ချစ်ခင်စည်းလုံးညီညွတ်မှုဖြင့် ပြည်ထောင်စုကိုတည်ဆောက်

အချုပ်အခြာအာဏာပိုင်ဆိုင် လွတ်လပ်သောနိုင်ငံအဖြစ်   အခြေခိုင်စွာ ရပ်တည်နိုင်ရန်အတွက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည် အရေးကြီးသည်။ လွတ်လပ်ရေးကြိုးပမ်းမှုကာလက  နိုင်ငံကိုလွတ်လပ်စေလိုသော၊    နိုင်ငံကို ကောင်းစားစေလိုသော၊  နိုင်ငံကိုချစ်မြတ်နိုးသော   အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းပြည်တွင် မရှိမဖြစ်လိုအပ်သည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ပင်လုံညီလာခံတွင် အမိအရတည်ဆောက်ခဲ့သည်။ 
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၁  ရက်နေ့ ပင်လုံညီလာခံညစာစားပွဲတွင် ဗိုလ်ချုပ်အောင်ဆန်းက “တစ်တိုင်းပြည်လုံး ကြီးပွားစေချင်ရင် ဗမာက တစ်မျိုး၊ ကရင်က တစ်ဖုံ၊ ရှမ်း၊ ကချင်၊ ချင်းတို့ကတခြား အကွဲကွဲအပြားပြားလုပ်နေရင် အကျိုးရှိမှာမဟုတ်ဘူး။  စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင်မယ်။  လုပ်ကြည့်မှ လည်း သိနိုင်မယ်” ဟူ၍ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးလမ်းညွှန်ချက်ကို တိတိကျကျမိန့်ကြားခဲ့သည်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို တည်ဆောက် ခဲ့ပြီးနောက် တိုင်းရင်းသားပြည်သူများသည် ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်မှု ဖြင့် လွတ်လပ်ရေးခရီးလမ်းကို အောင်မြင်စွာတက်လှမ်းနိုင်ခဲ့သည်။


နိုင်ငံတွင်    မရှိမဖြစ်လိုအပ်သော   တိုင်းရင်းသားအချင်းချင်းညီညွတ်ရေး၊ ပြည်သူလူထုညီညွတ်ရေး ထိုနှစ်ခုကို လူတိုင်းမမေ့စေရန်အတွက် တိုင်းပြုပြည်ပြု လွှတ်တော်တွင် ဗိုလ်ချုပ်အောင်ဆန်းက  “တိုင်းရင်းသားအချင်းချင်းညီညွတ်ရေး၊ တိုင်းရင်းသားလူထုညီညွတ်ရေး၊ စားဖားသမားတွေ ညီညွတ်နေတာကို ကျွန်တော် မလိုချင်ပါဘူး။ တိုင်းသူပြည်သား လူထုညီညွတ်ရေး အဲဒီညီညွတ်ရေးနှစ်ခု မရှိသမျှ ကာလပတ်လုံး ဒီတိုင်းပြည်ဟာ လွတ်လပ်ပင် လွတ်လပ်ငြားသော်လည်း ဘယ်ပါတီ တက်တက်၊ ဘယ်အစိုးရလုပ်လုပ် . . . တိုင်းပြည်ဖြစ်နေမှာပဲလို့ ကျွန်တော်ပြောချင် တယ်။ အဲဒီနှစ်ခုကို ခင်ဗျားတို့ မပျက်ပြားပါစေနဲ့။ ဘယ်သူက ဘာလုပ်လုပ် မပျက် ပါစေနဲ့။ အဲဒါ အင်မတန် အရေးကြီးပါတယ်” ဟူ၍ တိုင်းရင်းသားစည်းလုံးညီညွတ် ရေးကို တိုင်းရင်းသားပြည်သူတိုင်း မမေ့မလျော့မပေါ့စေရန် တစ်သက်စာထောက်ပြ သွားခဲ့သည်။


