
ဆောင်းပါး
=====
ကိုဗစ်-၁၉ အကျပ်အတည်း - ပိုမိုကောင်းမွန်သောအနာဂတ်ကို တည်ဆောက်ရေး
================================================
ယနေ့အချိန်အခါတွင် ကျွန်ုပ်တို့အနေဖြင့် အကျပ်အတည်းတစ်ခုအတွင်းသို့ ကျရောက်လျက်ရှိနေသည်ကို အားလုံးအနေဖြင့် ကောင်းစွာသိရှိခံစားနားလည်ထားကြပြီးဖြစ်မည်ဟု မျှော်လင့်ပါသည်။ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ၏ ရိုက်ခတ်မှုဒဏ်ကို တစ်ဦးတစ်ယောက်ချင်းသာမက အစုအဖွဲ့လိုက် ခံစားရလျက်ရှိပါသည်။ ကမ္ဘာတစ်ဝန်းရှိ လူသန်းပေါင်းများစွာအနေဖြင့် ရောဂါကူးစက်ခံရလျက်ရှိပြီး အချို့မှာ မိမိတို့၏ချစ်ခင်မြတ်နိုးရသူများ ဆုံးရှုံးရလျက်ရှိသကဲ့သို့ လူဦးရေအများအပြားမှာလည်း အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးကြရလျက်ရှိပါသည်။
ကမ္ဘာ့နိုင်ငံများအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ပြန့်ပွားမှုမရှိစေရေးအတွက် ထိန်းချုပ်ကန့်သတ်မှုများကို အဆင့်အမျိုးမျိုးဖြင့် ဆောင်ရွက်ရလျက်ရှိရာ ဗိုင်းရပ်စ် ကူးစက်မှုမှသည် ကျွန်ုပ်တို့၏ စီးပွားရေးအပေါ် များစွာ ထိခိုက်စေခဲ့ပြီး နှစ်ကာလရှည်လျားစွာ ကြိုးစားခဲ့ရသည့် ဖွံ့ဖြိုးတိုးတက်မှုများမှာ လအနည်းငယ်အတွင်းမှာပင် ပျောက်ကွယ်သွားခဲ့ရပါသည်။ ကိုဗစ်-၁၉ ကမ္ဘာ့ ကပ်ရောဂါကြောင့် ထိခိုက်ခံစားရပြီးသူများအတွက် မူလ ရှိရင်းစွဲစိန်ခေါ်မှုများ၊ ပထဝီအနေအထား ခြားနားမှုနှင့် စီးပွားရေးကွာဟချက်များကို ပိုမိုကြီးထွားလာစေခဲ့ပါ သည်။
သုည ဒသမ ၇ ရာခိုင်နှုန်းထိ ကျဆင်းနိုင်
ဝယ်လိုအားကျဆင်းခဲ့သည့်အတွက် အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီးပေးလျက်ရှိသည့် ကုန်ထုတ် လုပ်မှုကဏ္ဍအပေါ် ဆိုးရွားစွာ ထိခိုက်စေခဲ့ပါသည်။ ထို့အတူ နိုင်ငံအချင်းချင်း ခရီးသွားလာမှု မရှိသောကြောင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် မောင်းနှင်အားတစ်ခုဖြစ်သည့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကိုလည်း များစွာထိခိုက်စေခဲ့ ပါသည်။ အမှန်စင်စစ် ၂၀၂၀ ပြည့်နှစ်အတွက် အာရှဒေသ ရှိ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး (GDP)တိုးတက်မှုနှုန်းမှာ လွန်ခဲ့သည့် နှစ်ပေါင်း(၆၀)အတွင်း သုည ဒသမ ၇ ရာခိုင်နှုန်းထိ ကျဆင်းနိုင်ဖွယ် ရှိကြောင်း ခန့်မှန်းထားပါသည်။
