ကြီးမားသောစွမ်းဆောင်ချက်

Type

ချစ်နိုင်(စိတ်ပညာ)
============

 

အခန်း(၁)
တပ်မတော်သည်  အမျိုးသားရေးကို   ဦးစားပေးရသည့်အဖွဲ့အစည်း ဖြစ်သည်။ နိုင်ငံတကာရှိ  တပ်မတော်များသည်လည်း အလားတူပင် သူ၏နိုင်ငံနှင့်ပြည်သူကို  ပထမဦးစားပေးကာကွယ်နိုင်ရန်  ရည်ရွယ် ဖွဲ့စည်းထားကြရခြင်းဖြစ်သည်။ အမျိုးသားရေးအကျိုးစီးပွားဆိုသည် မှာ တပ်မတော်တစ်ရပ်မှာသာ  တာဝန်ရှိသည်မဟုတ်ဘဲ  ထိုနိုင်ငံရှိ နိုင်ငံသားအားလုံး၏တာဝန်လည်းဖြစ်၏။ 


“နိုင်ငံရေးမူဝါဒတွေ       မည်မျှပင်အားကောင်းနေကြပါစေ အမျိုးသားရေးဝါဒကို  ဘယ်သောအခါမှ လွှမ်းမိုးနိုင်လိမ့်မည်မဟုတ် ပါ”ဟု ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဦးသန့် (၁၉၀၉-၁၉၇၄) က   လွန်ခဲ့သောနှစ်ပေါင်းများစွာကပင်   ရေးသားခဲ့ဖူးလေသည်။ ဦးသန့်သည်   အမေရိကန်နှင့်   ဆိုဗီယက်   ပြည်ထောင်စုကြီးနှစ်ခု အင်အားပြိုင်ဆိုင်ကာ   ထိပ်တိုက်တင်းမာလျက်    ကမ္ဘာစစ်ကြီး ဖြစ်လုနီးနီးအခြေအနေမျိုးတွင် နှစ်ဦးနှစ်ဖက်အကျိုးစီးပွား မထိပါး မပျက်ပြားစေမည့်ငြိမ်းချမ်းရေးလမ်းကြောင်းသို့     ရောက်ရှိအောင် အဓိကဆောင်ရွက်ပေးနိုင်ခဲ့သော   ကမ္ဘာ့ကုလသမဂ္ဂခေါင်းဆောင် လည်းဖြစ်သည်။ ခရစ်နှစ် ၁၉၅၀-၁၉၆၀ ကာလများမှစ၍ နိုင်ငံတကာ အဆင့်အတန်းဝင် ကမ္ဘာသိသော မြန်မာတစ်ယောက်လည်းဖြစ်သည်။ နိုင်ငံတကာခေါင်းဆောင်များက   လေးစားခဲ့ကြရသော   မျှတသည့် သဘောထားနှင့် အမြော်အမြင်ကြီးမားသောပုဂ္ဂိုလ်အဖြစ် ထင်ရှားခဲ့ သူလည်း ဖြစ်ပေသည်။ 
ဦးသန့်သည် ဘဝတစ်သက်တာလုံး စာအလွန်ဖတ်သောပညာရှင် လည်းဖြစ်သည်။ သူ၏ရုံးခန်းတွင်ဖြစ်စေ၊ နေအိမ်တွင်ဖြစ်စေ    စာအုပ် ပုံကြီးများဖြင့်   အစီအရီပြည့်နေလေသည်။    စာကြည့်ခန်းတွင်လည်း စာအုပ်များပြည့်နေသည့်အပြင်  ဧည့်ခန်းတွင်လည်း   စာအုပ်များပုံနေ သည်အထိ စာကိုမပြတ်လေ့လာကြည့်ရှုသည်။   တစ်ခါက   ဦးသန့် ရေးဖူးသည် -


