
အောင်ထက်လင်း (ကြိမ်ချောင်း)
မြန်မာနိုင်ငံသည် ခြင်မှတစ်ဆင့် ဖြစ်ပွားရသော ရောဂါဘယမျိုးစုံကို ပုံမှန်ခံစားရလေ့ရှိသည့် နိုင်ငံ ဖြစ်သည်။ ခြင်ကိုက်ခံရမှုကြောင့် ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၊ ငှက်ဖျားရောဂါနှင့် ဆင်ခြေထောက်ရောဂါ တို့ကို ခံစားရလေ့ရှိသည်။ သက်ဆိုင်ရာ ကျန်းမာရေး ဌာနများက မိုးရာသီတွင် အဖြစ်များသည့် သွေးလွန် တုပ်ကွေးရောဂါနှင့် ဂျပန်ဦးနှောက်ရောင်ရောဂါ များ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆောင်ရန်၊ ရှောင်ရန် အချက်များကို ထုတ်ပြန်ထားပြီးဖြစ်သည်။ သွေးလွန်တုပ်ကွေးရောဂါသည် သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်ပိုး သယ်ဆောင်ထားသော နေ့အချိန်တွင် ကိုက်လေ့ရှိသည့် ခြင်ကျားကြောင့်ဖြစ်သည်။ ဂျပန် ဦးနှောက်ရောင်ရောဂါသည် ညနေစောင်း နေဝင် ရီတရောအချိန်တွင် ကိုက်လေ့ရှိသည့် ရောဂါပိုး သယ်ဆောင်သော ကျူးလက်စ်ခြင် အကိုက်ခံရခြင်း မှတစ်ဆင့် လူများအား ရောဂါကူးစက်ပျံ့နှံ့စေသည်။ ခြင်ကိုက်မခံရစေရန် နည်းမျိုးစုံဖြင့် ကြိုတင် ကာကွယ်နိုင်သည်။ ခြင်ဆေးခွေများ ထွန်းညှိခြင်း သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ခြင်ဆေး ခွေကြောင့် ခြင်အကိုက်ခံရခြင်းမှ သက်သာရာ ရရှိသော်လည်း လူအများစုမှာ ခြင်ဆေးခွေ ထွန်းညှိ ရာမှထွက်ပေါ်လာသော အခိုးအငွေ့အန္တရာယ်ကို သတိပြုမိလေ့မရှိပေ။
ခြင်ဆေးခွေနှင့် ကျန်းမာရေး
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း ကမ္ဘာတစ်ဝန်း ထုတ်လုပ်နေကြသော အချို့သော ခြင်ဆေးခွေ များတွင် ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင် သော မီပါဖလူသရင် (Meperfluthrin) ပိုးသတ်ဆေး ပါဝင်ရမည့် ပမာဏထက် ကျော်လွန်ပါဝင်နေ ကြောင်း ဆိုထားသည်။ ခြင်ဆေးခွေ၏ အခိုးအငွေ့ သည် လူတို့၏ ကျန်းမာရေးကို ဆိုးရွာစွာထိခိုက် စေနိုင်ပါသည်။ ခြင်ဆေးခွေအချို့တွင် ဓာတု ပိုးသတ်ဆေးများအနက် အပြင်းအထန်ဆုံးဟု သတ်မှတ်ထားသော S2 ပိုးသတ်ဆေး၊ လွှစာမှုန့်၊ ဗိုက်တာကော်၊ ဆိုးဆေးနှင့် ဓာတုအမွှေးအကြိုင်တို့ ပါဝင်လေ့ရှိသည်။ ဓာတုအဆိပ်တစ်မျိုးဖြစ်သည့် ဘန်ဇိုင်းကာစီနိုဂျင်လည်း ပါဝင်လေ့ရှိရာ ယင်း အဆိပ်အခိုးအငွေ့များသည် အသက်ရှူ လမ်းကြောင်းမှတစ်ဆင့် ရိုးတွင်းခြင်ဆီအထိ ရောက်ရှိသွားနိုင်သည်။ အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါများကို ဖြစ်ပွားစေနိုင်သည်။ နုနယ်သော ကလေးငယ်များအနီးတွင် ခြင်ဆေးခွေ ထွန်းညှိခြင်းသည် အသက်အန္တရာယ်ကို အချိန်မရွေး ဖြစ်စေနိုင်ကြောင်း ဆေးပညာရှင်များက မှတ်ချက် ပြုကြသည်။
