမပြတ် တိုက်တွန်းအားပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ တိုင်းရင်းသားပြည်သူအားလုံး စာတတ် မြောက်ရန်နှင့်   အတန်းပညာများ   တတ်မြောက်ရန်လိုကြောင်း”  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစည်းအဝေး (၃/၂၀၂၃)၌ အမှာစကားပြောကြားရာတွင်  ထည့်သွင်းပြောကြားခဲ့သည်။ မိမိတို့နိုင်ငံ၏ လူဦးရေတွင် ကျေးလက်  နေထိုင်သူဦးရေက သုံးပုံနှစ်ပုံကျော်ရှိပြီး မြို့ပြတွင်နေထိုင်သူက သုံးပုံ  တစ်ပုံခန့်ရှိသည်။ နိုင်ငံသားအားလုံး အခြေခံပညာ အလယ်တန်း အောင်မြင်ပြီးမြောက်သည်အထိ သင်ယူနိုင်စေရန် အခမဲ့ပညာရေး စနစ်ကို အလယ်တန်းအထိ သင်ကြားပေးလျက်ရှိရာ အလယ်တန်း ကျောင်းများနှင့် မူလတန်းကျောင်းများ၏ တည်ရှိမှုအချိုးအစား မှာ ကျေးလက်က မြို့ပြထက်များစွာပိုသည်။ မြန်မာနိုင်ငံနှင့်အလား တူ အိန္ဒိယနိုင်ငံ၏  ကျေးလက်ပညာရေးတွင်လည်း  ကျေးလက် ဒေသရှိ ကျောင်းများ အရည်အသွေးနိမ့်ကျခြင်း၊ ဆရာ ဆရာမ မလုံလောက်ခြင်း၊ ကျောင်းသုံးစာအုပ်နှင့် သင်ထောက်ကူပစ္စည်း များ မပြည့်စုံခြင်းတို့အပြင်  ကျေးလက်ဒေသတွင် နေထိုင်သူများ ဆင်းရဲချို့တဲ့ခြင်းဟူသောအကြောင်းတို့ကြောင့်  အလယ်တန်းပညာ ပင်မပြီးဘဲ ကျောင်းထွက်သူအများစုဖြစ်သည်ဟု ဆိုသည်။


ကျေးလက်နေပြည်သူများ ပညာရည်မြင့်မားလာရေးအတွက် ကျောင်းများ၏ ဥပဓိရုပ်ကောင်းမွန်ရေး၊ ဆရာ ဆရာမများနှင့် သင်ထောက်ကူပစ္စည်းများ ပြည့်စုံရေးအပြင် ကျောင်းနေရာခိုင်နှုန်း မြင့်မားရေးနှင့် ပညာရေးကို အားပေးလာကြရန်လည်းလိုသည်။ ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်နှင့် ဝင်ငွေအခွင့်အလမ်း မြင့်မားလာရေး၊ လူနေမှုဘဝမြင့်မားလာရေးတို့အတွက် ဆောင်ရွက် လျက်ရှိသည့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး အစီအမံများကလည်း ကျေးလက်ပြည်သူများ ပညာရည်မြင့်မားရေးကို အထောက်အကူ ပြုနိုင်မည်ဖြစ်သည်။ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသား ပြည်သူများ   ပညာရည်မြင့်မားရေးသည်  ပညာခေတ်အတွက် လိုအပ်ချက်ဖြစ်သည်နှင့်အညီ  အမျိုးသားရေးအသွင် အားပေး မြှင့်တင်ကြရမည်ဟု ယုံကြည်ပါကြောင်း။        ။