“တိုင်းပြည် အုပ်ချုပ်ရေးစနစ်များအနက် ဒီမိုကရေစီစနစ်သည် အခက်ခဲဆုံးဖြစ်လေသည်။   ဒီမိုကရေစီစနစ်အောင်မြင်ရန်    ပြည်သူ ပြည်သားတို့သည် အသိဉာဏ်ပညာနှင့် ဆင်ခြင်တုံတရား လုံလောက် အောင်ရှိကြရမည်။   အသိဉာဏ်ကင်းမဲ့သောနိုင်ငံတွင်    ဒီမိုကရေစီ စနစ်သည် ဗရုတ်သုတ်ခကိုသာ ဖြစ်စေလိမ့်မည်။” 
ကျောင်းအုပ်ဆရာကြီး၊  ပြန်ကြားရေးအတွင်းဝန်၊ နိုင်ငံခြားရေး သံတမန်၊ ကုလသမဂ္ဂအအတွင်းရေးမှူးချုပ် စသည့်တာဝန်များကို  ထူးခြားအောင်မြင်စွာ ထမ်းဆောင်ခဲ့သူဖြစ်သည့်အလျောက် ထိရောက် တိကျသောအမှန်တရားကို ပွင့်လင်းစွာထုတ်ဖော်ခဲ့ခြင်းပင်။  
ပြည်သူပြည်သားများ    အသိဉာဏ်ပညာ   ရေချိန်မြင့်အောင်၊ ဆင်ခြင်တုံတရားလုံလောက်အောင် ရှိစေဖို့ရာ မိမိတို့စာရေးသူများ၊ စာရေးဆရာသတင်းစာဆရာများတွင်   အားလုံးတာဝန်ရှိနေသည်ဟု မိမိကခံယူပါ၏။ သဲတစ်ဆုပ်၊  ရေတစ်မှုတ်၊ အုတ်တစ်ချပ်ပင်ဖြစ်ပါစေ ပါဝင်ကြရမည်၊ ဤတာဝန်ဝတ္တရားကို  အလေးထားကာထမ်းဆောင် ကြရမည်မဟုတ်ပါလား။


အခန်း(၂)
အလုပ်တစ်ခုလုပ်ခြင်းတွင်  ဉာဏသမ္ပယုတ်ဟူသော  အချက် တစ်ခုပါဝင်ရ၏။ သောမနဿသဟဂုတ်ဆိုတာ  ကြည်နူးဝမ်းမြောက် ခြင်း၊ ခံစားချက်နှင့်အတူ   အလုပ်လုပ်ရခြင်းကလည်း   လိုအပ်ချက် တစ်ရပ်ပဲဖြစ်၏။  သသင်္ခရိကဟူသည့် ပြင်ပတစ်ဦးတစ်ယောက်ထံမှ တိုက်တွန်း၊ ဆွဲဆောင်၊ ခြိမ်းခြောက်၊ ချော့မော့၊ အားပေးသောသဘော မျိုး တစ်စုံတစ်ရာမပါဘဲ  မိမိ၏စိတ်အားထက်သန်မှု    နဂိုစိတ်ရင်း အမှန်အကန်ဖြင့်   ထက်ထက်သန်သန်လုပ်သောအလုပ်မျိုးဆိုလျှင် အလွန်ကောင်း၏။ 


ဤဆောင်းပါးကိုရေးသောအခါ  မိမိသည် ဖြူစင်ဖြောင့်မတ်စွာ အထက်ပါအချက်သုံးချက်ဖြင့်   ရေးလိုက်မိကြောင်း   သတိပြုမိပါ၏။ ရည်ရွယ်ချက်မှာ   စာဖတ်သူချစ်မိတ်ဆွေများ    မိမိနှင့်အလားတူစွာ စာပေမှကောင်းကျိုးရသော  ဤကဲ့သို့စာအုပ်မျိုးကို   ဖတ်မိကြပါစေ ဟူသောစေတနာဖြင့် အသိပေးမျှဝေနှိုးဆော်လိုသောသဘောပင်။ 


