
ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် အုပ်စု(၂) ပွဲစဉ်များကို ဆက်လက် ယှဉ်ပြိုင် ကစားလျက်ရှိရာ စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်း က ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ် များတွင် နာမည်ကြီး မန်စီးတီး၊ ရီးရဲမက်ဒရစ်၊ အေစီမီလန်၊ ပီအက်စ်ဂျီအသင်းတို့ နိုင်ပွဲ ကိုယ်စီရရှိခဲ့ပြီး ဂျူဗင်တပ်စ် အသင်း ရှုံးနိမ့်ခဲ့သည်။
မန်စီးတီးအသင်းနှင့် ဒေါ့မွန် အသင်းတို့ပွဲစဉ်တွင် မန်စီးတီး အသင်းသည် စတုန်းစ်၊ ဟာလန်း တို့၏ နောက်ကျသွင်းဂိုးများ ဖြင့် အနိုင်ရရှိခဲ့သည်။ အဆိုပါ ပွဲစဉ်တွင် ဒေါ့မွန်အသင်းသည် ပုံမှန်ခြေစွမ်းအောက်ရောက်ခဲ့ပြီး မန်စီးတီးအသင်းကို ခက်ခက်ခဲခဲ ယှဉ်ပြိုင်ကစားခဲ့ရသည်။ ဦးဆောင်ဂိုးကို ဒေါ့မွန်အသင်းက ရရှိခဲ့ပြီး ပွဲချိန် ၅၆ မိနစ်တွင် ဘယ်လင်ဂမ်က သွင်းယူပေးခဲ့သည်။ မန်စီးတီး အသင်းအတွက် သွင်းဂိုးများကို စတုန်းစ်နှင့် ဟာလန်းတို့က ပွဲချိန် မိနစ် ၈၀ နှင့် ၈၄ တွင် သွင်းယူပေးခဲ့သည်။ မန်စီးတီးအသင်းသည် ယခု အနိုင်ပွဲကြောင့် နှစ်ပွဲကစား နှစ်ပွဲနိုင် ရမှတ်ခြောက်မှတ်ဖြင့် အမှတ်ပေး ဇယားကို ဦးဆောင်ထားသည်။
အမှတ်ပေးဇယားကို ဦးဆောင်
ရီးရဲမက်ဒရစ်အသင်းနှင့် လိုက်ပ်ဇစ်အသင်းတို့ပွဲစဉ်တွင် ရီးရဲ မက်ဒရစ်အသင်းက နှစ်ဂိုးပြတ် အနိုင်ရရှိခဲ့သည်။ အဆိုပါပွဲစဉ်တွင် ရီးရဲမက်ဒရစ်အသင်းမှ အဓိကတိုက်စစ်မှူး ဘင်ဇီမာ ပါဝင်လာနိုင်ခြင်း မရှိသော်လည်း မိနစ် ၈၀ တွင် ဗယ်ဗာဒီ၊ မိနစ် ၉၀ တွင် အေဆန်စီယိုတို့၏ သွင်းဂိုးများနှင့်အတူ နှစ်ဂိုးပြတ် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ရီးရဲမက်ဒရစ် အသင်းသည် ယခုအနိုင်ပွဲကြောင့် နှစ်ပွဲကစား နှစ်ပွဲနိုင် ရမှတ်ခြောက်မှတ် ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်ထားသည်။
အခြားသော ပွဲစဉ်ရလဒ်များတွင် အေစီမီလန်အသင်းက ဒိုင်နမို ဇာဂရက်ကို သုံးဂိုး-တစ်ဂိုး၊ နာပိုလီက ရိန်းဂျားကို သုံးဂိုးပြတ်၊ ဘင်ဖီ ကာက ဂျူဗင်တပ်စ်ကို နှစ်ဂိုး-တစ်ဂိုး၊ ပီအက်စ်ဂျီက မက္ကာဘီဟိုင်ဖာကို သုံးဂိုး-တစ်ဂိုး ဖြင့် အနိုင်ရရှိခဲ့ပြီး ချယ်ဆီးနှင့် ဆောလ်ဘတ်တို့ပွဲစဉ်တွင် တစ်ဖက်တစ်ဂိုးစီ၊ ရှက်တာဒိုးနက်နှင့် ဆဲလ်တစ်တို့ပွဲ စဉ်တွင် တစ်ဖက် တစ်ဂိုးစီ သရေကျခဲ့ပြီး ကိုပင်ဟေဂင်နှင့် ဆီဗီလာအသင်းတို့ပွဲစဉ်တွင် လည်း ဂိုးမရှိ သရေကျခဲ့သည်။
အောင်ဇော်