ခရီးတစ်ခုမှရရှိခဲ့သည့် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်တို့၏ နောက်ကွယ်မှ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အတွေးတစ်စ

Type


 

တာရာ

 

ကိုဗစ်-၁၉ ကြောင့် မွန်းကျပ်နေတဲ့စိတ်ဖိစီးမှုတို့ကို အထိုက်အလျောက်လျှော့ချစေလိုသော ရည်ရွယ်ချက်ဖြင့် နေ့စဉ်ကျင်လည်နေရသည့် လူမှုဘဝမှ ခဏတာရုန်းထွက်ကာ နေပြည်တော်မှ မိုင် ၂၀၀ ခန့်ဝေးသည့် မြန်မာနိုင်ငံအလယ်ပိုင်း မြေလတ်ဒေသတစ်ခုကို ပြီးခဲ့သည့်ဇွန်လက ခရီးစတင်ဖြစ်ခဲ့သည်။ 
၁၉  မိုင်ခန့်  ခရီးဆန့်မိသည့်အခါ  ကံပြားသို့  ၇၉  မိုင်ဆိုသည့် လမ်းညွှန်တစ်ခုကိုတွေ့ခဲ့ရပြီး ထိုလမ်းညွှန်အတိုင်း  တောင်တက် တောင်ဆင်းလမ်းများကို  ခရီးနှင်ခဲ့ရာ  လမ်းဘေးဝဲယာတွင်  အနိမ့် အမြင့်မညီ သဘာဝအတိုင်းတည်ရှိနေသည့် သစ်ပင်သစ်တောများကို  တွေ့ခဲ့ရသည်။ 
တောင်ထိပ်အမြင့်ပိုင်းကိုရောက်၍   ခရီးတစ်ထောက်နားကာ သဘာဝအလှအပကို   ခံစားကြည့်မိပြန်ရာ   ဥတုရာသီတောကိုမှီ၏ ဆိုသည့်အတိုင်း အေးမြလတ်ဆတ်သည့် လေထု၏ ထိတွေ့မှုနှင့်အတူ   အပေါ်မှစီးမိုး၍ မြင်ရသည့်အတွက် အချို့တောင်များသည် ခပ်ပြေပြေ  တောင်ကုန်းများ၊ ကုန်းပြင်မြင့်များသဖွယ် နိမ့်နေသယောင် ထင်မြင် ရသည်။ 
တောင်များပေါ်တွင် ပေါက်ရောက်နေသည့် အချို့အပင်များသည် နွေကာလမှာ ရေမဝခဲ့သဖြင့် အရိုးပြိုင်းပြိုင်း၊ အချို့ကတော့ ဝသန္တမိုး လရာသီ  ရေရပြီမို့ သန်သန်စွမ်းစွမ်း၊ စနစ်တကျ စိုက်ပျိုးထားခြင်း မဟုတ်သော်လည်း သဘာဝမို့ ပန်းချီကားတစ်ချပ်ကဲ့သို့ လှပနေသည်။ အချို့နေရာများတွင် ကျဲပါးနေသည့် သစ်ပင်သစ်တောများ၊ အချို့ နေရာများတွင်  ဝါးများကို ခုတ်ထားပြီး တစ်နေရာရာကိုပို့ရန် စီစဉ် ထားသည့်  ဝါးစည်းများကို  တွေ့မြင်ခဲ့ရသဖြင့်  သဘာဝသစ်ပင်၊ သစ်တောများ ပြုန်းတီးမည့်အရေးကို တွေးတောပူပန်မိပြန်ပါသည်။ 
ဆက်စပ်၍စဉ်းစားမိသည်မှာ    သစ်တောများ   ပြုန်းတီးလာပြီး တောကိုမှီရသည့် ဥတုရာသီ၊ ဂေဟစနစ်များ ယိုယွင်းပျက်စီးလာ သည်ကာ သဘာဝဘေးအန္တရာယ်ဖြစ်ပွားစေနိုင်သည့် အကြောင်း တရားများသည်  တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာခြင်းဖြစ်သည်။ 
မြို့ပြနှင့်စက်မှုလုပ်ငန်းများဖွံ့ဖြိုးလာမှု၊ မွေးမြူရေးလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများမှ နိုက်ထရိုဂျင်ဓာတ်မြေသြဇာများ အလွန်အကျွံ သုံးစွဲမှုတို့ကြောင့် မီသိန်းဓာတ်ငွေ့နှင့် ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ် မှုများကလည်း  သိသိသာသာ တိုးတက်လျက်ရှိသည်။