စေတနာ့ဝန်ထမ်း ကင်းထောက်တစ်ယောက်အဖြစ်  လူငယ်ဘဝ က    လေ့ကျင့်ခဲ့ရာမှ စွဲထုံခဲ့သောအကျင့်အနေဖြင့်    ပြည်သူအများ သိသင့်သိထိုက်သော ဗဟုသုတအသိအမြင်ကို မြင်စေသိစေချင်သော စေ့ဆော်မှုသက်သက်ဖြင့် ရေးမိပါ၏။ 


ပါမောက္ခဒေါက်တာကံဇော်က ဤသို့မှတ်ချက်ပြုထားပါ၏- 


“ဤစာအုပ်သည် ဖြစ်စဉ်မှန် ဖြစ်ရပ်မှန်လုပ်ဆောင်  အောင်မြင်ခဲ့ သည်များကို   မှတ်တမ်းတင်သရုပ်ဖော်ထားသည့်စာအုပ် ဖြစ်သည့်အပြင် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊  လွှတ်တော်ရေးရာတို့တွင်   လက်တွေ့ပါဝင်သရုပ်ဆောင်နေကြရသည့် သရုပ်ဆောင်များအတွက်သာမက စီးပွားရေး၊ ဘဏ္ဍာရေး၊ စီမံခန့်ခွဲမှုနှင့် ကြွေးမြီဆိုင်ရာဘာသာရပ်များကို    လေ့လာသင်ယူနေသူအပေါင်းတို့ အတွက်ပါ  လေ့လာမှတ်သားမှတ်တမ်းထားသင့်သည့်   စာအုပ်ဖြစ်ပါ သည်” 


ဆရာကြီးပါမောက္ခဒေါက်တာကံဇော်သည်     ရန်ကုန်စီးပွားရေး တက္ကသိုလ်ပါမောက္ခချုပ်တာဝန်    ထမ်းဆောင်ခဲ့သော စီးပွားရေးပညာ ရပ်ဆိုင်ရာ  အထူးပြုကျွမ်းကျင်သူဖြစ်သည့်အပြင် အမျိုးသားစီမံကိန်း နှင့်   စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး တာဝန်ကို    ကျေပွန်စွာထမ်းဆောင်ခဲ့သည့်ပုဂ္ဂိုလ်    ဖြစ်လေသည်။ နှစ်ဆယ့်တစ်ရာစုကာလ ပထမအကြိမ်ဒီမိုကရေစီအစိုးရ (၂၀၁၁-၂၀၁၆) ထိုအချိန်ကာလအတွင်းက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို “စီးပွားရေးပိတ်ဆို့ခံ၊ လူသားအကူအညီအထောက်အပံ့ခံနိုင်ငံဘဝ” မှ “ပုံမှန်နိုင်ငံ အရည်အဆင့်(Normal Country status)”သို့ ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ပြန်လည်သတ်မှတ် ပေးခဲ့သည့်အောင်မြင်မှု (သမိုင်းဝင်) မှတ်တိုင်ကို ပြန်လည်ဆောင်ကြဉ်း ပေးနိုင်ကြသော အစိုးရအဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါသည်။ ပုံမှန်နိုင်ငံသို့ ပြန်လည်ရောက်ရှိခြင်းက ဘာများထူးခြားခဲ့ပါသနည်း။  