ဗိုလ်ချုပ်အောင်ဆန်း မိန့်ကြားခဲ့သကဲ့သို့ တိုင်းရင်းသားအချင်းချင်းညီညွတ် ရေး၊ လူထုညီညွတ်ရေးတို့ အလွန်အရေးပါသည်ကို လက်တွေ့မြင်တွေ့နေကြရပြီ ဖြစ်သည်။   မြန်မာနိုင်ငံ   လွတ်လပ်ရေးရပြီးကတည်းက ဗိုလ်ချုပ်မှာကြားခဲ့သော အရေးကြီးသည့်ထိုနှစ်ချက်ကို  လိုက်နာရန် ပျက်ကွက်ခဲ့သည်ဟု ဆိုရမည်ဖြစ် သည်။ နိုင်ငံအတွင်း  လွတ်လပ်ရေးရပြီးသည်မှ  ယနေ့အထိတိုင် တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများ၊ လူထုအတွင်းပြဿနာများ၊ ပါတီချင်းမညီညွတ်မှုများ ကြိမ်ဖန်များစွာဖြစ်ခဲ့ရသည်။ စည်းလုံးညီညွတ်ရေး  အားနည်းသောကြောင့် တိုင်းပြည်ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး ပျက်ပြားခဲ့ရသည်။ ဖွံ့ဖြိုးတိုးတက် ရေးနှင့် အလှမ်းဝေးရသည်။


မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးကတည်းက ပါလီမန်ဒီမိုကရေစီစနစ်၊ ဆိုရှယ်လစ်ဒီမိုကရေစီစနစ်၊ ပါတီစုံဒီမိုကရေစီစနစ်တို့ကို ဖော်ဆောင်ခဲ့ကြသည်။ ဒီမိုကရေစီစနစ်၏အနှစ်သာရကို ကြည့်လျှင်ဖြစ်စေ၊ နိုင်ငံတကာဒီမိုကရေစီနိုင်ငံ များ၏ အစဉ်အလာကိုကြည့်လျှင်ဖြစ်စေ မတူကွဲပြားသောနိုင်ငံရေးအယူအဆအရ လွတ်လပ်စွာသဘောကွဲလွဲကြသော်လည်း တိုင်းပြည်အရေးအတွက်မူ တစ်သဘော တည်းရှိကြသည်။ ပြည်သူလူထုအကျိုးစီးပွား၊ တိုင်းပြည်အကျိုးစီးပွားကို ပိုမို အလေးထားသောကြောင့် ထိုတိုင်းပြည်တို့သည်   ဒီမိုကရေစီထွန်းကားသည်။ တိုင်းပြည်တိုးတက်သည်။ ဒီမိုကရေစီနည်းလမ်းအရ လွတ်လပ်စွာ ဆန္ဒဖော်ထုတ် သော်လည်း စည်းကမ်းလိုက်နာကြသည်။ တိုင်းပြည်ပျက်စီးစေမည့် အခြေအနေမျိုး ကို ရှောင်ရှားကြသည်။


ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းပြည်၏အနာဂတ်ကိုမြော်မြင်၍ ကြိုတင် မှာကြားခဲ့သည်။ တိုင်းပြည်အတွက်အလွန်အရေးကြီးသော တိုင်းရင်းသားညီညွတ် ရေး၊ လူထုညီညွတ်ရေးတို့  မပျက်ပြားစေရန်  သတိပေးခဲ့သည်။   ယင်းညီညွတ် ရေးနှစ်ခု ပြိုကွဲပျက်စီးပါက တိုင်းပြည်ပြိုလဲ ပြိုကွဲသွားနိုင်သည်ကို သတိချပ်ရမည် ဖြစ်သည်။ မညီညွတ်သည့်အခါ ပြည်တွင်း၊ ပြည်ပ ပယောဂအမျိုးမျိုးတို့ ထိုးဖောက် ဝင်ရောက်လာတတ်သည်။   တိုင်းရင်းသားများနှင့်လူထု    ထိုနှစ်ခုညီညွတ်ကြ သောအခါ ၁၉၄၇ - ၄၈ ခုနှစ်က လွတ်လပ်ရေးအောင်ပန်းကို လှမ်းဆွတ်ချူနိုင်သလို လွတ်လပ်ပြီးကာလများ၌ တိုင်းပြည်ဖွံ့ဖြိုးရေး၊ ကြီးပွားရေးတွင်စည်းလုံးရမည်။


သို့ဖြစ်ရာ မြန်မာနိုင်ငံသည် ပြည်ထောင်စုနိုင်ငံဖြစ်၍ တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး၊ ပြည်သူလူထုအချင်းချင်း ညီညွတ်ရေးသည် အထူးအရေးကြီးသည်။ ပြည်ထောင်စုကြီးတစ်ခုလုံးတွင် ညီညွတ်ရေးဖြင့် ချစ်ချစ်ခင်ခင်လက်တွဲပူးပေါင်း နေထိုင်ကြမည်ဆိုလျှင် အေးချမ်းသာယာဝပြောသည့် ပြည်ထောင်စု၊ တိုင်းရင်းသား ပြည်သူများမျှော်မှန်းသည့် ပြည်ထောင်စုကြီးပေါ်ထွန်းနေမည်ဖြစ်ပါကြောင်း။   ။