ခါးသီးသည့်အတွေ့အကြုံများကို သင်ခန်းစာယူ

မြန်မာနိုင်ငံသည် သမိုင်းမတင်မီကာလမှစ၍ ယဉ်ကျေးမှုများ စဉ်ဆက်မပြတ် ဖြစ်ပေါ်တိုးတက်ခဲ့သည်။ မြန်မာ့ယဉ်ကျေးမှု အဆင့်ဆင့်တိုးတက်ဖြစ်ပေါ်မှုတွင် အခြားဒေသများထက် ပို၍ထူးခြားသည်မှာ    မြန်မာ့မြေတွင်  လူမျိုးနွယ်အစ အဆင့်မြင့်ပရိုင်းမိတ်ရုပ်ကြွင်းအထောက်အထားများ  တွေ့ရှိရခြင်းဖြစ်သည်။ ရှေးဦးလူသားတို့ နေထိုင်ခဲ့ကြကြောင်း ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ ယဉ်ကျေးမှုဆိုင်ရာ အထောက်အထားများက အထင်အရှား သက်သေထူလျက် ရှိသည်။


အေဒီ ၉ ရာစုဝန်းကျင်မှစ၍ တကောင်း၊ ဗိဿနိုး၊ သရေခေတ္တရာ၊ ဟန်လင်း၊ ဝေသာလီ၊ သုဝဏ္ဏဘူမိ မြို့ပြနိုင်ငံများပေါ်ပေါက်ခဲ့ရာ  ကိုယ့်ယဉ်ကျေးမှုနှင့် ကိုယ့်မင်းကိုယ့်ချင်း နေထိုင်ခဲ့ကြောင်း ထင်ရှားပေါ်လွင်ခဲ့သည်။ အေဒီ ၁၁ ရာစု ပတ်ဝန်းကျင်တွင်  မြို့ပြနိုင်ငံများတည်ထောင်ခြင်းမှ  တစ်ဆင့်တက်၍ ပုဂံ နေပြည်တော်ကို ဗဟိုပြုပြီး အနော်ရထာမင်း တည်ထောင်ခဲ့သော ပထမမြန်မာ့ လက်နက်နိုင်ငံတော်ကြီး ဖြစ်ထွန်းခဲ့သည်။ နှစ်ပေါင်း ၃၀၀ နီးပါးတည်တံ့ခဲ့ပြီး လူမှုရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေးနှင့် ယဉ်ကျေးမှုတို့၌ ကြီးကျယ် ခမ်းနားထည်ဝါခိုင်မာခဲ့သည်။ အေဒီ ၁၅ ရာစုအထိ ကိုယ့်မင်းကိုယ့်ချင်း နိုင်ငံငယ် လေးများဖြင့် စုစည်းနေထိုင်ခဲ့ကြသည်။


အေဒီ ၁၆ ရာစုတွင်   တပင်ရွှေထီးနှင့်ဘုရင့်နောင်မင်းတရားလက်ထက်၌ ဒုတိယမြန်မာ့လက်နက်နိုင်ငံတော်ကြီးကို တည်ထောင်နိုင်ခဲ့ပြန်သည်။ ဘုရင့် နောင်၏သားတော် နန္ဒဘုရင်လက်ထက် အေဒီ ၁၆ ရာစုအကုန်တွင် ကာကွယ်ရေး အင်အားကျဆင်း၍ ပြိုကွဲသွားပြန်ရာ ဘုရင့်နောင်၏ သားတော်တစ်ပါး ညောင်ရမ်း မင်းက ပြန်လည်စည်းရုံးပြန်သည်။ သို့ရာတွင် ညောင်ရမ်းမင်းဆက်၌ အရည်အချင်း ပြည့်ဝသောမင်း နည်းပါးသဖြင့် နိုင်ငံတော် ယိမ်းယိုင်ပြိုကွဲစပြုလာသည်။ 
အေဒီ ၁၈ ရာစုတွင် အလောင်းမင်းတရား ဦးအောင်ဇေယျ စတင်ထူထောင် ခဲ့သော ကုန်းဘောင်မင်းဆက် ပေါ်ပေါက်လာခဲ့ပြီး ဦးအောင်ဇေယျလက်ထက်တွင် နိုင်ငံတော်ကို ပြန်လည်စည်းလုံးညီညွတ်ကာ တတိယမြန်မာ့လက်နက်နိုင်ငံ တော်ကြီးကို တည်ထောင်ခဲ့သည်။ ကုန်းဘောင်ခေတ်နောက်ပိုင်း ၁၈၂၄-၁၈၂၆ တွင် ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲဖြစ်ပွားရာ ရခိုင်၊ အာသံ၊ မဏိပူရနှင့် တနင်္သာရီ နယ်မြေများ ဆုံးရှုံးခဲ့ရသည်။ ၁၈၅၂ ခုနှစ်တွင် ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲဖြစ်ပွားခဲ့ရာ ပဲခူးအပါအဝင် အောက်မြန်မာနိုင်ငံကို ဆုံးရှုံးခဲ့ရသည်။ ၁၈၈၅ ခုနှစ်တွင် တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲဖြစ်ပွားပြီး မြန်မာတစ်နိုင်ငံလုံး လွတ်လပ်ရေးဆုံးရှုံးခဲ့ရသည်။


မြန်မာ့သမိုင်းကြောင်းကို ဆင်ခြင်သုံးသပ်ကြည့်လျှင် အုပ်ချုပ်သူမင်းနှင့် ပြည်သူတို့ စည်းလုံးညီညွတ်ပြီး အင်အားကြီးမားသည့် လက်နက်ကိုင်တပ်မတော် ကြီးထွန်းကားသောအခါ ပတ်ဝန်းကျင်ရှိ ခေတ်ပြိုင်နိုင်ငံများနှင့်အပြိုင်   နိုင်ငံ အင်အားတောင့်တင်းခိုင်မာပြီး စည်ပင်ထွန်းကားခဲ့သည်။ ပြည်သူများ စည်းလုံးညီညွတ် ပြီး စနစ်တကျဖွဲ့စည်းထားသည့် ခေတ်မီတပ်မတော်ရှိလျှင် နိုင်ငံအင်အားတောင့်တင်း ခိုင်မာကြောင်း ပြယုဂ်ဖြစ်သည်။ ပြည်သူအချင်းချင်း၊ မင်းညီမင်းသားအချင်းချင်း ညီညွတ်မှုမရှိဘဲ တိုင်းတစ်ပါးအားကိုး သူတစ်လူငါတစ်မင်းဖြစ်နေသောအချိန်တွင် လွတ်လပ်ရေးဆုံးရှုံးပြီး သူ့ကျွန်ဘဝ ကျရောက်ခဲ့ရသည်။
လွတ်လပ်ရေးဆုံးရှုံးရ၍   ခါးသီးသောအတွေ့အကြုံများကို ကိုယ်တိုင် ကြုံတွေ့ဖြတ်သန်းခဲ့ကြရသူများက သိရှိနိုင်သည်။ လွတ်လပ်သောနိုင်ငံတွင် နေထိုင်ကြသော ပြည်သူများသည်  ခါးသီးသောအတွေ့အကြုံများကို  ခံစားနိုင် မည်မဟုတ်ဘဲ လွတ်လပ်ရေးဆုံးရှုံးရသည့် နိုင်ငံ၏ဖြစ်အင်များကိုလည်း သိရှိကြ မည်မဟုတ်ပေ။ ထိုအခါ တိုင်းတစ်ပါးကို အထင်ကြီးပြီး ကိုယ့်လူမျိုးအချင်းချင်း မညီမညွတ်ဖြစ်ကြရသည်။  သမိုင်းသင်ခန်းစာသည်  ကိုယ့်နိုင်ငံတောင့်တင်း ခိုင်မာရေး၊ ကိုယ့်နိုင်ငံစည်းလုံးညီညွတ်ရေး၊ စည်ပင်ဝပြောရေးအတွက် ရယူရမည့် အချက်များဖြစ်သည်။ 


လွတ်လပ်ရေးဆုံးရှုံးရသည့်   ခါးသီးသည့်အတွေ့အကြုံများကို  မျိုးဆက်သစ် လူငယ်များ သိရှိနိုင်ရေးသည် အရေးကြီးသောအချက်ဖြစ်သည်။ ထို့ကြောင့် မြန်မာ့သမိုင်းကြောင်းနှင့် သင်ခန်းစာများကို ဖော်ထုတ်ပေးနိုင်ရေးမှာ အရေးကြီး သည်။ လွတ်လပ်ရေးရရှိပြီးသော်လည်း လွတ်လပ်ရေးဆုံးရှုံးခဲ့ရခြင်း၏ ခါးသီးသော နောက်ဆက်တွဲဆိုးကျိုးများကိုလည်း  သတိမူရန်လိုအပ်သည်။   လွတ်လပ်ရေး ရရှိအောင် တိုင်းရင်းသားပြည်သူများ၏ အသက်၊ သွေး၊ ချွေး မြောက်မြားစွာ ပေးဆပ်ခဲ့ရသည့်သမိုင်းကြောင်းကို ဖော်ထုတ်ပေးနိုင်မှသာ မျိုးဆက်သစ်များအနေ ဖြင့် လွတ်လပ်ရေး၏ အနှစ်သာရကိုနားလည်ပြီး မိမိနိုင်ငံ၊ မိမိလူမျိုးကို ချစ်မြတ်နိုး စိတ်၊ မိမိကိုယ်ပိုင် လွတ်လပ်စွာ ဆုံးဖြတ်စီမံလုပ်ကိုင်နိုင်စွမ်းများ တိုးပွားလာမည် ဖြစ်ပါကြောင်း။    ။