ခရီးသွားခြင်းနှင့် စိန်ခေါ်မှုကိုကျော်လွှား

အယ်ဒီတာ့အာဘော်

=========

 

ခရီးသွားခြင်းနှင့် စိန်ခေါ်မှုကိုကျော်လွှား

=====================

ပြည်သူအားလုံး၏ တူညီသည့် အပြင်းပြဆုံးဆန္ဒမှာ ခရီးသွားခြင်းဖြစ်သည်။ နေရာတစ်ခုခုတွင် နေထိုင်မှုအချိန် ကြာလာသည်နှင့်အမျှ အပြောင်းအလဲ အနေဖြင့် ခရီးသွားချင်ကြသည်မှာ သဘာဝဖြစ်သည်။ ယင်းသည် လူတို့၏စိတ်သန္တာန်၌ ဖြစ်လေ့ရှိသည့် ပြင်းပြသောဆန္ဒဖြစ်သည်။ ခရီး သွားခြင်းသည် စိတ်နှလုံးရွှင်လန်းစေပြီး မွန်းကျပ်နေသော စိတ်ခံစားချက် များကို ပြေလျော့စေကာ ပေါ့ပါးလန်းဆန်း၍ ကိုယ်စိတ်နှစ်ပါးကျန်းမာခြင်းကို ဖြစ်စေသည်။

ယခုအခါ ကိုဗစ်-၁၉ ကပ်ရောဂါ တစ်ကမ္ဘာလုံး ဖြစ်ပွားနေဆဲဖြစ်၍ မြန်မာနိုင်ငံတွင် ခရီးအသွားအလာများ ကန့်သတ်ထားသည်မှာ ကိုးလကျော် မျှရှိပြီဖြစ်သည်။ ကိုဗစ်-၁၉ ကပ်ရောဂါကာလတွင် စိန်ခေါ်မှုအခက်အခဲများ ရှိနေသည့်ကြားမှ ပြည်သူအားလုံးတို့၏ တူညီသည့်ဆန္ဒကို ဆိုရပါလျှင် ခရီးသွားလိုခြင်းဖြစ်သည်။ ယခုအခါ ပြည်သူများ၏ ပြင်းပြသည့် ဆန္ဒများကို အထိုက်အလျောက်ဖြည့်ဆည်းနိုင်ရန် စမ်းသပ်ဆောင်ရွက်မှုများ စတင် လုပ်ဆောင်လာသည်ကို တွေ့ရသည်။

 

ပြည်သူလူထု၏ ပုံမှန်နေထိုင်မှုဘဝကို ပြန်လည်ရရှိစေရန် ပဏာမ ကြိုးပမ်းမှုကို စတင်လိုက်သည်။ အထူးသဖြင့် Stay at Home မသတ်မှတ် သည့်ဒေသများတွင် ခရီးသွားလာခြင်းဆိုင်ရာ ဖြေလျှော့မှုများကို စမ်းသပ် လုပ်ဆောင်နေပြီ။ ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် ယာယီရပ်ဆိုင်း ထားသည့် ပြည်တွင်းလေကြောင်းလိုင်းများကို ပြီးခဲ့သည့်ရက်များက ပြန်လည်ဖွင့်လှစ်ပြေးဆွဲပေးနေပြီး ယခုအခါ အပျော်စီးလေယာဉ်ခရီးစဉ် များ၊ ရန်ကုန်မြစ်ကြောင်းတစ်လျှောက် နှစ်ထပ်အပျော်စီးသင်္ဘော ပြေးဆွဲခြင်း အစီအစဉ်များကို စတင်လိုက်ပြီဖြစ်သည်။ ရန်ကုန်မြစ်ကြောင်း အပျော်စီး ခရီးစဉ်အတွက် ကျန်းမာရေးစည်းကမ်းနှင့်အညီ လိုက်ပါနိုင်ပြီး အပျော်စီး လေယာဉ်ခရီးစဉ်အတွက် ရောဂါရှိ၊ မရှိစစ်ဆေးပြီးမှ လိုက်ပါခွင့်ပြုသဖြင့် ရောဂါအန္တရာယ်ကင်းနိုင်သည်ဟု မျှော်လင့်ထားသည်။ ပြည်တွင်းလေကြောင်း ခရီးစဉ်များတွင်လည်း ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများအတိုင်း ဆောင်ရွက်ထားသဖြင့် လျော်ကန်သင့်မြတ်သည်ဟု ယူဆပါသည်။