ထူးခြားကွဲပြားချက်များ များစွာရှိပါသည်။ နမူနာအချက် အနည်း ငယ်မျှသိသာရန် ဖော်ပြပါရစေ- 
၁။    ကမ္ဘာ့နိုင်ငံများအလယ်တွင်     နိုင်ငံတကာဆက်ဆံရာ၌ အထင်အမြင်အသေးမခံရနိုင်တော့ပေ။ 
၂။    ကမ္ဘာ့ဘဏ်    (World Bank) နှင့်   ပူးပေါင်းဆောင်ရွက်မှု ကောင်းမွန်လာခြင်း။ 
၃။    အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF)နှင့် ကမ္ဘာ ပေါ်ရှိ ဘဏ္ဍာရေးအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက် ရန် ကျယ်ပြန့်စွာထိတွေ့လာခြင်း။ 
၄။    အခြားသောဖွံ့ဖြိုးရေးမိတ်ဖက်များ၏ ပူးပေါင်းဆောင်ရွက် မှုများ၊ ပုံမှန်ညှိနှိုင်းဆောင်ရွက်ခွင့်များ ရရှိလာခြင်း။ 
၅။    မြန်မာ့ဖွံ့ဖြိုးမှုမိတ်ဖက်ဂျပန်နိုင်ငံ၊ အာရှဖွံ့ဖြိုးရေးဘဏ်(ADB)စသည်တို့ဖြင့် ဖွံ့ဖြိုးရေးအကူအညီများ ရရှိလာနိုင်ခြင်း။ 
၆။    ပဲရစ်ကလပ်အဖွဲ့ဝင်   မိတ်ဖက်မြီရှင်နိုင်ငံများက     ဖွံ့ဖြိုးမှု အကူအညီများ ပြန်လည်ပေးအပ်နိုင်ရန် ကြွေးမြီရှင်းလင်းခြင်း လုပ်ငန်းများကို   ၂၀၁၃    ခုနှစ်     ဇန်နဝါရီလမှစတင်၍  လုပ်ဆောင်နိုင်လာခဲ့ခြင်း၊ စသည်..


ယနေ့လက်ရှိအခြေအနေ၏        ဖွံ့ဖြိုးတိုးတက်မှုအဆင့်သည် အမှန်စင်စစ် “၂၀၂၁ ခုနှစ် ပုံမှန်နိုင်ငံအဆင့် ပြန်လည်ရောက်ရှိခဲ့ခြင်း” အရွေ့တစ်ခုပြောင်းလဲခြင်းနှင့်   “၂၀၁၃ခုနှစ်    ပဲရစ်ကလပ်  ကြွေးမြီ ရှင်းလင်းမှုနှင့် ချေးငွေဟောင်း-ချေးငွေသစ်တံတား”တို့၏ ကောင်းကျိုး ရလဒ်ကျေးဇူးများ   ထိရောက်ကြီးမားစွာရရှိခဲ့ကြောင်း    ထင်ရှားလှပါ သည်။ 


အခန်း(၃)
စာဖတ်သူများ သိထားပြီးဖြစ်သည့်အတိုင်း ဖွံ့ဖြိုးဆဲနိုင်ငံများမှာ ကြွေးမြီများနှင့်မကင်းပါ။    အင်အားကြီး ကမ္ဘာ့ထိပ်တန်းနိုင်ငံကြီး အချို့သည်လည်း  အကြွေးများရှိတတ်ကြပါသည်။    ဖွံ့ဖြိုးဆဲနိုင်ငံများ (LDCs)အနေဖြင့်ကား “ ငါးပိနှင့်လောက်၊ ရွှေနှင့် ကျောက်”  ဆိုသကဲ့ သို့   ဒွန်တွဲပါရှိတတ်သောသဘောပင် ဖြစ်နေခဲ့ပေပြီ။   ကြွေးမြီသည် ရုန်းကန်ထူထောင်နိုင်အောင်            အားယူရသောအရာဖြစ်သကဲ့သို့ အကြွေးနွံထဲသို့ နစ်ဝင်သွားစေအောင် ဆွဲချနိုင်သော ဝန်ထုပ်ဝန်ပိုး လည်း ဖြစ်တတ်ပေသေးသည်။ သုံးတတ်လျှင်ဆေး၊  မသုံးတတ်လျှင် ဘေးဟူသော မြန်မာဆိုရိုးစကားရှိသည့်အတိုင်း ပြည်ပကြွေးမြီသည် “သုံးတတ်လျှင် အကျိုး၊    မသုံးတတ်လျှင်    ဝန်ထုပ်ဝန်ပိုး” ဖြစ်နိုင် ကြောင်း နိုင်ငံတကာ ဖြစ်ရပ်သင်ခန်းစာများလည်း မြင်နိုင်လေသည်။ ကြွေးမြီများသည် ဖွံ့ဖြိုးမှုဖြစ်စဉ်တစ်လျှောက် “ဒွန်တွဲ” ပါရှိမြဲပင်။ 