သစ်တောများပြုန်းတီး ရာသီဥတုပြောင်းလဲ
အပင်များ အစာချက်လုပ်သည့်လုပ်ငန်းစဉ်သည် ကာဗွန်ဒိုင် အောက်ဆိုက်ကိုစုပ်ယူပြီး သန့်ရှင်းသောအောက်ဆီဂျင်ကို လေထု ထဲသို့ ပြန်ထုတ်ပေးရခြင်းဖြစ်သည်။ သစ်တောများသည် ဖန်လုံအိမ် ဓာတ်ငွေ့ကို ပျောက်အောင်လုပ်ပေးနိုင်သည့် သဘာဝအရင်းအမြစ် တစ်ခုဖြစ်ရာ ဖန်လုံအိမ်ဓာတ်ငွေ့မြင့်တက်လာနေသည့် ယခုကဲ့သို့ အချိန်တွင် သစ်ပင်များကို ဖျက်ဆီးလိုက်ခြင်း၊ သစ်တောများပြုန်းတီး လာခြင်းသည်   ရာသီဥတုပြောင်းလဲမှု  ဖြစ်စဉ်များကို  အရှိန်အဟုန် မြှင့်ပေးလိုက်သကဲ့သို့ ဖြစ်နေသည်။ 
ထိုကဲ့သို့ ဖန်လုံအိမ်ဓာတ်ငွေ့များကြောင့် ကမ္ဘာကြီးပူနွေးလာကာ   မုန်တိုင်း၊ ဒီရေလှိုင်း၊ ရေလွှမ်းမိုးခြင်း၊ မြေပြိုခြင်း၊ မြေငလျင်၊ ဆူနာမီ၊ မိုးခေါင်ခြင်း၊ မီးဘေးအန္တရာယ်နှင့် တောမီးအန္တရာယ်  စသည်ဖြင့် သဘာဝဘေးအန္တရာယ်ကျရောက်မှု   ဖြစ်စဉ်များလည်း   မကြာခဏ ဖြစ်ပွားလာသည်ကို တွေ့ရသည်။ 
ရာသီဥတုပြောင်းလဲမှုဖြစ်စဉ် မုန်တိုင်းနှင့်ဆက်စပ်၍ မြန်မာနိုင်ငံ တွင်ဖြစ်ပေါ်ခဲ့သည့်   သဘာဝဘေးအန္တရာယ်တစ်ခုကို    အမှတ်ရမိ ပြန်ပါသည်။ ၂၀၀၈ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သည့် နာဂစ်မုန်တိုင်းသည် မြန်မာနိုင်ငံသမိုင်းတွင် အဆိုးရွားဆုံးသော သဘာဝဘေးအန္တရာယ် တစ်ခုဖြစ်သည်။   လူဦးရေတစ်သိန်းဝန်းကျင်     သေဆုံးခဲ့ကြရပြီး ကြီးမားသော ပျက်စီးဆုံးရှုံးမှုများကို ဖြစ်ပေါ်စေခဲ့သည်။
မြန်မာနိုင်ငံ၏ ရေ၊ မြေ၊ တော၊ တောင် သဘာဝအနေအထားအရ ၂၀၁၁ ခုနှစ်မှ ၂၀၂၀ပြည့်နှစ်အထိ ၁၀ နှစ်တာကာလအတွင်း ဖြစ်ပွား ခဲ့သည့် သဘာဝဘေးအန္တရာယ်များကို လေ့လာကြည့်မည်ဆိုပါက  ၂၃  ရာခိုင်နှုန်းမှာ  မီးဘေးကြောင့်ဖြစ်ပွားခဲ့ပြီး  ၁၁  ရာခိုင်နှုန်းမှာ  ရေလွှမ်းမိုးမှု၊   ၁၂    ရာခိုင်နှုန်းမှာ   လေပြင်းမုန်တိုင်း   ကျရောက်မှု၊ ၄ ရာခိုင်နှုန်းမှာ မြေငလျင်လှုပ်ခြင်း၊ ဆူနာမီနှင့် မြေပြိုခြင်းများကြောင့် ဖြစ်သည်။ 
ကမ္ဘာတစ်ဝန်းတွင် ရာသီဥတုပြောင်းလဲမှု၏ ဆိုးကျိုးများအဖြစ်  ဘင်္ဂလားပင်လယ်အော်နှင့်     တောင်တရုတ်ပင်လယ်အတွင်းတွင် ဖြစ်ပွားခဲ့သော မုန်တိုင်းကြီး၊ မုန်တိုင်းငယ်ကျရောက်မှု၊ ဆည်၊ တံတား များ ကျိုးပေါက်ခြင်း၊ ရေကြီးရေလျှံမှုများကို ကြုံတွေ့ခဲ့ရပြီး ပျက်စီး ဆုံးရှုံးမှုများစွာကိုလည်း ရင်ဆိုင်ခဲ့ရသည်။ 
လူဦးရေ ၁၆၄ သန်းကျော် သဘာဝဘေးသင့်
