
နေပြည်တော် နိုဝင်ဘာ ၄
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၃ ရက် နံနက် ၁၀ နာရီခွဲ တွင် ချမ်းမြသာစည်မြို့နယ် မြို့သစ်အမှတ်(၃)ရပ်ကွက် ၁၀၇ လမ်းနှင့် ၁၀၈ လမ်းကြားရှိ စားသောက်ဆိုင်ရှေ့တွင် စိုင်းထွေး၊ မနန်းငင်းဆိနှင့် သက်မင်းစိုး (ခ)ရွှေသီးတို့အား မသင်္ကာဖွယ်တွေ့ရှိ သဖြင့် စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၀ ဒသမ ၂၉၇ ကီလို သိမ်းဆည်းရမိခဲ့သည်။
နိုဝင်ဘာ ၂ ရက် မွန်းလွဲ ၃ နာရီခွဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရေးမြို့နယ် ခေါဇာမြို့ အမှတ်(၁)ရပ်ကွက်တွင်တွေ့ရှိသူ ဝင်းအောင် ကျော်နှင့် ကိုဦးတို့အား စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၉၄ ပြားကိုလည်းကောင်း။
ထို့အတူ နိုဝင်ဘာ ၃ ရက် ညနေ ၄ နာရီတွင် ကျိုင်းတုံမြို့နယ် မိုင်းလန်းကျေးရွာအုပ်စု ဝမ်ကန် ကျေးရွာအနီးတွင် အိုက်ရီ(ခ)အိုက်ပင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၂၀၀၀ ကိုလည်းကောင်း။
ယင်းနေ့ ည ၇ နာရီ ၃၅ မိနစ် တွင် တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်တွင် မြင့်ကျော်(ခ) အသေးလေးကို မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိ ခဲ့သဖြင့် ၎င်းတို့အား မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲပြန်ကြား