ခေတ်မီလူထုဆက်သွယ်ရေးနည်းလမ်းများ သရုပ်ပြအလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ခေတ်မီလူထုဆက်သွယ်ရေးနည်းလမ်းများ သရုပ်ပြအလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

===========================================================

 

နေပြည်တော် စက်တင်ဘာ ၃၀

 

Information Matrix က ကြီးမှူးကျင်းပသော ခေတ်မီလူထုဆက်သွယ်ရေး နည်းလမ်းများ သရုပ်ပြအလုပ်ရုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများက ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမမှ ချိတ်ဆက်ပါဝင်တက်ရောက်ကြပြီး Information Matrix နှင့် Sprinklr မှ တာဝန်ရှိသူများ၊ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်သည့် ပြန်ကြားရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများက သက်ဆိုင်ရာနေရာများမှ ချိတ်ဆက်တက်ရောက်ကြသည်။

 

အရှိန်အဟုန်ဖြင့် ပေါ်ပေါက်လာ

 

သရုပ်ပြအလုပ်ရုံဆွေးနွေးပွဲ၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အဖွင့်အမှာစကားပြောကြားရာတွင် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပုံနှိပ် မီဒီယာ၊ ရေဒီယို၊ ရုပ်မြင်သံကြား စသည့် သမားရိုးကျမီဒီယာများကို လူထု ဆက်သွယ်ရေးမီဒီယာအဖြစ် အသုံးပြုလျက်ရှိရာမှ ယခုအခါ မီဒီယာအသစ်သည် လျင်မြန်သော အရှိန်အဟုန်ဖြင့် ပေါ်ပေါက်လာပါကြောင်း၊ မီဒီယာအသစ်နှင့် ပတ်သက်၍ မိမိတို့ဝန်ထမ်းများအနေဖြင့် လေ့လာဆည်းပူးခြင်း၊ ဌာနတွင်း ဆွေးနွေးပွဲများ ကျင်းပပြီး အချင်းချင်းနားလည်တတ်ကျွမ်းမှု မျှဝေခြင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုကဲ့သို့ မီဒီယာအသစ်နှင့်ပတ်သက်ပြီး ပိုမို သိရှိနားလည်အောင် ခေတ်မီလူထုဆက်သွယ်ရေးနည်းလမ်းများ သရုပ်ပြ အလုပ်ရုံဆွေးနွေးပွဲကို ပြုလုပ်ပေးသည့်အတွက် Information Matrix နှင့် Sprinklr တို့ကို ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။

 

ထို့နောက် Information Matrix အမှုဆောင်အရာရှိချုပ် ဦးသောင်းစုငြိမ်းက နှုတ်ခွန်းဆက်စကား ပြောကြားသည်။

 

ဆက်လက်၍ Sprinklr မှ Enterprise Account Executive, Mr. Nicolas Cael နှင့် Solution Consultant, Mr. Valentin Dura တို့က ခေတ်မီလူထု ဆက်သွယ်ရေးနည်းလမ်းများ အသုံးပြုပုံနှင့်ပတ်သက်၍ ရှင်းလင်းပြသကြသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ကြသူများက သိရှိလိုသည်များကို မေးမြန်းကြရာ အမှုဆောင်အရာရှိ ချုပ် ဦးသောင်းစုငြိမ်း၊ Mr. Nicolas Cael နှင့် Mr. Valentin Dura တို့က ပြန်လည်ရှင်းလင်းဖြေကြားကြသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

 

အဆိုပါ သရုပ်ပြအလုပ်ရုံဆွေးနွေးပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများနှင့် လုပ်ငန်းတို့မှ အရာထမ်း၊ အမှုထမ်း ၃၃ ဦး ပါဝင်တက်ရောက်ခဲ့ကြ သည်။

 

ယနေ့ ကျင်းပသည့် သရုပ်ပြအလုပ်ရုံဆွေးနွေးပွဲသည် Information Matrix နှင့် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် အခြေစိုက်သည့် Sprinklr ကုမ္ပဏီတို့ ပူးပေါင်းပြီး ပြန်ကြားရေးဝန်ကြီးဌာနက ဆောင်ရွက်နေသည့် ပြန်ကြားပေးခြင်း၊ ပညာပေးခြင်း၊ ဖျော်ဖြေပေးခြင်းတို့ကို လုပ်ဆောင်ရာတွင် သတင်းအချက်အလက်နည်းပညာနှင့် ခေတ်မီလူထုဆက်သွယ်ရေးနည်းလမ်း များ အသုံးပြုနိုင်ပုံကို သရုပ်ပြရှင်းလင်းတင်ပြသည့် အလုပ်ရုံဆွေးနွေးပွဲဖြစ်သည်။

 

 

သတင်းစဉ်