၂၀၁၁ မှ ၂၀၂၀ပြည့်နှစ်အထိ ၁၀ နှစ်တာကာလအတွင်း ကမ္ဘာ တစ်ဝန်းတွင် သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှု အကြိမ် ၃၀၀ ကျော် ဖြစ်ပွားခဲ့ပြီး တစ်နှစ်လျှင်ပျမ်းမျှလူဦးရေ ၁၆၄ သန်းကျော် သဘာဝ ဘေးသင့်ခဲ့ရကာ ၁၅၀၀၀ ခန့် သေဆုံးလျက်ရှိသည်။ ဆုံးရှုံးမှုအနေဖြင့် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ  ဘီလီယံ ၁၇၀ ကျော်ခန့် ဆုံးရှုံးမှု ရှိသည်ကို မှတ်တမ်းများအရ သိရသည်။
မြန်မာနိုင်ငံအနေဖြင့် သဘာဝဘေးအန္တရာယ်မျိုးစုံကို ကြုံတွေ့ ခံစားရနိုင်သည့်  နိုင်ငံတစ်ခုဖြစ်ပြီး  မုန်တိုင်းဘေး၊  ရေကြီးရေလျှံ ဘေးစသည့် ရာသီအလိုက်ဖြစ်ပွားသည့် ဘေးအန္တရာယ်များ၊ နေရာ ဒေသအလိုက် ဖြစ်ပွားနိုင်သည့် ဘေးအန္တရာယ်များသည် ကြိုတင် ခန့်မှန်းသိရှိနိုင်သည့်အတွက် ကြိုတင်ကာကွယ်မှုများကို ဆောင်ရွက် ထားနိုင်သည်။ 
ထို့ပြင်    သဘာဝတရားကြောင့်ဖြစ်သည့်     ဘေးအန္တရာယ်၊ လူကြောင့်ဖြစ်သည့် ဘေးအန္တရာယ် ၊ မူဝါဒနှင့် ဥပဒေသတ်မှတ်ချက် အားနည်းမှုကြောင့်ဖြစ်ပေါ်သော       သဘာဝဘေးအန္တရာယ်ဟူ၍ သတ်မှတ်နိုင်ပြီး ယခင်ကမကြုံဖူးသည့် ဘေးအန္တရာယ်များလည်း ကြုံတွေ့လာနိုင်သည်ကို မျှော်တွေးပြင်ဆင်ထားရန် လိုအပ်သည်။
နိုင်ငံအတွင်း    အချိန်ကာလအလျောက်   ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကို    ကြိုတင်တွက်ဆပြီး    ကာကွယ် စောင့်ရှောက်ရေးအစီအမံများ    စနစ်တကျ  ပြုလုပ်ထားနိုင်ရေး၊  သဘာဝဘေးအန္တရာယ်       ကျရောက်လာသည့်   အခြေအနေတွင် ကယ်ဆယ်ရေးနှင့်    ထောက်ပံ့ကူညီရေးလုပ်ငန်းများကို   လျင်မြန် သွက်လက်စွာနှင့်    ထိရောက်စွာ     ဆောင်ရွက်ပေးနိုင်ရေးအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ    စီမံခန့်ခွဲမှုကော်မတီကို ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက ချမှတ်သည့် မူဝါဒများ၊ လမ်းညွှန်ချက်များနှင့်အညီ သဘာဝဘေး အန္တရာယ်ဆိုင်ရာ   စီမံခန့်ခွဲမှုလုပ်ငန်းများကို   သက်ဆိုင်ရာကဏ္ဍ အလိုက်      အကောင်အထည်ဖော်     ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများက ဦးဆောင်သော လုပ်ငန်းကော်မတီ ၁၂ ခုကိုလည်း ဖွဲ့စည်းထားရှိသည်။ 
ထို့ပြင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကို  အနီးကပ်ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်နိုင်ရန် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့များ၊ ခရိုင်/ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊  မြို့နယ်၊  ရပ်ကွက်၊ ကျေးရွာအုပ်စု  သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များကိုလည်း အဆင့်ဆင့်ဖွဲ့စည်းဆောင်ရွက် လျက်ရှိသည်ကို ကြားသိရသည်။