မြန်မာနိုင်ငံအနေဖြင့်လည်း အခြားနိုင်ငံများနည်းတူ ကိုဗစ်-၁၉ ကပ်ရောဂါ၏ ရိုက်ခတ်မှုဒဏ်ကို စီးပွားရေး၊ ပြည်သူများ၏ဘဝနှင့် လူမှုအသိုက်အဝန်းများအပေါ် အလားတူ ခံစားရလျက်ရှိပါသည်။ ကျွန်ုပ်တို့နိုင်ငံ၏ လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာသည့် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း၊ အထည်ချုပ်လုပ်ငန်းနှင့် အသေးစား၊ အငယ်စား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအပေါ် မှီခိုနေကြရ သည့် သန်းပေါင်းများစွာသော ဘဝများ၏ အသက်ရှင် ရပ်တည်မှုအပေါ် ဆိုးရွားစွာ ရိုက်ခတ်လျက်ရှိပါသည်။ ကျွန်ုပ်တို့၏ မျိုးဆက်သစ်ကျောင်းသားလူငယ်များ၏ ပညာသင်ကြားမှုကိုလည်း အဟန့်အတားဖြစ်စေခဲ့သကဲ့ သို့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ အနေဖြင့်လည်း နေရပ်သို့ ပြန်လာရလျက်ရှိပါသည်။
မြန်မာနိုင်ငံ၏ အသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး(GDP)တိုးတက်မှုနှုန်းမှာ လွန်ခဲ့သည့် နှစ်အတွင်း ၆ ဒသမ ၈ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်တွင် ၁ ဒသမ ၈ ရာခိုင် နှုန်းထိ ကျဆင်းခဲ့ပါသည်။ ယင်းအချက်ကပင် ကျွန်ုပ် တို့အနေဖြင့် ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးနှင့် ပြန်လည်ထူထောင်ရေးစီမံချက် (Covid-19 Economic Relief and Recovery Plan) ကို အပြည့်အဝ အကောင်အထည်ဖော်ခြင်းဖြင့် နောက်ထပ်ကြုံတွေ့လာရမည့် စိန်ခေါ်မှုများကို ကြံ့ကြံ့ခံ ရင်ဆိုင်ကျော်ဖြတ်ကာ ပိုမိုကောင်းမွန်သော အနာဂတ်ကို တည်ဆောက်သွားရန်လိုအပ်ကြောင်း ပြသလိုက်ခြင်းပင် ဖြစ်ပါသည်။ အာရှဖွံ့ဖြိုးရေးဘဏ်ကမူ ၂၀၂၁ ခုနှစ်အတွက် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းကို ကိုဗစ်-၁၉ မဖြစ်ပွားမီက ရရှိခဲ့သည့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနှုန်းနီးပါးဖြစ်သည့် (၆)ရာခိုင်နှုန်းသို့ ပြန်လည်ရောက်ရှိမည်ဟု ခန့်မှန်းထားပါသည်။
စိန်ခေါ်မှု ရင်ဆိုင်ကြုံတွေ့ရ
မြန်မာနိုင်ငံအနေဖြင့် တံခါးပိတ်စီးပွားရေးပုံစံ ကျင့်သုံးခဲ့စဉ်က ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ၏ သက်ရောက်မှုများကို အတိုင်းအတာတစ်ခုအထိ အကာ အကွယ်ပေးနိုင်မည်ဖြစ်သော်လည်း ယနေ့ခေတ်ကာလ တွင် မြန်မာနိုင်ငံသည် အခြားနိုင်ငံများနှင့် ချိတ်ဆက် ပူးပေါင်းကာ စီးပွားရေးတွင် ပူးပေါင်းဆောင်ရွက်မှုများတိုးပွားလာခဲ့သည့်အတွက် ကိုဗစ်-၁၉ ကဲ့သို့သော မမျှော်မှန်းနိုင်သည့် စိန်ခေါ်မှုများကို ရင်ဆိုင်ကြုံတွေ့ ခဲ့ရပါသည်။
ကျွန်ုပ်တို့နိုင်ငံအနေဖြင့် ဆေးရုံ၊ ဆေးခန်းများနှင့် quarantine centers များတွင် တာဝန်ထမ်းဆောင် လျက်ရှိကြသူများနှင့် ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေး ရှေ့တန်းနှင့်နောက်တန်း စစ်မျက်နှာများအတွက် စဉ်ဆက်မပြတ် ပံ့ပိုးကူညီဆောင်ရွက်ပေးနေသူများ အားလုံးကို အစဉ်ထာဝရ ကျေးဇူးတင်ရှိနေမည်သာ ဖြစ်ပါသည်။