“အကြွေးဆိုသည်မှာ   အခြားအခြားသောထောင်ချောက်များ နည်းတူပင် ဖြစ်ပေသည်။ ဝင်ဖို့ရာ လွယ်လွန်းသော်လည်း ထွက်ဖို့ရာ ခက်ခဲလှသည်” ဟု ဟင်နရီဝှီးလားရှိုး (Henry Wheeler Show) ဆိုသူ က ရေးသားခဲ့ဖူးသည်။ ခါးသက်သော အမှန်စကားဖြစ်ပေတော့သည်။ 
မိန့်ခွန်းပြောရာတွင်လည်းကောင်း၊ စာရေးရာတွင်လည်းကောင်း ပြောင်မြောက်တိကျသဖြင့် အများကလေးစားကြရသော အမေရိကန် သမ္မတတစ်ဦးရှိခဲ့ဖူးပါ၏။ သူက  အမေရိကန်ပြည်ထောင်စု   စတင် ထူထောင်ခါစ  ဒုတိယမြောက်သမ္မတ   ဂျွန်အဒမ်(John ADAM 1797-1801)ဖြစ်ပေသည်။ အမေရိကန်သမ္မတဂျွန်အဒမ်ပြောကြားခဲ့သော အောက်ပါစကားတစ်ခွန်းသည် အလွန်တရာလေးနက်လှပြီး သတိထားစရာ၊ သတိပြုစရာ အဖိုးတန်သင်ခန်းစာ (သမိုင်းကပေးသော ဉာဏ်ပညာဆင်ခြင်စရာ သင်ခန်းစာ)ဟု ဆိုနိုင်ပါသည်။ 


 “နိုင်ငံတစ်နိုင်ငံကို အောင်နိုင်ဖို့နဲ့ကျွန်ပြုသိမ်းပိုက်နိုင်ဖို့ဆိုရင် နည်းလမ်းနှစ်ခုရှိတယ်။ တစ်ခုကတော့ လက်နက်နဲ့ အနိုင်ယူနည်းပဲ။ နောက်တစ်ခုကတော့ ကြွေးမြီနဲ့ သိမ်းယူနည်းဖြစ်တယ်။” 


ဓားလက်နက်ကဲ့သို့ပင် အကြွေးပရိယာယ်ကလည်း မဖွံ့ဖြိုးသေး သောနိုင်ငံ၊  အင်အားချည့်နဲ့သောနိုင်ငံမျိုးအတွက် ချင့်ချိန်သုံးသပ်စရာ တွေ့ရပါမည်။ မျက်မှောက်ခေတ်တွင်  အမိနိုင်ငံ၏အမျိုးသားအကျိုး စီးပွားကို ဆောင်ရွက်ကြရာ၌ လက်နက်နှင့်ကာကွယ်ရုံမျှဖြင့် မပြီးချေ။ အမျိုးသားစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေး၊ လူ့စွမ်းအားအရင်းအမြစ် ပြည့်စုံကောင်းမွန်ရေး၊   သိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးရေး၊    နိုင်ငံရေး၊ အုပ်ချုပ်ရေး၊  ပညာရေး၊  ကျန်းမာရေး၊  ဘာသာရေး၊   ယဉ်ကျေးမှု၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးမှု၊ သံတမန်ရေးစသည့် ဘက်ပေါင်းစုံက အရည် အဆင့်မီမီဆောင်ရွက်ကြရသည်။ တက်ညီလက်ညီ ကြိုးစားအားထုတ် ကာ ဟန်ချက်ညီစွာ အကောင်အထည်ဖော်ကြရပေသည်။ နိုင်ငံချစ် စိတ်၊ မျိုးချစ်စိတ်ဓာတ်လည်း အခြေခံလိုအပ်ချက်ဖြစ်ပေသေးသည်။ 


