ကြီးထွားနေသည့် တရားမဝင်ကုန်သွယ်မှု လုံးဝပပျောက်သည်ထိ တိုက်ဖျက်နိုင်ရေး

 

တရားမဝင်ကုန်သွယ်မှုနှင့် အဂတိလိုက်စားမှုတို့က နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင်  ကြီးမားသည့်  အဟန့် အတား၊ အနှောင့်အယှက်များ ဖြစ်ပေါ်စေသည့်အတွက် နိုင်ငံတော် က  အလေးအနက်ထားကာ     ဟန့်တားနှိမ်နင်းမှုများ    ပြုလုပ် လျက်ရှိသည်။  တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၃) ကို ဇူလိုင် ၂၇ ရက်က ကျင်းပရာ   “ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ဖမ်းဆီးရမိမှု    များစွာတိုးတက်ခဲ့သော်လည်း  တရားမဝင် ကုန်သွယ်မှုများ လျော့နည်းကျဆင်းသွားခြင်းမရှိဘဲ ဆက်လက် လုပ်ကိုင်ဆောင် ရွက်နေကြကြောင်း” ဦးဆောင်ကော်မတီဥက္ကဋ္ဌက ပြောကြားခဲ့သည်။

 


၂၀၂၂ ခုနှစ် မေလမှ ၂၀၂၃ ခုနှစ် ဧပြီလအထိ မြန်မာ- ထိုင်း နှစ်နိုင်ငံကုန်သွယ်မှုစာရင်းတွင် ထိုင်းဘက်မှ ပို့ကုန်တန်ဖိုးနှင့် မြန်မာဘက်မှ သွင်းကုန်တန်ဖိုးတို့၏ ကွာခြားချက်အမေရိကန် ဒေါ်လာ ၁ ဒသမ ၆၃၉ ဘီလီယံဖြစ်ပေါ်နေရာ ယင်းတန်ဖိုးသည် အဆိုပါကာလအတွင်း    တရားမဝင်ကုန်သွယ်မှုပင်ဖြစ်သည်။ အဆိုပါကာလအတွင်း  တရားဝင်သွင်းကုန်တန်ဖိုးမှာ ၁ ဒသမ ၂၉၃ ဘီလီယံဖြစ်ရာ  တရားမဝင်ကုန်သွယ်မှုက ပိုမိုကြီးထွား နေသည်ကို  တွေ့မြင်နေရသည်။ တရားမဝင်ကုန်ပစ္စည်းများကို နယ်စပ်ဒေသနှင့်   ကုန်သွယ်မှုလမ်းကြောင်းပေါ်မှ တားဆီး စစ်ဆေးမှုအပြင်    သိုလှောင်ရုံများနှင့်   ဈေးကွက်များအထိ ဝင်ရောက်စစ်ဆေး    အရေးယူမှုများ   ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည်ဆိုပါက  တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးကို ပိုမိုအထောက်အကူပြုနိုင်မည်ဖြစ်သည်။

 


တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ နိုင်ငံ အတွင်း လုံခြုံရေးအရ လိုအပ်ချက်ရှိနေဆဲ နယ်စပ်ဒေသများ ရှိနေခြင်း၊ နယ်စပ်ဒေသများသည် ရှည်လျားပြီး နှစ်နိုင်ငံချင်း လွယ်ကူစွာဖြတ်သန်းနိုင်သည့် နေရာအများအပြားရှိခြင်းကြောင့် လုံခြုံရေးအရ စောင့်ကြည့်ထိန်းသိမ်းရန် ခက်ခဲခြင်း၊ ဥပဒေရေးရာ အားနည်းချက်များရှိခြင်း၊ တရားမဝင်ကုန်သွယ်မှု   တိုက်ဖျက် ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရသည့် ဝန်ထမ်းအင်အား နှင့် စွမ်းဆောင်ရည်နိမ့်ကျခြင်းနှင့် အကျင့်ပျက်မှုများရှိနေခြင်း စသည့်အချက်များကလည်း       စိန်ခေါ်မှုများအဖြစ်ရှိနေရာ အားနည်းချက်များကို ပြုပြင်နိုင်သမျှ ပြုပြင်ဆောင်ရွက်သွားရန် လည်း   လိုအပ်မည်ဖြစ်သည်။   လက်ရှိဆောင်ရွက်နေသည့် အကောက်ခွန်ဥပဒေ၊ လုပ်ထုံးလုပ်နည်းများသည် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးတွင် ဆင်နှင့်ဆိတ်ပမာဖြစ်နေသည်ကို  ပိုမိုဖမ်းဆီးရမိသည်နှင့်အမျှ ကြီးသည်ထက် ကြီးမားလာနေသည့် တရားမဝင်ကုန်သွယ်မှုပမာဏက    သက်သေပြလျက်ရှိသည်။ တရားမဝင်ကုန်သွယ်မှုကို   ထပ်ခါထပ်ခါ   ကျူးလွန်နေသူများ အနေဖြင့် ဖမ်းမိ၍ဆုံးရှုံးသမျှကို နောက်ထပ်တရားမဝင်ကုန်သွယ်   မှုများဖြင့်သာ ပြန်လည်ရယူကြမည်မှာ လွန်စွာပင်သေချာသည်။

 


မိမိနိုင်ငံအတွင်းရှိ  အသေးစား၊   အငယ်စား၊  အလတ်စား စီးပွားရေးလုပ်ငန်းများကို အကာအကွယ်ပေးနိုင်ရေး၊ တရားဝင်  ကုန်သွယ်မှုများ တိုးတက်ဖြစ်ထွန်းလာစေခြင်းဖြင့် နိုင်ငံ့အတွက် အခွန်ဝင်ငွေများ ပိုမိုရရှိလာစေရေး၊ ပြည်သူလူထုကျန်းမာရေး ကို အထောက်အကူပြုနိုင်ရေး၊  မူးယစ်ဆေးဝါးနှင့် လက်နက် ခဲယမ်းများ   တရားမဝင်လမ်းကြောင်းများမှ ဝင်ရောက်ခြင်းကို ကာကွယ်နိုင်ရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက် အကူပြုနိုင်ရေးတို့အတွက် တရားမဝင်ကုန်သွယ်မှုများကို လုံးဝ ပပျောက်သွားသည်အထိ တိုက်ဖျက်နိုင်စေရန် ဥပဒေတစ်ရပ် ပြဋ္ဌာန်းဆောင်ရွက်ခြင်းဖြင့် ပိုမိုထိရောက်အောင်မြင်နိုင်မည်ဟု ယုံကြည်မိပါကြောင်း။       ။