ကျွန်ုပ်အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် လိုအပ်သည့် ဆေးနှင့် ဆေးပစ္စည်းများ လျင်မြန်စွာ ဝယ်ယူပံ့ပိုးရေးကော်မတီဥက္ကဋ္ဌဖြစ်သည်နှင့်အညီ ယခုလအစောပိုင်းတွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနသို့ လူနာတင်ယာဉ်အသစ် များ လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် လူနာတင်ယာဉ်များ ကိုလည်း လာမည့်ရက်သတ္တပတ်များအတွင်း ဆက်လက် လွှဲပြောင်းပေးမည်ဖြစ်၍ ဝမ်းသာရပါသည်။
ဆေးနှင့်ဆေးပစ္စည်း ဝယ်ယူရေးကော်မတီသည် မြို့ပြနှင့် ကျေးလက်ကျန်းမာရေးစင်တာများသို့ အထူး ကြပ်မတ်စောင့်ရှောက်မှုဆိုင်ရာပစ္စည်းများနှင့် တစ်ကိုယ်ရေ အကာအကွယ်ပေးသည့်ပစ္စည်းများ(PPEs)ကို မြန်ဆန်စွာ ပံ့ပိုးပေးနိုင်ရန်အတွက် ကုလသမဂ္ဂစီမံကိန်းလုပ်ငန်းများ ဆိုင်ရာရုံး(UNOPS)ကဲ့သို့သော မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ ပြည်တွင်း၊ ပြည်ပဈေးကွက်များမှတစ်ဆင့် လိုအပ်သည့် ဆေးနှင့်ဆေးပစ္စည်းများကို ပွင့်လင်းမြင်သာ စွာဖြင့် မြန်ဆန်ထိရောက်စွာဝယ်ယူရရှိနိုင်ရေး အလေးထား ဆောင်ရွက်လျက်ရှိပါသည်။ ယင်းသို့ ကပ်ရောဂါကာလ အတွင်း လိုအပ်လာမည့် ဆေးနှင့်ဆေးပစ္စည်းများကို တတ်အားသရွေ့ ဖြည့်ဆည်းပေးခြင်းအားဖြင့် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက လုပ်ဖော်ကိုင်ဖက်များ ရင်ဆိုင်ရလျက်ရှိသည့် ဖိအားအချို့ကို ကူညီဖြေလျှော့ပေး လျက်ရှိပါသည်။
စီးပွားရေးထိခိုက်မှုများ လျှော့ချနိုင်ခဲ့
ထိုသို့ဆောင်ရွက်ရာတွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဖွံ့ဖြိုးမှုအကူအညီများ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့(DACU) နှင့် ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီတို့ကလည်း အားသွန်ခွန်စိုက် လက်တွဲပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ယခုနှစ်မတ်လ အတွင်း မြန်မာနိုင်ငံ၏ ပထမဆုံး ရောဂါကူးစက် အတည် ပြုလူနာကို တွေ့ရှိခဲ့ပြီးနောက် စီးပွားရေးထိခိုက်မှု သက်သာ ရေးစီမံချက်(CERP) ကို ရေးဆွဲဆောင်ရွက်ခဲ့ရာ စီးပွားရေး လျင်မြန်စွာ ပြန်လည်ဦးမော့လာစေရေး အခြေခံအုတ်မြစ် များ ချမှတ်နိုင်ခဲ့ရုံမျှမက ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာ နိုင်သည့် စီးပွားရေးအရ ထိခိုက်မှုများကို လျှော့ချနိုင်ခဲ့ပါ သည်။
အဆိုပါ ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက် (CERP)နှင့်အညီ ယနေ့အချိန်အထိ မြန်မာကျပ်ငွေ စုစုပေါင်း (၂)ထရီလီယံကို ထုတ်ချေးပေးခဲ့ပါသည်။ အဆိုပါ ထုတ်ချေးငွေများအနက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်း များအတွက် အထောက်အကူပြုစေရန် ထုတ်ချေးပေးခဲ့သည့် မြန်မာကျပ်ငွေ (၂၀၀)ဘီလီယံ၊ လယ်တစ်ဧကလျှင် မြန်မာ ကျပ်ငွေ(၅)သောင်းနှုန်းဖြင့် တောင်သူလယ်သမားများထံသို့ ထုတ်ချေးပေးခဲ့သည့် မြန်မာကျပ်ငွေ (၆၀၀)ဘီလီယံ၊ အသေးစားငွေချေး လုပ်ငန်းများသို့ ထုတ်ချေးပေးခဲ့သည့် မြန်မာကျပ်ငွေ (၁၀၀) ဘီလီယံ ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသို့ ထုတ်ချေးပေးခဲ့သည့် မြန်မာကျပ်ငွေ(၂၀၀) ဘီလီယံနှင့် လက်ဖက်ရည်ဆိုင်ငယ် များနှင့် လမ်းဘေးဈေးဆိုင်ငယ်များသို့ ထုတ်ချေးပေးခဲ့သည့် မြန်မာကျပ်ငွေ (၁၀၀)ဘီလီယံတို့ ပါဝင်ပါသည်။
ကုစားနိုင်ရန်နှင့် ပြန်လည်ထူထောင်နိုင်ရန်
ရေတိုကာလတွင် စီးပွားရေး ထိခိုက်မှုသက်သာရေးကို အမြန်ဆုံးကုစားနိုင်ရန်နှင့် ရေရှည်ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပြည်ပက အတိုးနှုန်း သက်သာသော ချေးငွေနှင့် အကူအညီအထောက်အပံ့များ အတွက် အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာ ရရှိ စေရန် ဖွံ့ဖြိုးမှုအကူအညီများညှိနှိုင်းရေးအဖွဲ့(DACU)နှင့် အတူတကွ လက်တွဲဆောင်ရွက်လျက်ရှိပါသည်။
ပြီးခဲ့သည့်နှစ်များအတွင်း ပထမဆုံးအကြိမ်အဖြစ် ဘဏ္ဍာရေးနှစ်(၁)နှစ်အတွက် နိုင်ငံခြားတိုက်ရိုက်ရင်းနှီး မြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၅) ဘီလီယံကျော်ကို ခွင့်ပြုပေးခဲ့ရသည်ကို သုံးသပ်ပါက နိုင်ငံခြားရင်းနှီးမြှုပ်နှံ သူများအနေဖြင့် မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံရန် စိတ်ပါ ဝင်စားမှုလျော့ကျသွားခြင်း မရှိသေးကြောင်း သိရှိရသဖြင့် ကျွန်ုပ်အနေဖြင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် အသစ် ထပ်မံ အဆိုပြုထားသည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍနှင့် အိမ်ရာအဆောက်အအုံဖွံ့ဖြိုး မှုကဏ္ဍဆိုင်ရာ စီမံကိန်းကြီးများကို အလေးအနက်ထား လေ့လာသုံးသပ်လျက်ရှိပါသည်။ လွယ်ကူသည့် ကိစ္စရပ် တစ်ခုမဟုတ်သော်လည်း သင့်လျော်ပြီး တာဝန်ယူမှု တာဝန် ခံမှုရှိသည့် ပြည်ပရင်းနှီးမြှုပ်နှံမှုများ စဉ်ဆက်မပြတ် စီးဝင်လာစေခြင်းအားဖြင့် ရေရှည်တည်တံ့ခိုင်မြဲမှုရှိပြီး ပိုမိုခံနိုင်ရည်ရှိသည့် စီးပွားရေးနာလန်ထူမှုအတွက် မရှိမဖြစ် အရေးပါသည့်ကဏ္ဍမှ အထောက်အပံ့ပြုလျက်ရှိပါသည်။
အကြီးဆုံး လျှပ်စစ်ဓာတ်အားစက်ရုံ
လွန်ခဲ့သောလအနည်းငယ်အတွင်း၌လည်း မိမိတို့မျှော်မှန်းထားသည့်အတိုင်း ရေရှည်တည်တံ့သည့် ဖွံ့ဖြိုး တိုးတက်မှုများရရှိစေရန်အတွက် အရေးပါသောခြေလှမ်း များကို အစပြုနိုင်ခဲ့ပါသည်။ ပထမဦးစွာ ပြီးခဲ့သည့် ဇူလိုင် လအတွင်း ဂျပန်ကုမ္ပဏီများဖြစ်သည့် Marubeni ၊ Sumitomo Corp. နှင့် Mitsui & Co. တို့က အဆိုပြုထား သည့် ကျောက်မီးသွေးအစားထိုးစီမံကိန်းဖြစ်သော LNG ဓာတ်ငွေ့အသုံးပြု