ကိုယ့်နိုင်ငံကိုယ့်လူမျိုးကို    တိုးတက်ဖွံ့ဖြိုးအောင်      မိမိတို့ နိုင်ငံသား  နိုင်ငံသူအားလုံးက  စည်းလုံးညီညွတ်စွာ  ကျရာနေရာ၊ ရောက်ရာဒေသ  ထမ်းရွက်ရမည့်တာဝန်ကို ဦးလည်မသုန်စွမ်းဆောင် ကြမည်ဟူသော စိတ်သဘောထားများရှိကြဖို့လည်း လိုလေသည်။ 


အခန်း(၄)


စာအုပ်အမည်ကတော့ အနည်းငယ်ရှည်သည်ဟု ဆိုချင်ဆိုနိုင် ပါမည်- 
“နိုင်ငံ၏ပြည်ပကြွေးမြီအခြေအနေနှင့်   ပဲရစ်ကလပ်ကြွေးမြီ ရှင်းလင်းခြင်းအတွေ့အကြုံ” 
ကိုယ်တိုင်ဖြတ်သန်းခဲ့သော လွန်ခဲ့သည့် ကိုးနှစ် ၁၀နှစ် ကာလ ဆီက ဘဝတစ်ကွေ့ အတွေ့အကြုံကို စာရေးသူ ပြည်ထောင်စုဝန်ကြီး က ရေးသားမှတ်တမ်းတင်ထားခြင်းဖြစ်ပေသည်။ စာရေးသူအမည် ဝင်းရှိန်၊ အခြားဘာမျှ  စာရေးသူက ဂုဏ်ထူးဝိသေသ  မဖော်ပြချေ။ သို့ရာတွင် အမှန်စင်စစ် တပ်မတော်အရာရှိကြီးဖြစ်သည်။ ဗိုလ်ချုပ် အဆင့်အထိ  စစ်မှုထမ်းခဲ့သည်။   သံအမတ်ကြီး၊   ဒုတိယဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီးတာဝန်များကို  အဆင့်ဆင့်ထူးချွန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့်       ဂုဏ်သတင်းထင်ရှားသောပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ 
(ကိုယ်ရေးအကျဉ်းကို ထိုစာအုပ်စာမျက်နှာ  ၁၅၅  တွင် ဖော်ပြ ထားပေသည်)
အခန်း(၅)
မနေနိုင်မထိုင်နိုင် စာရေးသူက     ဤအရာသည်      ကိုယ်နှင့် ဆိုင်သလားမသိ၊ မဆိုင်ဘူးလားမသိ။  စာအုပ်တစ်အုပ်ကို    ဖတ်မိ လိုက်သည်နှင့် ရေးချင်စိတ်ရွစိတက်လာသဖြင့်  ဤဆောင်းပါးကို   ရေးမိပါ၏။                                              

v စာမျက်နှာ ၆ မှ
ဤစာအုပ်အကြောင်းရေးပါဟု မည်သူကမှ မတိုက်တွန်းပါ။ မိမိစိတ် ဆန္ဒအလျောက် မရေးရမနေနိုင်သဖြင့် ဖတ်ပြီးသည်နှင့် ရေးချင်စိတ် ပေါက်သည်။ နှစ်ခေါက်လောက် နောက်ထပ်ဖတ်သည်။ သေချာသွားပြီ။ ဤစာအုပ်မျိုးအကြောင်းကိုတော့ စာဖတ်ဝါသနာပါသူများ သတိပြု မိပါစေ၊ သိကြပါစေဟူသော ဖြူစင်သည့်စေတနာဖြင့် အခမဲ့ကြေညာ မောင်းခတ်လိုက်ပါရစေ။ နိုင်ငံတော်၏  ပြည်ပကြွေးမြီအခြေအနေ။ စာချစ်သူချင်းလက်တို့သော သဘောသာဖြစ်ပါသည်။ လူဆိုသည်မှာ တစ်ယောက်နှင့်တစ်ယောက်   အကြိုက်ချင်းက ညီကြသည်မဟုတ်။ မိမိနှစ်သက်သဘောကျရုံမျှနှင့်  သူတကာလည်း   နှစ်သက်မည်ဟု ယူဆ၍မရ။ သိပါသည်။ 


