ချမ်းမြသာစည်မြို့နယ်အတွင်း အကြမ်းဖက်သူများ လက်ပစ်ဗုံးများဖြင့် ပစ်ပေါက်မှုကြောင့် အသက် ငါးနှစ်အရွယ် အပြစ်မဲ့မိန်းကလေးတစ်ဦး သေဆုံး

နေပြည်တော်  ဒီဇင်ဘာ  ၇


မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်အတွင်း အကြမ်းဖက် သမားများ၏ လက်ပစ်ဗုံးပစ်ပေါက်မှုကြောင့်  အသက်ငါးနှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ဒီဇင်ဘာ ၆ ရက် ညနေ ၆ နာရီခွဲခန့်တွင် မန္တလေးတိုင်း ဒေသကြီး ချမ်းမြသာစည်မြို့နယ် ၁၁၀ လမ်း၊ ၄၅ x ၄၆ လမ်းကြားရှိ အောင်သာယာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား   အကြမ်းဖက်သမား များက  ဆိုင်ကယ်နှစ်စီးဖြင့်  လာရောက်၍  လက်ပစ်ဗုံးနှစ်လုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့သည်။ ယင်းသို့ ပစ်ပေါက်ခဲ့ခြင်းကြောင့် ၁၁၀ လမ်းဘေးရှိ ကွမ်းယာဆိုင်အနီး  ကျရောက်ပေါက်ကွဲခဲ့ပြီး ကွမ်းယာဆိုင် အတွင်းရှိ အသက်ငါးနှစ်အရွယ် မိန်းကလေးတစ်ဦးတွင် ဗုံးစထိမှန် ဒဏ်ရာများ ပြင်းထန်စွာရရှိခဲ့သဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသခဲ့သော်လည်း ရရှိဒဏ်ရာများကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။


အသက်ငါးနှစ်အရွယ်  အပြစ်မဲ့မိန်းကလေးတစ်ဦး   သေဆုံး သည်အထိ အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်ခဲ့သူများကို အမြန်ဆုံး ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေမှုများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် ဒေသခံပြည်သူများမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြပါရန် မေတ္တာ ရပ်ခံတိုက်တွန်းထားပါကြောင်း သိရသည်။                

   သတင်းစဉ်