
ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမ အကျော့မှ ချယ်ဆီးနှင့် ရီးရဲမက်ဒရစ် ၊ ဗီလာရီးရဲနှင့် ဘိုင်ယန် မြူးနစ်အသင်းတို့ ပွဲစဉ်ကို ဧပြီ ၇ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ ရီးရဲမက်ဒရစ်၊ ဗီလာရီးရဲအသင်းတို့ အနိုင် ရရှိကာ နောက်တစ်ဆင့်တက်ရောက်ရန် အခွင့်အရေးကောင်း ပိုင်ဆိုင်ခဲ့သည်။
ချယ်ဆီးနှင့် ရီးရဲမက်ဒရစ်အသင်းတို့ပွဲစဉ်တွင် ချယ်ဆီး အသင်းသည် ရီးရဲမက်ဒရစ်အသင်းကို ဘောလုံးပိုင်ဆိုင်မှု အသာ၊ ဂိုးကန်သွင်းမှုအသာဖြင့် ပွဲချိန်တစ်လျှောက် ဖိအားပေး ကစားနိုင်ခဲ့သော်လည်း ရရှိလာသည့် အခွင့်အရေးများကို အသင်းကစားသမားများ ဂိုးအဖြစ် မပြောင်းလဲနိုင်မှုနှင့် ရီးရဲမက်ဒရစ်အသင်းဂိုးသမား ကော့တွိုက်စ် လက်စွမ်းပြကာကွယ်ထားနိုင်မှုတို့ကြောင့် ဂိုးပြတ်ရှုံးပွဲနှင့် ကြုံတွေ့ခဲ့ခြင်း ဖြစ်သည်။
ပွဲချိန် ၂၁ မိနစ်တွင် ဘင်ဇီမာ ဂိုးသွင်းယူနိုင်ခဲ့သည့်အတွက် ရီးရဲမက်ဒရစ် အသင်း ဦးဆောင်ဂိုးရရှိခဲ့သည်။ ဒုတိယဂိုးကို ပွဲချိန် ၂၄ မိနစ်တွင် ဘင်ဇီမာကပင် သွင်းယူပေးခဲ့သည်။ ချယ်ဆီးအသင်းအတွက် ချေပဂိုးကို မိနစ် ၄၀ တွင် ဟာဗက်ဇ်က သွင်းယူပေးခဲ့သည်။ ရီးရဲမက်ဒရစ်အသင်း အတွက် အနိုင်သေချာစေမည့် တတိယဂိုးကို ပွဲချိန် ၄၆ မိနစ်တွင် ဘင်ဇီမာက ထပ်မံသွင်းယူပေးခဲ့သည်။
ဗီလာရီးရဲနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့ပွဲစဉ်တွင် ပွဲချိန် ၈ မိနစ်၌ ရရှိခဲ့သော ဒန်ဂျွန်မာ၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် ဗီလာရီးရဲ အသင်းက အနိုင်ရရှိခဲ့သည်။ ပွဲချိန် ၄၁ မိနစ်တွင် ဗီလာရီးရဲအသင်းမှ ကိုကွီလင် ဂိုးသွင်းယူနိုင်ခဲ့သော်လည်း ဗီအေအာရ်က ပယ်ဖျက်ခဲ့သည်။ ဘိုင်ယန်မြူးနစ်အသင်းသည် ဂိုးကန်သွင်းမှု ၂၂ ကြိမ်တွင် ဂိုးပေါက် တည့်မတ်မှု လေးကြိမ်ရှိခဲ့သော်လည်း ဂိုးအဖြစ်ပြောင်းလဲနိုင်ခြင်း မရှိခဲ့ချေ။
အောင်ဇော်