ဖတ်လို့ကောင်းခြင်းဟူသော     စကားပြေအရေးအသားက ဆွဲဆောင်အားရှိသည်။ ရိုးသားဖြောင့်မှန်ခြင်းဟူသော သစ္စာတရား၏ ခွန်အားက အလွန်ထက်မြက်လှသည်။ ရသအနုပညာပါသည့်  အရေး အသားနှင့် အကျိုးရှိသောဗဟုသုတက တန်ဖိုး။ 
နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးမှာ   အနားလေးဘက်ရှိပါ၏၊ ထောင့်လေးထောင့်ဟုလည်း   ဆိုနိုင်ပါသေး၏၊ ထောင့်စေ့အောင် လုပ်ဆောင်ကြရကြောင်း မြင်ကြပါလိမ့်မည်။ 


၁။ သံတမန်ရေးရာ (Diplomatic)၊ 
၂။ စီးပွားရေးရာ (Economic)၊
၃။ ပြန်ကြားရေး (Information)၊ 
၄။ စစ်ရေးစွမ်းအား (Military Power)၊ 


စာရေးသူ   ဆရာဝင်းရှိန်က    သူ၏ဘဝတစ်စိတ်တစ်ဒေသကို မှတ်လောက်သားလောက်အောင်      ရေးသားတင်ပြထားကြောင်း တွေ့ရသည်။ မန္တလေးတွင်မွေးသော မန္တလေးသားဖြစ်သဖြင့် ဇာတိအရ ယဉ်ကျေးမှုအဆင့်က တင့်တယ်ပြီးသား။ မန္တလေး၏ ဒေသဝိသေသ လက္ခဏာအငွေ့အသက်ကို အထူးဖော်ပြနေစရာမလိုပေ။ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်  (၁၉) တက်ရောက်ခဲ့ပြီး တပ်မတော် (ရေ)  တွင် ရာထူးတာဝန်အဆင့်ဆင့် ထမ်းဆောင်ခဲ့ခြင်းက    စစ်ရေး စွမ်းအား။ ထိုအပိုင်းကို   ကိုယ်တွေ့   ၃၁ နှစ်ကြာ ဖြတ်သန်းခဲ့ရသည်။ စာရေးစာဖတ်ဝါသနာပါသည်။        နေ့စဉ်ထုတ်သတင်းစာများနှင့် တပ်မတော်(၈၇)နှစ်ပတ်လည်မဂ္ဂဇင်းတို့တွင် သတင်းဆောင်းပါးများ ရေးသားခဲ့သည်။ 