ဒေသအချို့တွင် ညအိပ်စဉ် တိုက်ခန်းတံခါး၊ အိပ်ခန်းတံခါးများ အလုံပိတ်ကာ ခြင်ဆေးခွေ ထွန်းညှိ၍ အိပ်စက်တတ်သည့် အလေ့အထကြောင့် အသက်ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ရသည့် သာဓက များစွာ ရှိခဲ့ပြီးဖြစ်သည်။
ခြင်ဆေးခွေ၏ ဘေးထွက်ဆိုးကျိုးများ
၁၈၉ဝ ပြည့်နှစ်က ဂျပန်စီးပွားရေးသမား အီချီယိုယူရီရှီးမား စတင်တီထွင်ခဲ့သော ခြင်ဆေးခွေ သည် ခြင်များမလာစေရန် ဟန့်တားနိုင်သော်လည်း ယခုအခါ အနီးပတ်ဝန်းကျင်ရှိ လူသားများအတွက် ဘေးထွက်ဆိုးကျိုးဖြစ်ပေါ်စေကြောင်း သိမြင်မှုများ တဖြည်းဖြည်းကျယ်ပြန့်လာပြီဖြစ်သည်။ ထို့ကြောင့်တာဝန်ရှိသူများအနေဖြင့် အများပြည်သူတို့၏ ကျန်းမာရေးကို ဆိုးရွားစွာ ဖြစ်ပေါ်လာစေနိုင်သည့် ခြင်ဆေးခွေ၏ အန္တရာယ်ကို ကြိုတင်ကာကွယ်နိုင် ရေးအတွက် အိမ်နီးချင်းနိုင်ငံများမှ တရားမဝင် တင်သွင်းလာသည့် ခြင်ဆေးခွေများကို တားဆီး ပိတ်ပင်ခြင်း၊ ပြည်တွင်းထုတ် ခြင်ဆေးခွေများတွင် ဖော်ပြထားသည့် ဓာတုအဆိပ်ပစ္စည်းအမျိုးအစားနှင့်ပမာဏတို့ မှန်ကန်မှု ရှိ၊ မရှိကို ပုံမှန်စစ်ဆေးခြင်း၊ ရှောင်တခင်စစ်ဆေးခြင်းတို့ကို အလေးထား လုပ်ဆောင်သင့်သည်။ အများပြည်သူတို့ အနေဖြင့် လည်း ခြင်ဆေးခွေ၏ အခိုးအငွေ့ကြောင့် ဖြစ်ပေါ် လာနိုင်သည့် ဘေးထွက်ဆိုးကျိုးများကို အထူး သတိပြုကြရန် လိုအပ်သည်။
သွေးလွန်တုပ်ကွေးရောဂါ ကုသခြင်း
ရန်ကုန်မြို့ရှိ ဆေးခန်းအချို့၌ လာရောက်ပြသ သော ကလေးလူနာအများစုတွင် သွေးလွန် တုပ်ကွေးရောဂါလက္ခဏာများ တွေ့ရှိနေရကြောင်း အထွေထွေရောဂါကုဆရာဝန်တစ်ဦးက ပြောကြားသည်။
သွေးလွန်တုပ်ကွေး၏ အဓိကပြဿနာမှာ သွေးလန့်ခြင်းဖြစ်ပြီး သွေးလန့်ခြင်းကို စောစောသိ ရှိရန် လိုအပ်ကြောင်း ကလေးအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာစောဝင်းက သွေးလွန်တုပ်ကွေး အကြောင်း သိကောင်းစရာ အမေးအဖြေကဏ္ဍတွင် ပြောကြားခဲ့သည်။
