
ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ဆမီးမြို့တို့ရှိ တိုက်ပွဲရှောင်အိမ်ထောင်စုများ၊ သက်ကြီးဘိုးဘွားများအတွက်
ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်နှင့် ပုံမှန်စားနပ်ရိက္ခာ ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်
====================================================================
နေပြည်တော် ဩဂုတ် ၃၁
ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ဆမီးမြို့တို့ရှိ တိုက်ပွဲရှောင်အိမ်ထောင်စုများ၊ အသက် (၈၀)နှင့်အထက် (၈၅)နှစ်အောက် ဘိုးဘွားများအတွက် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ်အရ ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ် ခြင်းနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ပုံမှန် စားနပ်ရိက္ခာထောက်ပံ့မှုအစီအစဉ်အရ ပလက်ဝမြို့နယ် တိန်းလက်ဝကျေးရွာရှိ တိုက်ပွဲရှောင်သူများအတွက် စားနပ်ရိက္ခာသုံးလစာ လွှဲပြောင်းပေးအပ်ခြင်း အခမ်း အနားကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၌ ယနေ့မွန်းလွဲပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
ပါဝင်တက်ရောက်
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ချင်းပြည်နယ် ဝန်ကြီးချုပ် ဆလိုင်း လျန်လွယ်၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ချင်းပြည်နယ် လူမှုရေးဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ချင်း ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့မှ ကိုယ်တိုင်ပါဝင်ဆောင်ရွက် ပေးကြသော ညွှန်ကြားရေးမှူးများ ပါဝင်တက်ရောက်ကြ သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ပြည်နယ်ငါးခုရှိ တိုက်ပွဲ ရှောင်စခန်းများနှင့် IDP စခန်းများတွင်နေထိုင်ကြသည့် အိမ်ထောင်စုများအတွက် စားနပ်ရိက္ခာများဝယ်ယူနိုင်ရန် အိမ်ထောင်စုအလိုက် ငွေကြေးထောက်ပံ့ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနအနေ ဖြင့် အသက်(၈၀) နှင့်အထက် (၈၅)နှစ်အောက် ဘိုးဘွားများ အား ကိုဗစ်-၁၉ ကာလ အထူးလူမှုကာကွယ်စောင့်ရှောက်ရေး ထောက်ပံ့မှုများ ပေးအပ်လျက်ရှိကြောင်း၊ ပြန်လည် ထူထောင်ရေးဦးစီးဌာနအနေဖြင့် ထပ်မံစာရင်းကောက်ယူ ရရှိသော မသန်စွမ်းသူများအား ငွေကြေးထောက်ပံ့ခြင်းများ ကို ပေးအပ်လျက်ရှိကြောင်း။
ဖြေရှင်းဆောင်ရွက်
ထို့အပြင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန က ၂၀၂၀ ပြည့်နှစ် မတ်လမှစတင်၍ ဆောင်ရွက်လျက်ရှိ သော ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင် ပြင်ဆင်ရေးစီမံချက်များအရ တိုက်ပွဲရှောင်စခန်းများ၊ IDP စခန်းများတွင် ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေးခြင်းကို ကျယ်ပြန့်ထိရောက်စွာနှင့် စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်နိုင်ရန် အသိပညာပေးနှိုးဆော်အကြံပြုချက် များ ထည့်သွင်းထားသော Memory Stick များနှင့် လက်ကိုင်အသံချဲ့စက်များ ပံ့ပိုးခြင်း၊ နှာခေါင်းစည်း၊ Face Shield ၊ လက်ဆေးဆပ်ပြာ၊ ဘေစင်၊ အပူချိန်တိုင်း ကိရိယာများနှင့် ရေရရှိရေးပံ့ပိုးပေးခြင်း၊ စခန်းများတွင် သံသယလူနာတွေ့ရှိပါက သီးခြားခွဲ၍ နေထိုင်နိုင်ရန် Long House များ တည်ဆောက်နိုင်ရန် ပံ့ပိုးပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုထောက်ပံ့မှုများသည် ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများ၏အခက်အခဲများ ကို လက်တွေ့ဖြေရှင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း။
ပူးပေါင်းပါဝင်ရန်လို
ထို့အပြင် ချင်းပြည်နယ်အတွင်း မိမိတို့ဝန်ကြီးဌာန က ပုံမှန်ဆောင်ရွက်လျက်ရှိသော လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများကို ကိုဗစ်-၁၉ စည်းကမ်းချက် များနှင့်အညီ အရှိန်အဟုန်မပျက် ဆက်လက်၍ အကောင် အထည်ဖော်သွားမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်တွင် ယခုအခါ၌ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှု များပြားလာ သဖြင့်လည်းကောင်း၊ ချင်းပြည်နယ်သည် ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုများပြားသော အိန္ဒိယနိုင်ငံနှင့် ဆက်စပ်မှု ရှိသောကြောင့်လည်းကောင်း အထူးသတိပြုရန်နှင့် မိမိတို့အနေဖြင့် လိုအပ်ချက်များကို ပူးပေါင်းဖြေရှင်း ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ချင်းပြည်နယ် ပြည်သူများ ကလည်း ပူးပေါင်းပါဝင်ပေးကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားသည်။
လက်ဝယ်ပေးအပ်မည်
ယင်းနောက် ချင်းပြည်နယ် ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်က ချင်းပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင် စခန်းနှင့် IDP စခန်းများတွင် နေထိုင်ကြသူများ၊ ပြည်နယ် အတွင်းရှိ သက်ကြီးရွယ်အို ဘိုးဘွားများအတွက် ထောက်ပံ့ မှုများကို အကျိုးခံစားခွင့်ရှိသူများ လက်ဝယ်အရောက် ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ထောက်ပံ့မှုများ အတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းဆောင်ရွက်မှုများကို စနစ်တကျ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ပလက်ဝနှင့် ဆမီးမြို့တို့ရှိ တိုက်ပွဲရှောင် အိမ်ထောင်စု ၁၉၈၂ စုအတွက် ထောက်ပံ့ငွေကျပ် ၇၉ ဒသမ ၂၈ သန်း၊ တိန်းလက်ဝကျေးရွာရှိ တိုက်ပွဲရှောင် အိမ်ထောင်စု ၁၇၉ စု၊ လူဦးရေ ၉၂၁ ဦးအတွက် စားနပ်ရိက္ခာသုံးလစာ ထောက်ပံ့ငွေကျပ် ၃၃၃၃၀၉၀၀၊ ပလက်ဝမြို့နယ်အတွင်းရှိ အသက်(၈၀)နှစ်နှင့်အထက် (၈၅) နှစ်အောက် ဘိုးဘွား ၁၈၄ ဦးအတွက် ထောက်ပံ့ ငွေကျပ် ၅ ဒသမ ၅၂ သန်းတို့ကို ချင်းပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် လူမှုဝန်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူးများက ချင်းပြည်နယ် ဝန်ကြီးချုပ်ထံ လွှဲပြောင်းပေးအပ်သည်။
ချင်းပြည်နယ်အတွင်း စာရင်းကောက်ယူရရှိသော မသန်စွမ်းသူဦးရေ ၆၁၃၀ တို့အတွက် လွှဲအပ်ပြီးဖြစ်သော ငွေကျပ် ၁၈၃ ဒသမ ၉ သန်းကို မသန်စွမ်းသူများ လက်ဝယ် အရောက် ပေးအပ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်