လျှပ်စစ်ဓာတ်အားထုတ်လုပ်မည့် စီမံကိန်းကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ခွင့် ပြုပေးခဲ့ပါသည်။ အဆိုပါစီမံကိန်းတွင် ဓာတ်ငွေ့လောင်စာ ကို အသုံးပြု၍ (၁၂၅၀)မဂ္ဂါဝပ်ပမာဏရှိ လျှပ်စစ်ဓာတ်အား ကို ထုတ်လုပ်ပေးနိုင်သည့် မြန်မာနိုင်ငံ၏ လက်ရှိ လျှပ်စစ်ထုတ်လုပ်မှုပမာဏ၏ (၅)ပုံ(၁)ပုံကို ထုတ်လုပ် ပေးသွားနိုင်မည့် မြန်မာ့အကြီးဆုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစက်ရုံ တည်ဆောက်ရေးလည်း ပါဝင်ပါ သည်။ နိုင်ငံတော်အစိုးရက ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ရာနှုန်းပြည့် ဖြန့်ဖြူး ပေးနိုင်ရေးချမှတ်ထားသည့် မဟာဗျူဟာနှင့်အညီ ဗို့အား တည်ငြိမ်မှုရှိသည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုမှ တစ်ဆင့် အလားတူ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနှင့် အခြားသောကဏ္ဍများအတွက် အနာဂတ်ရင်းနှီးမြှုပ်နှံ မှုများကို လမ်းဖွင့်ပေးနိုင်မည်ဖြစ်ရာ မျိုးဆက်သစ် လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ လည်း ပိုမိုဖန်တီးဖော်ဆောင်ပေးနိုင်တော့မည် ဖြစ်ပါ သည်။
m စာမျက်နှာ ၂၀ မှ
ဒုတိယဆောင်ရွက်ချက်အနေဖြင့် အစိုးရ၏ ရည်မှန်းချက်ဖြစ်သည့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် ဆိုင်ရာလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမို ဝင်ရောက်လာစေရန်အတွက် နေရောင်ခြည်စွမ်းအင် အသုံးပြု လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်း စီမံကိန်း ၃၀ နီးပါးအတွက် နိုင်ငံတကာကုမ္ပဏီများ ပါဝင်သည့် ဈေးပြိုင်တင်ဒါကို ခေါ်ယူနိုင်ခဲ့ပါသည်။
သက်သာသည့် ဈေးနှုန်းဖြစ်လာ
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စိန်ခေါ်မှုများ ကြုံတွေ့ရလျက်ရှိသော်လည်း တင်ဒါအဆိုပြုလွှာ ၁၅၅ ခုကိုရရှိခဲ့ပြီး ပျမ်းမျှတင်ဒါဈေးနှုန်း တစ်ယူနစ်လျှင် အမေရိကန်ဒေါ်လာ သုည ဒသမ ၀၄၂၂ နှုန်းဖြင့် တင်ဒါ အောင်မြင်ခဲ့သည့်အတွက် ယှဉ်ပြိုင်မှုမြင့်မားသည့် တင်ဒါလုပ်ငန်းစဉ် ဖြစ်ခဲ့ပါသည်။ အဆိုပါဈေးနှုန်းမှာ ခန့်မှန်းနှုန်းထားအောက် များစွာလျော့နည်းခဲ့ပြီး လျှပ်စစ်သုံးစွဲသူများအတွက် အထူးသက်သာသည့် ဈေးနှုန်း ဖြစ်လာခဲ့ပါသည်။
အဆိုပါ နေရောင်ခြည်အသုံးပြု၍ လျှပ်စစ် ဓာတ်အားထုတ်လုပ်မည့်စီမံကိန်းများ အကောင် အထည်ဖော်ခြင်းဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာအခွင့်အလမ်း အမြောက်အမြား ပေါများပြည့်လျှံ နေမှုနှင့် ယခုရင်းနှီးမြှုပ်နှံထားသူများအနေဖြင့်လည်း အဆိုပါအခွင့်အလမ်းများကို အမိအရဖမ်းဆုပ်နိုင်ကြသူ များဖြစ်ကြောင်း မီးမောင်းထိုးပြလျက်ရှိပါသည်။