“လတ်တလောကတော့ အဖျားအလွန်ကြီး တယ်။ သွေးလွန်တုပ်ကွေးဖြစ်တဲ့သူ များတယ်။ ကလေးငါးဦးမှာ နှစ်ဦးလောက်က သွေးလွန် တုပ်ကွေးဖြစ်နေတယ်။ သွေးလန့်တာက ဖျားပြီး သုံးရက်ကနေ ငါးရက်အတွင်းမှာ ခန္ဓာကိုယ်ရဲ့ သွေးကြောထဲမှာရှိတဲ့ သွေးရည်ကြည်က အပြင်ကို ထွက်သွားတယ်။ အဲဒီအခါ သွေးလည်ပတ်မှု မကောင်းတော့ဘူး။ အဲဒီလိုဖြစ်တဲ့အချိန်မှာ ကလေး က အဖျားကတော့ ကျသွားတယ်။ မလန်းဆန်းဘူး၊ မှိန်းနေတယ်၊ မစားဘူး၊ မသောက်ဘူး၊ ဗိုက်နာတယ်၊ ကလေးကြီးတွေမှာဆိုရင် မူးပြီးလဲတာတွေရှိတယ်။ ဆရာဝန်တွေအနေနဲ့ စမ်းသပ်ကြည့်ရင် သွေးခုန်နှုန်း က မြန်လာတယ်။ အပေါ်သွေးနဲ့ အောက်သွေးက ၂ဝ အောက်ပဲ ကွာတော့တယ်။ ဒီထက်ဆိုးရွားရင် ကလေးက ခြေ၊ လက်တွေ အေးစက်လာတယ်။ ဒီထက်မှိန်းသွားတယ်၊ ကယောင်ကတမ်းဖြစ်တယ်၊
သွေးလန့်တဲ့အချိန်က လူတိုင်းမှာမဖြစ်ဘူး။ ပြင်းထန်တဲ့လူတွေမှာဖြစ်တယ်။ သွေးလန့်တာကို စောစောသိဖို့လိုတယ်။ စောစောသိမှ လိုအပ်တဲ့ အကြောဆေးကို ထည့်ပေးရမယ်။ သွေးလန့်တဲ့ အချိန်က တိုတိုနဲ့ မြန်မြန်ကောင်းလေလေ ကလေး ကုသမှုရဲ့ အကျိုးကျေးဇူးကရှိလေလေပါ။ သွေးလွန် တုပ်ကွေးနဲ့ အသက်ဆုံးရှုံးရတာက သွေးလန့်ချိန်ကြာသွားရင်ဖြစ်တယ်” ဟု ပါမောက္ခဒေါက်တာ စောဝင်းက ပြောကြားသည်။
ကပ်ရောဂါအသွင်ဖြစ်ပွားမှု
မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း သွေးလွန် တုပ်ကွေးရောဂါ ဖြစ်ပွားနှုန်းသည် ဇန်နဝါရီ ၁ ရက် မှ ဇွန် ၉ ရက်အထိ ၃၅၆၂ ဦးရှိပြီး သေဆုံးသူ ၁၁ ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။ သွေးလွန်တုပ်ကွေး ကပ်ရောဂါအသွင်ဖြစ်ပွားမှုမှာ နှစ်နှစ်တစ်ကြိမ် (သို့) သုံးနှစ်တစ်ကြိမ် ဖြစ်ပွားလေ့ ရှိကြောင်းနှင့် မြန်မာနိုင်ငံတွင် ၂၀၀၇၊ ၂၀၁၁၊ ၂၀၁၃၊ ၂၀၁၅ ခုနှစ်များတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှု နှုန်း များပြားခဲ့ကြောင်း သိရသည်။
သွေးလွန်တုပ်ကွေးသည် ဖြစ်ပွားပုံမှာ ရုတ်တရက်အဖျားကျကာ ခြေများ၊ လက်များ အေးစက်ခြင်း၊ မှိန်းခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ အစာမစားခြင်း၊ ရေမသောက်ခြင်း၊ နှာခေါင်း သွေးယိုခြင်း၊ ဝမ်းမည်းမည်းသွားခြင်း၊ ဗိုက်နာခြင်း၊ မကြာခဏအန်ခြင်း၊ ဆက်တိုက်အန်ခြင်း၊ အန်ဖတ် ထဲတွင် ကော်ဖီအရောင်ဖြစ်ခြင်းနှင့် အမည်းဖတ် များပါခြင်းစသော သွေးလန့်သည့် လက္ခဏာ တစ်ခုခုဖြစ်ပေါ်ပါက ဆေးရုံသို့ အမြန်ဆုံးပို့ရန် ကျန်းမာရေးဌာနက အသိပေးနှိုးဆော်ထားသည်။
သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရန်
