
ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် အုပ်စုပွဲစဉ် (၄) အဖြစ် နာမည်ကြီး လီဗာပူးနှင့် အက်သလက်တီကို မက်ဒရစ်အသင်းတို့ ပွဲစဉ်ကို နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းက အန်းဖီးလ်၌ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရာ လီဗာပူး အသင်းက နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိပြီး အုပ်စုပွဲစဉ်များ မပြီးဆုံးမီ ချန်ပီယံလိဂ်ပြိုင်ပွဲ ၁၆ သင်း အဆင့်သို့ စောစီးစွာ တက်လှမ်းနိုင်ခဲ့သည်။
အောက်တိုဘာ ၂၀ ရက်က ပထမအကျော့အဖြစ် ယှဉ်ပြိုင်ကစားခဲ့ သည့် အက်သလက်တီကို မက်ဒရစ်အသင်း၏ အိမ်ကွင်းတွင်လည်း လီဗာပူးအသင်းက သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ထို့ကြောင့် အက်သလက်တီကို မက်ဒရစ်အသင်းသည် ပထမအကျော့က ရှုံးကြွေး ကို ပြန်ဆပ်ရန်အတွက် လည်းကောင်း၊ ရမှတ်လိုအပ်ချက်အရ လည်းကောင်း ယနေ့ပွဲစဉ်တွင် လီဗာပူးအသင်းကို အားထားရသည့် ကစားသမား အစုံအလင်ဖြင့် ရင်ဆိုင်လာခဲ့သည်။
အက်သလက်တီကို မက်ဒရစ်အသင်းသည် ပထမအကျော့ပြိုင်ပွဲ ပွဲချိန် ၅၂ မိနစ်တွင် အသင်းမှ အဓိက ကစားသမား ဂရစ်ဇ်မန်းကို အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရသလို ယနေ့ပွဲစဉ်တွင်လည်း ပွဲချိန် ၃၆ မိနစ်၌ ဖီးလစ်ကို အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရသည်။ ထို့ကြောင့် လီဗာပူးအသင်းသည် တစ်ယောက်လျော့ အက်သလက်တီကိုမက်ဒရစ် အသင်းကို ဘောလုံးပိုင်ဆိုင်မှုအသာ၊ ခြေအသာ၊ ဂိုးကန်သွင်းခွင့်အသာ ဖြင့် ထိန်းချုပ် ကစားနိုင်ခဲ့သည်။
လီဗာပူးအသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် ၁၃ မိနစ်တွင် ဂျိုတာက သွင်းယူပေးပြီး ဒုတိယဂိုးကို ပွဲချိန် ၂၁ မိနစ်တွင် မာနေးက သွင်းယူပေးခဲ့ သည်။ ပွဲချိန် ၄၈ မိနစ်တွင် လီဗာပူးအသင်းမှ ဂျိုတာ ဂိုးသွင်း ယူနိုင်ခဲ့ သော်လည်း ဗွီအေအာရ်က ပယ်ဖျက်ခဲ့သောကြောင့် နစ်နာခဲ့ရသလို အက်သလက်တီကိုမက်ဒရစ်အသင်းမှ ဆွာရက်ဇ် ပွဲချိန် ၅၇ မိနစ်တွင် ဂိုးသွင်းယူနိုင်ခဲ့သော်လည်း ဗွီအေအာရ်က ပယ်ဖျက်ခဲ့သောကြောင့် နစ်နာခဲ့ရသည်။ ထို့နောက်တွင် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ထိုးဖောက်မှုများရှိသော်လည်း ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်း မရှိသော ကြောင့် လီဗာပူးအသင်းက နှစ်ဂိုးပြတ် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
လီဗာပူးအသင်းသည် ယခုအနိုင်ပွဲကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စု (B) တွင် လေးပွဲကစား လေးပွဲနိုင် ရမှတ် ၁၂ မှတ်ဖြင့် ချန်ပီယံလိဂ် ပြိုင်ပွဲ နောက်တစ်ဆင့်သို့ စောစီးစွာ တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ပြိုင်ဘက် အက်သလက်တီကို မက်ဒရစ်အသင်းက လေးပွဲကစားပြီး လေးမှတ်သာရရှိထားသောကြောင့် နောက်တစ်ဆင့် တက်ရောက်နိုင်ရန် အတွက် လက်ကျန်ပွဲစဉ်များတွင် ရလဒ်ကောင်းရရှိရန် ကစားရဦးမည် ဖြစ်သည်။
အခြားသောချန်ပီယံလိဂ်ပွဲစဉ်ရလဒ်များတွင် ရီးရဲမက်ဒရစ်က ရှက်တာဒိုးနက်ကို နှစ်ဂိုး-တစ်ဂိုး၊ မန်စီးတီးက ကလပ်ဘရုဂ်ကို လေးဂိုး-တစ်ဂိုး၊ အိုင်းယက်စ်က ဒေါ့မွန်ကို သုံးဂိုး-တစ်ဂိုး၊ စပို့တင်း လစ္စဘွန်း က ဘက်ဆီးတပ်စ်ကို လေးဂိုး-ဂိုးမရှိ၊ အင်တာမီလန်က ရှီးရစ်ဖ်ကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အေစီမီလန်နှင့် ပေါ်တို အသင်းတို့ပွဲစဉ်တွင် တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သလို လိုက်ပ်ဇစ်နှင့် ပီအက်စ်ဂျီအသင်းတို့ပွဲစဉ်တွင်လည်း တစ်ဖက်နှစ်ဂိုးစီဖြင့် သရေကျခဲ့ သည်။
အုပ်စုပွဲစဉ်များ မပြီးဆုံးမီ ချန်ပီယံလိဂ်ပြိုင်ပွဲ နောက်တစ်ဆင့်သို့ လီဗာပူးအသင်းအပြင် အိုင်းယက်စ်၊ ဘိုင်ယန်မြူးနစ်၊ ဂျူဗင်တပ်စ် အသင်းတို့လည်း တက်ရောက်ထားနိုင်သည်။
အောင်ဇော်