ယနေ့မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုအပ် ချက်မှာ တစ်နှစ်လျှင် ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းထိ မြင့်တက်လျက်ရှိသော်လည်း မြန်မာနိုင်ငံအနေဖြင့် အာရှတွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်မှု အနည်း ဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ယခုကဲ့သို့ အမျိုးသား အဆင့် ထူးခြားထင်ရှားသည့် စွမ်းအင်စီမံကိန်းများကို အကောင်အထည်ဖော်ခြင်းဖြင့် မိမိတို့နိုင်ငံ၏ မျိုးဆက် သစ်ကျောင်းသားလူငယ်များအနေဖြင့် မိမိတို့၏နေအိမ် များ၌ပင် အဆင်ပြေလုံခြုံစွာ ပညာဆည်းပူးနိုင်မည် ဖြစ်သကဲ့သို့ စိုက်ပျိုးရေးကဏ္ဍကိုလည်း စက်မှုလယ်ယာ စနစ်သို့ လွယ်ကူစွာ ပြောင်းလဲဆောင်ရွက်လာနိုင်မည် ဖြစ်သည့်အပြင် အင်တာနက်မှတစ်ဆင့် ဝေးလံခေါင်ဖျား ဒေသရှိ အသိုက်အဝန်းများထံ သတင်းအချက်အလက်နှင့် နည်းပညာများ ပံ့ပိုးပေးနိုင်တော့မည်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ကို ရင်းနှီးမြှုပ်နှံသူ များက ပိုမိုယုံကြည်လာစေရန်တည်ဆောက်ရင်း အခြား သောစီးပွားရေးဆိုင်ရာ အကျိုးအမြတ်များ ပေးစွမ်းနိုင် ရန်လည်း ကြိုးပမ်းလျက်ရှိပါသည်။
တတိယအရေးအကြီးဆုံး သမိုင်းမှတ်တိုင်တစ်ခု မှာ ရန်ကုန်မြို့၏အနောက်ဘက်ကမ်း၌ တန်ဖိုးနည်း အိမ်ရာများ၊ ရေပေးဝေရေးစနစ်၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုစနစ်နှင့် အခြားသောလိုအပ်သည့် အခြေခံအဆောက် အအုံများပါဝင်သော စက်မှုဇုန်သစ်ထူထောင်ရေး ရန်ကုန် မြို့သစ် စီမံကိန်းအတွက် ဆွစ်ယှဉ်ပြိုင်တင်ဒါ လုပ်ငန်းစဉ် (Swiss Challenge tender process)ကို ကြီးကြပ်ရန် နိုင်ငံတကာ ထိပ်တန်းအကြံပေးကုမ္ပဏီတစ်ခုဖြစ်သည့် Roland Berger ကုမ္ပဏီကို ပြီးခဲ့သည့်လက ရွေးချယ် နိုင်ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါဆောင်ရွက်ချက်ကြောင့် တရားမျှတသည့် ယှဉ်ပြိုင်မှုအောက်တွင် ပိုမိုကောင်းမွန် သော အရည်အသွေးပြည့်ဝသည့် စီမံကိန်းတစ်ခု ပေါ်ထွန်း စေမည်ဖြစ်ပြီး အလားတူစီမံကိန်းလုပ်ငန်းများ ဆောင်ရွက် ရန်အတွက် စံနမူနာကောင်းတစ်ရပ်ဖြစ်စေမည်ဖြစ်
ပါသည်။
သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး
အမေရိကန်ဒေါ်လာဘီလီယံပေါင်းများစွာ ရင်းနှီး မြှုပ်နှံမည့် ယင်းစီမံကိန်းတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးမှာ အဓိကအချက်ဖြစ်ပါသည်။ လုပ်ငန်း များ အကောင်အထည်ဖော်ရာတွင် ဇီဝမျိုးစုံ/ မျိုးကွဲများနှင့် ရေဝပ်ဒေသများကို ကာကွယ်ထိန်းသိမ်းသွားမည် ဖြစ်သကဲ့သို့ စီမံကိန်း၏ Master Plan နှင့်အညီ ရေလွှမ်းမိုးမှု ဒဏ်ခံနိုင်ရည်ရှိသော တည်ဆောက်မှုပုံစံ၊ သဘာဝနှင့် ဖန်တီးထားသည့်ပန်းခြံများ၊ တူးမြောင်းများနှင့် ရေစီး ရေလာ ကောင်းမွန်စေရေးစနစ်များကိုပါ ထည့်သွင်း တည်ဆောက်သွားမည်ဖြစ်ပါသည်။