ဒေသအလိုက်ဖြစ်လေ့ဖြစ်ထရှိသည့် ဘေးအန္တရာယ်များအလိုက်  ကြိုတင်ပြင်ဆင်မှု၊   ဌာနဆိုင်ရာ   တာဝန်ရှိသူများမှ     Table-top ဇာတ်တိုက်လေ့ကျင့်မှု၊    အရေးပေါ်ရွှေ့ပြောင်းရန်      လိုအပ်ပါက ရွှေ့ပြောင်းနိုင်သည့်   ဘေးကင်းရာနေရာများကို    သတ်မှတ်ဆောင် ရွက်လျက်ရှိသည်။ 
ထိုကဲ့သို့ သဘာဝဘေးအန္တရာယ်မဖြစ်ပွားမီနှင့် ဖြစ်ပေါ်လာပါက  အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လုပ်ဆောင်နိုင်ရန် ကြိုတင်ပြင်ဆင်မှုများကို ဆောင် ရွက်ထားရန်လိုအပ်သလို တစ်ဖက်ကလည်း ရပ်ရွာများရှိ ဒေသခံ များကို   သဘာဝပတ်ဝန်းကျင်နှင့်   ရာသီဥတုဆိုင်ရာ    အသိပညာ၊ ဗဟုသုတ ဖြန့်ဝေရေး အစီအစဉ်များကို  ဆောင်ရွက်သင့်သည်။
ထို့ပြင် သစ်တောများထိန်းသိမ်းခြင်း၊ သစ်တောများ ပြန်လည် ပြုစုပျိုးထောင်ခြင်း၊  မျိုးသုဉ်းပျောက်ကွယ်တော့မည့်  အန္တရာယ် ကြုံတွေ့နေရသည့်  ရှားပါးမျိုးစိတ်တွေကို  ထိန်းသိမ်းကာကွယ်ခြင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို အသုံးပြုနိုင်ရန် အားပေးကူညီခြင်း၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းပြီး သဘာဝနှင့် သဟဇာတ ဖြစ်သည့် စီးပွားရေးလုပ်ငန်းများ ဖြစ်ပေါ်လာရန် ပံ့ပိုးကူညီပေးခြင်း အစရှိသည့် လုပ်ငန်းများကိုလည်း ဆောင်ရွက်ရမည်ဖြစ်သည်။ 
တစ်ကမ္ဘာလုံးနှင့်ဆိုင်သည့် ပြဿနာ
သို့သော် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများသည် ဒေသအဝန်း၊  နိုင်ငံအဝန်းသာမက ကမ္ဘာအဝန်း ဖြစ်ပေါ်နေခြင်းဖြစ်ရာ မြန်မာနိုင်ငံ တွင်လည်း ရှောင်လွှဲ၍မရနိုင်ပါ။ လူသားများ၏ လုပ်ဆောင်မှုများ ကြောင့် ဖြစ်ပွားလာပြီး တစ်ကမ္ဘာလုံးနှင့်ဆိုင်သည့်ပြဿနာဖြစ်ရာ  တစ်ဦးတစ်ယောက်အားဖြင့် ဖြေရှင်း၍မရနိုင်ပေ။  ထိုအရာများကို ရပ်တန့်ရန် လူတိုင်းတွင် တာဝန်ရှိရာ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ ပိုမိုဖြစ်ပွားမလာအောင်   သဘာဝပတ်ဝန်းကျင်ကို    တတ်နိုင်သမျှ ဝိုင်းဝန်းထိန်းသိမ်းကြရမည်သာဖြစ်သည်။ 
သွားပါများ ခရီးရောက်သော်လည်း တစ်ထောက်နားကာ အတွေး နယ်ချဲ့နေသည့်  စိတ်အစဉ်တို့ကို   မှိုင်းညို့လာသည့်  ကောင်းကင် တစ်ခွင်မှ မိုးစက်မိုးပေါက်တို့က ခရီးဆက်ရန် အချက်ပြ၍နေလေရာ တောတောင်ရှုမျှော်ခင်းတို့ကြောင့်    နယ်လွန်နေသည့်       သဘာဝ ပတ်ဝန်းကျင်နှင့်ဆိုင်သည့်   အတွေးစတို့ကို    ပြန်လည်စုစည်းကာ လိုရာခရီးကို အချိန်မီရောက်ရှိအောင် ခရီးဆက်လိုက်ပါဦးမည်။     ။