သွေးလွန်တုပ်ကွေးရောဂါကို သယ်ဆောင်သည့် ခြင်ကျားသည် နေအိမ်တွင်းနှင့် နေအိမ် ပတ်ဝန်းကျင်ရှိ ရေကြည်ရေသန့်တွင် ပေါက်ပွားခြင်း ဖြစ်သည့်အတွက် လက်တွေ့ကျပြီး ထိရောက်သော နည်းဗျူဟာများကိုသုံးကာ ခြင်ပေါက်ပွားရန် နေရာ များ လုံးဝမရှိအောင် ဆောင်ရွက်ပါက သွေးလွန် တုပ်ကွေးရောဂါဖြစ်ရန် အကြောင်းမရှိပါ။ ခြင်ဥမှ လောက်လမ်းပေါက်ပွားခြင်းနှင့် သက်ကြီးခြင်ကျားကောင်အဖြစ်သို့ ရောက်ရှိခြင်းမရှိစေရန် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းနည်းဗျူဟာများအပြင် ပန်းအိုး၊ ရေအိုးစသည်တို့၏ အတွင်းနံရံများကို ပွတ်တိုက် ဆေးကြောခြင်းပြုလုပ်မှသာ ထိရောက်စွာ ကာကွယ် နှိမ်နင်းနိုင်မည်ဖြစ်သည်။ နေအိမ်ပတ်ဝန်းကျင် တွင် ခြင်ခိုအောင်းနိုင်သည့် နေရာများကို ဖယ်ရှားရှင်းလင်းခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေး လုပ်ငန်းများကို ပြည်သူများကိုယ်တိုင် ပါဝင် ဆောင်ရွက်ခြင်းတို့ ပြုလုပ်မှသာလျှင် ရောဂါ ဖြစ်ပွားမှုများ သိသာစွာကျဆင်းလာမည်ဖြစ်သည်။
မိုးရာသီတွင်ဖြစ်ပွားတတ်သောရောဂါများ
ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဝမ်းကိုက်ရောဂါနှင့် အူရောင်ငန်းဖျားရောဂါများကို လက်ကို စင်ကြယ် စွာ ဆေးကြောခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းမှု ကောင်းမွန်ခြင်း၊ သန့်ရှင်းသော သောက်သုံးရေနှင့် အစားအသောက်ကို စားသုံးခြင်း၊ ပတ်ဝန်းကျင် သန့်ရှင်းမှုကောင်းခြင်းတို့ဖြင့် ကာကွယ်နိုင်သည်။ ကိုဗစ်-၁၉ ပညာပေးနှိုးဆော်မှုကြောင့် ယခုအခါ ပြည်သူများတွင် အသက်ရှူလမ်းကြောင်းမှ တစ်ဆင့် ကူးစက်တတ်သောရောဂါများ ကာကွယ်ရေး အတွက် အသိပညာဗဟုသုတများ ယခင်ကထက် ပိုမိုကြွယ်ဝလာပြီဖြစ်၍ ရာသီတုပ်ကွေးကိုလည်း အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်မည်ဟု မျှော်လင့်ရသည်။
ဝမ်းပျက်ဝမ်းလျှောရောဂါ
အစားအစာ မသန့်ရှင်းခြင်း၊ ယင်နားအစာ စားခြင်းနှင့် လက်မသန့်ရှင်းခြင်း၊ အလှူအတန်းများ မှာ ချက်ပြုတ်ရာတွင် သန့်ရှင်းမှုအားနည်းခြင်းတို့ကြောင့် ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားတတ် သည်။ ကာကွယ်နိုင်သည့် နည်းလမ်းများမှာ ယင်လုံအိမ်သာ အသုံးပြုခြင်း၊ ယင်ကောင်ပေါက်ပွား မှုမရှိစေရန် အမှိုက်များကို စနစ်တကျစွန့်ပစ်ခြင်း၊ အစားအသောက်များကို ယင်မနားစေရန် ဖုံးအုပ် ထားခြင်း၊ ရေကို ကျိုချက်သောက်ခြင်း၊ ဆပ်ပြာနှင့် လက်ဆေးခြင်းတို့ဖြစ်သည်။ အော့အန်ခြင်း၊ အရည်ဝမ်းသွားခြင်း၊ အင်အားကုန်ခန်းခြင်း၊ ကြွက်တက်ခြင်း၊ သတိလစ်ခြင်းတို့ဖြစ်ပြီး အသက် သေဆုံးသည်အထိ ဖြစ်ပေါ်နိုင်သည်။ ရောဂါဖြစ်ပွား ပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ သွားရောက်ကာ ဆေးကုသမှုခံယူသင့်သည်။