ထို့ပြင် နိုင်ငံတော်အစိုးရအနေဖြင့် လုပ်သာကိုင်သာ ရှိသော ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်ကောင်းဖော်ဆောင်ရာတွင် အထောက်အပံ့ဖြစ်စေမည့် ပြုပြင်ပြောင်းလဲမှုများကိုလည်း ဆောင်ရွက်ထားပြီးဖြစ်ပါသည်။ ဥပမာတစ်ခုမှာ များမကြာ မီကပင် အွန်လိုင်းမှတစ်ဆင့် ရန်ကုန်မြို့တော် အဆောက် အအုံဆောက်လုပ်ရန် ခွင့်ပြုမိန့်လျှောက်ထားမှုစနစ် (YBPS)ကို စတင်အသုံးပြုနိုင်ခဲ့ခြင်းဖြစ်ပါသည်။ အဆောက်အအုံ ဆောက်လုပ်ခွင့်ပါမစ်များ လျှောက်ထား ရာတွင် အဆင့်ဆင့် တင်ပြလျှောက်ထားရမှုများကို လျှော့ချစေခြင်းဖြင့် လုပ်ငန်းများ ပိုမိုမြန်ဆန်ချောမွေ့မှု ရှိစေရန် ရည်ရွယ်အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါစနစ်ကို စတင်အသုံးပြုပြီး ငါးလအတွင်းမှာပင် လျှောက်ထားလွှာ ၁၀၀၀ ကျော် လက်ခံရရှိထားပြီး ဖြစ်ကြောင်းကိုလည်း အသိပေးပြောကြားလိုပါသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနအနေဖြင့် လာမည့်နှစ်ကာလများအတွင်း အနာဂတ်ဒစ်ဂျစ်တယ်စနစ် အသုံးပြုမှုများနှင့်ပတ်သက်၍ အစိုးရဝန်ကြီးဌာနများအကြား ရှေ့ဆောင်ဝန်ကြီးဌာန တစ်ခုဖြစ်စေရန် မျှော်မှန်းဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် ကမ္ဘာ့ဘဏ်မှထုတ်ပြန်သည့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လွယ်ကူ ချောမွေ့မှု အဆင့်သတ်မှတ်ချက်တွင် အဆင့်အနေအထား တိုးတက်ကောင်းမွန်လာစေမည်ဖြစ်ပြီး ကျား/မ ခွဲခြားမှု၊ အုပ်ချုပ်မှုနှင့် ပထဝီအနေအထားအရ ကွာဟမှုများကို လျော့နည်းစေနိုင်မည်ဖြစ်ကာ အမှန်တကယ်လိုအပ်နေသူ များထံသို့လည်း အစိုးရ၏ဝန်ဆောင်မှုများ ပံ့ပိုးပေးသွား နိုင်မည်ဖြစ်ပါသည်။
ကောင်းမွန်သောအနာဂတ် ဖော်ဆောင်မည်
ကျွန်ုပ်တို့၏အားထုတ်မှုများမှာ ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှု သက်သာရေးစီမံချက်နှင့်အညီ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါ စီမံချက်ချမှတ်ဆောင်ရွက်ခဲ့သည်မှာ ခြောက်လတာကြာမြင့်ခဲ့ပြီဖြစ်ရာ ကျွန်ုပ်တို့အနေဖြင့် အဆိုပါ စီမံချက်နှင့်အညီ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ရန် ကျန်ရှိသည်များနှင့် ဆောင်ရွက်ရမည့်ကိစ္စရပ်များကို စစ်တမ်းကောက်ယူလျက်ရှိပါသည်။ ထို့အတူ လွန်ခဲ့ သော လေးနှစ်တာကာလကတည်းက မိမိတို့ဆောင်ရွက် ခဲ့သည့် ပြုပြင်ပြောင်းလဲမှုများကို ထိန်းသိမ်းနိုင်ရန်နှင့် အလယ်အလတ်ကာလမှသည် ကာလရှည်အတွက် ပြီးပြည့်စုံပြီး အားလုံးပါဝင်နိုင်မည့် ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှုသက်သာရေးနှင့် ပြန်လည်ထူထောင်ရေး