စိန်ခေါ်မှုအခက်အခဲများကို ကျော်လွှားရာတွင် လက်တွေ့ရင်ဆိုင်ပြီး စနစ်တကျဖြေရှင်းနိုင်ပါလျှင် အောင်မြင်မှုရနိုင်ကာ စိန်ခေါ်မှုကိုစိုးရွံ့ပြီး ရှောင်လွှဲနေမည်ဆိုလျှင် မည်သည့်အခါမျှ ကျော်လွှားဖြတ်သန်းနိုင်မည် မဟုတ်ပြီ။ မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်အလွန်ကာလတွင် အခက်အခဲများ၊ ကြုံတွေ့ရမည့် လူမှုစီးပွားအခြေအနေများ ပြန်လည်ဦးမော့လာရန် ကြိုတင် ပြင်ဆင်ဆောင်ရွက်နေသည်ဖြစ်ရာ ယခုခရီးသွားလုပ်ငန်းများကို ကနဦး စတင်စမ်းသပ်ဆောင်ရွက်လိုက်ခြင်းသည် အခြေအနေကောင်းဖြစ်သည်။ ကမ္ဘာပေါ်တွင် နိုင်ငံစီးပွားဖွံ့ဖြိုးရေးနှင့် ပြည်သူများအလုပ်အကိုင် အဆင်ပြေ ရေးကို ခရီးသွားလုပ်ငန်းက များစွာအထောက်အကူပြုနေသည်ကို တွေ့ရမည် ဖြစ်သည်။

 

ယခုဖြစ်ပွားနေဆဲဖြစ်သော ကိုဗစ်-၁၉ ကြောင့် ထိခိုက်မှုအရှိဆုံး လုပ်ငန်းများတွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းသည် ရှေ့တန်းမှပါဝင်နေသည် ကို တွေ့ရမည်ဖြစ်သည်။ ကိုဗစ်မတိုင်မီက မြန်မာနိုင်ငံတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးလာစေရန် ပြုပြင်ပြောင်းလဲ ဖြေလျှော့ပေးနိုင် မှုကြောင့် ၂၀၁၆ ခုနှစ်တွင် ပြည်ပခရီးသွား နှစ်သန်းကျော် လာရောက်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ခရီးသွား လေးသန်းကျော်အထိ နှစ်ဆတိုးတက်လာသည်။ ယခုနှစ် ၂၀၂၀ ပြည့်နှစ်တွင် ခရီးသွား ငါးသန်းနှင့် ၂၀၂၁ ခုနှစ်တွင် ခရီးသွား ခြောက်သန်းအထိ ဝင်ရောက်လာရန် မျှော်မှန်းစီစဉ်ထားသည်။ သို့သော် ယခု ၂၀၂၀ ပြည့်နှစ် နှစ်ဦးတွင် တစ်လလျှင် ခရီးသွား လေးသိန်းကျော် ဝင်ရောက်နေသဖြင့် မျှော်မှန်းသည့်အတိုင်း ပြည့်မီနိုင်မည့် လမ်းကြောင်း ပေါ်သို့ ရောက်ရှိနေစဉ် ၂၀၂၀ ပြည့်နှစ် မတ်လမှစတင်၍ ကိုဗစ်ရောဂါဖြစ်ပွား လာသဖြင့် ခရီးသွားလုပ်ငန်း ရပ်ဆိုင်းသွားခဲ့သည်။

 

ယခုအခါ ပြည်တွင်းခရီးသွားလုပ်ငန်း၊ အပန်းဖြေခရီးလုပ်ငန်း အစီအစဉ်များ စတင်စမ်းသပ်အကောင်အထည်ဖော်လာရာ ကိုဗစ်-၁၉ ရောဂါကျန်းမာရေး စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်ပါက ခရီးသွားလုပ်ငန်းမှအစပြု၍ ကိုဗစ်-၁၉ ကို ကျော်လွှားနိုင်မည်ဟု ယုံကြည်ပါသည်။ ထို့အပြင် ပြည်တွင်းသာမက ပြည်ပနှင့်ပါ ကူးလူးဆက်သွယ်မှုများ မြန်မြန်ဆန်ဆန် ပြန်လည်အသက် ဝင်လာရေးအတွက် ကျန်းမာရေးစည်းမျဉ်းများနှင့်အညီ ဝိုင်းဝန်းလက်တွဲ လိုက်နာအကောင်အထည်ဖော်နိုင်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း။ ။