အဆုတ်ရောင်ရောဂါ
နမိုးနီးယား (ခ) အဆုတ်ရောဂါ (ခ) အဆုတ် ရောင်ရောဂါသည် မိုးရွာသည့်အခါ ရေထဲမှာ လမ်းလျှောက်ခြင်း၊ ရေထဲတွင် အနေကြာသည့် ကလေးငယ်များသည် နမိုးနီးယားရနိုင်ကြောင်း သိရသည်။ အသက်ရှူကျပ်ခြင်း၊ အသက်ရှူမဝခြင်း၊ လက်များနှင့် နှုတ်ခမ်းများပြာခြင်းတို့ ဖြစ်ပွားပါက အချိန်မီ ဆေးဝါးကုသမှုခံယူရန် လိုအပ်သည်။
ကလေးများ သေဆုံးမှုများသည့် ရောဂါများ
မြန်မာနိုင်ငံရှိ ငါးနှစ်အောက် ကလေးသေဆုံးမှု ၁၂ ရာခိုင်နှုန်းသည် အသက်ရှူလမ်းကြောင်း ရောဂါ ပိုးဝင်ခြင်းနှင့် ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ဖြစ်သည်ဟု ကျန်းမာရေးစစ်တမ်းများတွင် ဖော်ပြ ထားသည်။ ကမ္ဘာတစ်ဝန်း အဆုတ်ရောင်ရောဂါ ကြောင့် စက္ကန့် ၂၀ တိုင်းတွင် ကလေးတစ်ဦးနှုန်း သေဆုံးနေရပြီး မြန်မာနိုင်ငံတွင် အရှင်မွေးကလေး တစ်ထောင်လျှင် ၁၀ ဦးနှုန်းခန့် တစ်နှစ်မပြည့်မီ သေဆုံးနေရကာ ငါးနှစ်အောက် ကလေးသူငယ်များ သေဆုံးနှုန်းမြင့်မားသည့် ရောဂါဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထား သည်။ နမိုးနီးယား (ခ) အဆုတ်ရောင်ရောဂါသည် ဗက်တီးရီးယားပိုးကြောင့်ဖြစ်ပွားသော ရောဂါ တစ်မျိုးဖြစ်သည်။ ဆေးလိပ်ငွေ့၊ မီးသွေးငွေ့၊ မော်တော်ကားအိတ်ဇောငွေ့နှင့် စက်ရုံမီးခိုးငွေ့ စသည့် လေထုညစ်ညမ်းမှုများကြောင့် အသက်ရှူ လမ်းကြောင်းမှတစ်ဆင့် ပိုးဝင်ရာမှ ကူးစက်တတ် ပြီး ယင်းပိုးသယ်ဆောင်ထားသူ ချောင်းဆိုးရာမှ ကူးစက်နိုင်သည်။
ရောဂါပြင်းထန်လျှင် ၂၄ နာရီအတွင်း သေဆုံး နိုင်ပြီး ချောင်းဆိုးရုံသာမက အဖျားကြီးခြင်း၊ ရင်ဘတ်အောက်ချိုင့်ဝင်ခြင်း၊ နို့မစို့ခြင်း၊ တက်ခြင်း၊ ကယောင်ချောက်ချားဖြစ်ခြင်း စသည့် လက္ခဏာ များပြလျှင် ဆေးရုံဆေးခန်းသို့ သွားရောက်ကာ ကုသမှုခံယူရန် လိုအပ်သည်။
ပြည်သူများအနေဖြင့် မိုးရာသီတွင် ဖြစ်ပွား တတ်သော သွေးလွန်တုပ်ကွေးနှင့် အခြားရောဂါ များ မဖြစ်ပွားရလေအောင် ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ချက်များကို လိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်းရေးသားလိုက်ရပါသည်။ ။
- Log in to post comments