သံအမတ်ကြီးတာဝန်   နိုင်ငံခြားတွင်    ထမ်းဆောင်ခဲ့ရသည်။ ဒုတိယဝန်ကြီးအဖြစ် ဝန်ကြီးဌာန နှစ်နေရာ ထမ်းဆောင်ခဲ့ရပြန်သည်။ (၂၀၁၂-၂၀၁၆) ပြည်ထောင်စုဝန်ကြီးအဖြစ် ဘဏ္ဍာရေးဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်ခဲ့စဉ် ဤကိုယ်တွေ့အကောင်အထည်ဖော် ခဲ့ရသည့် လုပ်ငန်းစဉ်ကို ဖော်ပြထားခြင်းပင်။ စိတ်ဝင်စားစရာကောင်းလှပါသည်။ သူသည် နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးတာဝန် ထောင့်လေးနေရာကို ထောင့်စေ့အောင် ဖြတ်သန်းခဲ့သည့် အတွေ့အကြုံရှိသည်ဖြစ်ကြောင်း တွေ့ရသည်။ ထို့ကြောင့် မြန်မာနိုင်ငံအတွက် စုစုပေါင်း ကြွေးမြီပမာဏ အမေရိကန်ဒေါ်လာ ၅ ဒသမ ၉၅၆ ဘီလီယံ (၅၉၅၆သန်း) အမှန်တကယ် ကြွေးလျှော်ပေးမှုရရှိအောင် သူက အနှောင့်အယှက်အခက်အခဲအမျိုးမျိုး ကြားက   ထိုးဖောက်ထွက်ကာ    အောင်မြင်စွာဦးဆောင်ကွပ်ကဲပြီး စွမ်းဆောင်နိုင်ခဲ့ခြင်းပင်ဖြစ်၏။ ၂၄-၁-၂၀၁၃ ရက်နှင့် ၂၅-၁-၂၀၁၃ ရက်တို့တွင် ပဲရစ်ကလပ်အဖွဲ့ဝင်နိုင်ငံများ ညှိနှိုင်းအစည်းအဝေးတွင် မြီရှင် ၁၁ နိုင်ငံ၏ ကြွေးမြီများအနက်မှ ကြွေးမြီ အမေရိကန်ဒေါ်လာ ၅  ဒသမ  ၉၂၅  ဘီလီယံ (ဒေါ်လာ ၅၉၂၅သန်း) ကြွေးလျှော်ပေးခဲ့ခြင်း ဖြစ်သည်။ အံ့ဩစရာ အတိုင်းအတာပမာဏပါတကား။ 

ကြွေးတင်လျှင်  ရှင်ဘုရင်ဆပ်လိမ့်မည်ဟု   မြန်မာဆိုရိုးစကား ရှိဖူးသည်။ ဘာအဓိပ္ပာယ်ဆိုလိုသည်ကို   မသိပါ။   ဆရာဝင်းရှိန်၏ ဘဝကိုယ်တွေ့ဖြစ်ရပ်မှန်  လုပ်ဆောင်ချက်အမှတ်တရ    မှတ်တမ်း စာအုပ်ကို   ဖတ်မိလိုက်မှ   အုပ်ချုပ်သူမင်းအစိုးရ၏     နိုင်ငံတော် ကာကွယ်ရေး၊ လုံခြုံရေး၊ အမျိုးသားနိုင်ငံတော်တည်တံ့ရှင်သန် ခိုင်မာ ရေးမှာ    အောင်မြင်စွာစွမ်းဆောင်ပေးရန်  တာဝန်ကျေခဲ့သူတို့၏ စေတနာနှင့်စွမ်းရည်ကို လေးစားအားကျဖွယ် မြင်ရပေတော့သည်။ ကြည်နူးဝမ်းသာဂုဏ်ယူမိပါသည်။ 

ရေးသူ၏ ကိုးစားနိုင်မှု( Reliability) အထူးအားကောင်းသည်။ 
အကြောင်းအရာအချက်အလက်၏ ခိုင်လုံမှု(Validity) က အလွန် ပင် စေ့စပ်တိကျမှန်ကန်လှသည်။ သိရသည်မှာ အကျိုးရှိလှပါ၏။ 
ဘဝမှတ်တမ်းအတွေ့အကြုံ    (Memoirs)    ရေးထိုက်အောင် ထူးခြားမှုစံအင်္ဂါ (Standard) နှင့် ပြည့်စုံပါပေသည်။ စာအုပ်နာမည် အတော်အတန်ရှည်လျားလှသော်လည်း မမှတ်မိလျှင် ထားလိုက်ပါ။ ဆရာဝင်းရှိန်ရေးသားသော  သူ၏အတွေ့အကြုံ     “နိုင်ငံတော်၏...” ဤစာအုပ်ကို  နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးသူတိုင်း ဖတ်ကြည့်ထိုက် ပါကြောင်း။     ။