
ပါရီ အောက်တိုဘာ ၂၄
ပြင်သစ်နိုင်ငံသည် ကမ္ဘာတစ်ဝန်းလုံးရှိ ၎င်း၏တပ်ဖွဲ့ဝင်အားလုံးနှင့် လျင်မြန်စွာ ဆက်သွယ်နိုင်စေရန် ဒီဇိုင်းဆွဲထားသည့် ခေတ်အမီဆုံး ဂြိုဟ်တုတစ်စင်းကို ဂြိုဟ်ပတ်လမ်းထဲသို့ အောင်မြင်စွာ လွှတ်တင်လိုက်ကြောင်း သိရသည်။
ပြင်သစ်အစိုးရသည် ၂၀၁၉ ခုနှစ် ဇူလိုင်လက အာကာသတပ်ဖွဲ့ကို ဖွဲ့စည်း ထူထောင်ခဲ့သည်။
ပြင်သစ်နိုင်ငံသည် မြေပြင်နှင့် အာကာသအတွင်း ကာကွယ်ရေး အဆင့်မြှင့်တင်ရန် အဆိုပါဂြိုဟ်တုကို ဒီဇိုင်းဆွဲထုတ်လုပ်ထားခြင်း ဖြစ်ကြောင်း ပြင်သစ်လေတပ်နှင့် အာကာသတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စတယ်ဖနီစပက်က အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားသည်။
Syracuse 4A satellite အား တင်ဆောင်သည့် Ariana 5 ဒုံးပျံသည် ပြင်သစ်နိုင်ငံ၏ ပင်လယ်ရပ်ခြားဒေသ တစ်ခုဖြစ်သည့် ဂွီယားနားပြည်နယ် ခုရီယိုမြို့မှ ယမန်နေ့က ထွက်ခွာ ပျံသန်းခဲ့ပြီး ၃၈ မိနစ် ၄၁ စက္ကန့်အတွင်း ၎င်း၏ခရီးစဉ်ကို အပြီးသတ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် အဆိုပါဂြိုဟ်တုသည် ၎င်း၏အနီးအနားပတ်ဝန်းကျင်ကို စူးစမ်း လေ့လာနိုင်မည်ဖြစ်သလို တိုက်ခိုက်မှု တစ်ခုမှလွတ်မြောက်နိုင်ရန် ၎င်းကိုယ်တိုင် က ရွေ့လျားနိုင်ကြောင်း သိရသည်။
ပြင်သစ်နိုင်ငံသည် ၎င်း၏ ဂြိုဟ်တု များအား ကာကွယ်နိုင်မှုစွမ်းဆောင်ရည် ကို စမ်းသပ်ရန် အာကာသထဲ၌ ပထမဆုံး စစ်ရေးလေ့ကျင့်မှုကို ယခုနှစ် မတ်လက စတင်ပြုလုပ်ခဲ့ရာ အာကာသထဲတွင် ပြင်သစ်တပ်မတော်၏ ပထမဆုံး စစ်ရေးလေ့ကျင့်မှုတစ်ရပ် ဖြစ်လာသလို ဥရောပတိုက်တွင်လည်း ပထမဆုံး စစ်ရေး လေ့ကျင့်မှုတစ်ရပ် ဖြစ်လာခဲ့ သည်။
ကိုးကား - အေအက်ဖ်ပီ
ဘာသာပြန် - ဂျေတီ