စီမံချက် (COVID- 19 Economic Relief and Recovery Plan-CERRP)အသစ်ကို ရေးဆွဲလျက်ရှိပါသည်။ အဆိုပါ စီမံကိန်းတွင် ရေရှည်တည်တံ့ပြီး စစ်မှန်သည့်စီးပွားရေး ပြန်လည်ထူထောင်မှုဖြစ်စေရန်အတွက် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ရေရှည်တည်တံ့ခိုင်မြဲရေး အယူအဆကို အဓိကထား ထည့်သွင်းရေးဆွဲထားပါ သည်။ အခြေခံအဆောက်အအုံနှင့် စွမ်းအင်ကဲ့သို့သော ကဏ္ဍများတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိသည့် ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်သွားမည်ဖြစ်ပြီး အဆိုပါ ရင်းနှီးမြှုပ်နှံမှုများမှတစ်ဆင့် ပိုမိုကောင်းမွန်သော အနာဂတ်ကို ဖော်ဆောင်သွားမည်ဖြစ်ပါသည်။
အတူတကွ လက်တွဲတွန်းလှန်
မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ပထမလှိုင်း၏ အဆိုးရွားဆုံးအခြေအနေမှ လွတ်မြောက်ခဲ့သော်လည်း ဒုတိယလှိုင်း၏ ရိုက်ခတ်မှုဒဏ်ကို ဆိုးရွားစွာခံစားရ လျက်ရှိပါသည်။ အဆိုပါအခက်အခဲကို ကျော်လွှားရာ တွင် အစိုးရနှင့်ပြည်သူ အပြန်အလှန်ရိုင်းပင်းကူညီ၍ အတူတကွ လက်တွဲတွန်းလှန်သွားကြရမည်သာဖြစ်ပါ သည်။ ကျွန်ုပ်တို့အနေဖြင့်လည်း အဆိုပါစိန်ခေါ်မှုများကို ဦးဆောင်မှုအခန်းကဏ္ဍမှ ဖြေရှင်းပေးသွားမည်ဖြစ်သကဲ့ သို့ နိုင်ငံသူ နိုင်ငံသားများအနေဖြင့်လည်း အစိုးရ၏ ဆောင်ရွက်ချက်များကို အပြုသဘောဖြင့် ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးကြမည်ဆိုသည်ကို ယုံကြည်ထား ပြီးဖြစ်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် ကြုံတွေ့ရသည့် စိန်ခေါ်မှုကို ရုတ်ချည်းဖြေရှင်း၍ မရနိုင်သေးသဖြင့် ရှေ့ဆက်ရမည့်လမ်းခရီးမှာ ရှည်လျားနေမည်သာဖြစ်ပါ သည်။ သို့ဖြစ်ရာ ကျွန်ုပ်တို့အနေဖြင့် အချိန်အတိုင်းအတာ တစ်ခုအထိ အခြားသူများနှင့် ထိတွေ့ဆက်ဆံခြင်းမပြုဘဲ တတ်နိုင်သမျှ မိမိအိမ်တွင်နေထိုင်ခြင်းဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ အပြီးမသတ်ခင်ကာလအထိ ကြံ့ကြံ့ခံ ရင်ဆိုင်သွားကြရမည်သာဖြစ်ပါသည်။
မီးနာမှ သံကောင်းမည်ဆိုသည့် ဆိုရိုးစကားအတိုင်း ကိုဗစ်-၁၉ ကာလအတွင်း ကြုံတွေ့ရသည့် စိန်ခေါ်မှု များကို အတူတကွရင်ဆိုင်ဖြေရှင်းခြင်းအားဖြင့် ကျွန်ုပ် တို့ ပြည်သူများအားလုံး၏ အမျိုးသားရေးစိတ်ဓာတ် နှင့် စရိုက်လက္ခဏာများ ပိုမိုခိုင်မာအားကောင်းလာစေ မည်ဖြစ်ပါသည်။ ထိုနည်းအားဖြင့် ထိုသို့ ပိုမိုခိုင်မာ ကောင်းမွန်မှု၊ ပိုမိုခံနိုင်ရည်စွမ်းရှိမှု၊ ပိုမိုစာနာရိုင်းပင်းမှု တို့ဖြင့် ပိုမိုကောင်းမွန်သော အနာဂတ်ကို အတူတကွ ဖန်တီးပုံဖော်ကြရန်အတွက် အလေးအနက်ထား တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ။
- Log in to post comments