နှစ်တစ်နှစ် ကုန်ဆုံးခါနီးခဲ့ပြီ။ ကမ္ဘာသုံး ပြက္ခဒိန်အရ ခရစ်နှစ် ၂၀၂၀ မှသည် ၂၀၂၁ သို့ ကူးပြောင်းရန် အရှိန်ယူနေပါပြီ။ ပုံမှန်အတိုင်း နှစ်သစ်ကူးခဲ့ကြသည့် အစဉ်အလာအရဆိုလျှင် ယခုလိုအချိန်က ပွဲတော်များ၊ မီးရောင်စုံများ၊ အလုပ်များ၊ ကျောင်းများ၏ ပိတ်ရက်ရှည် များဖြင့် စည်ကားသိုက်မြိုက် မြူးထူးနေကြချိန်။
အထူးသဖြင့်မူ အနောက်နိုင်ငံများတွင် ခရစ္စမတ်ကို မိသားစု တွေ့ကြဆုံကြရန် တစ်နှစ်တာအတွက် အကောင်းဆုံးအခွင့်အရေး အဖြစ် သတ်မှတ်ကာ တွေ့ကြဆုံကြသည်။ အနယ်နယ်အရပ်ရပ် သို့ ရောက်နေကြသော မိသားစုဝင်များသည် မိဘရပ်ထံပြန်လာကာ စုကြ ဝေးကြ ဆုံကြလေ့လည်း ရှိလေရာ ခရီးသွားရာသီ၊ ပွဲတော် ရာသီအဖြစ် သတ်မှတ်ထားကြသည် ဖြစ်ပေ၏။
ယခု ကိုဗစ်ရောဂါပိုး ကူးစက်ပြန့်ပွားမှုအန္တရာယ်က ပွဲတော် များ ဆင်နွှဲကျင်းပခြင်းကို အားမပေး၊ ခရီးသွားလာခြင်း၊ တစ်နေရာ နှင့် တစ်နေရာ ကူးလူးဆက်ဆံခြင်းကို အားမပေး၊ လူစုလူဝေး များခြင်း၊ စုရုံးခြင်းကို အားမပေးဖြစ်လေရာ ပွဲတော်ကာလနှင့် ထိပ်တိုက်ဆန့်ကျင်တိုးတော့သည်။
သည်လိုအခြေအနေအတွင်း၌ အင်္ဂလန်နိုင်ငံ အရှေ့တောင်ပိုင်း တွင် ကိုဗစ်-၁၉ ရောဂါကို ဖြစ်ပွားစေသည့် ဗိုင်းရပ်စ်ပိုးသည် ဗီဇပြောင်းလဲမှုအသစ်ဖြင့် ကူးစက်၊ ပျံ့နှံ့မှုများ ဖြစ်ပွားနေသည်ကို တွေ့ရှိရကြောင်း ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၄ ရက်က ကြေညာခဲ့ ပါသည်။ ထိုဗီဇပြောင်း ဗိုင်းရပ်စ်ပိုးသည် ယခင်ပိုးများထက် ကူးစက်မှု ပိုမိုမြန်ဆန်ပျံ့နှံ့လွယ်သည်ဟုလည်း ဆိုပါသည်။ သို့သော် လည်း ထိုပိုးကြောင့် ရောဂါဝေဒနာ ပိုမိုပြင်းထန်လာသည်ဟူသည့် အထောက်အထား မတွေ့ရသေးဟုလည်း ဆိုပါသည်။ ပညာရှင်အစုံစုံ တို့ ပူးပေါင်းကာ ဗီဇပြောင်းဗိုင်းရပ်စ်ပိုးအသစ်ကို စစ်ဆေးသုတေ သနပြုနေကြဆဲ၊ စမ်းသပ်နေကြဆဲ ဖြစ်ပါသည်။
ဗိုင်းရပ်စ်ပိုးတို့သည် ရှင်သန်ပြန့်ပွားနေရင်း သူ၏ ကြံ့ခိုင်သန်မာမှု နှင့် သက်တမ်းရှည်လျားစေရေးအတွက် ဗီဇပြောင်းလဲရင့်ကျက်လာ သည်မှာ သဘာ၀ဖြစ်၏။ သူ၏ ကူးစက်ပျံ့နှံ့နိုင်မှုကို ပိုမိုမြန်ဆန် လာအောင်၊ အလွယ်တကူ ပိုမိုပြန့်ပွားနိုင်အောင် ပြင်ဆင်လာလေ့ ရှိ၏။ တစ်နည်းဆိုသော် မိမိ၏ မျိုးရိုးဗီဇကို မိမိဘာသာ မြှင့်တင် ပေးနေသည့် သဘာ၀အတိုင်း ဗီဇရင့်သန် ပြောင်းလဲလာခြင်းဖြစ်၏။
ဗိုင်းရပ်စ်ပိုး၏ ဗီဇရင့်သန်ပြောင်းလဲလာမှုကို အစဉ်တစိုက် ခွဲခြမ်းစိတ်ဖြာ စိစစ်လေ့လာနေသည့် ပညာရှင်အဖွဲ့က ထိုသို့ဗီဇ ပြောင်း ဗိုင်းရပ်စ်ပိုးကို အင်္ဂလန်အရှေ့တောင်ပိုင်းအရပ်နှင့်အတူ ဝေလနယ်၊ စကော့တလန်နယ်တို့တွင်ပါ တွေ့ရှိလာရသည်ဟု ဆိုပါသည်။
မည်သို့ပင်ဖြစ်စေ၊ ပိုမိုလျင်မြန်စွာကူးစက်နိုင်သည့် ဗီဇပြောင်း ဗိုင်းရပ်စ်ကို တွေ့ရှိလာနေပြီဆိုသည်ကား အမှန်ဖြစ်ပါသည်။ ယင်း ဗိုင်းရပ်စ်ကြောင့် ခံစားရသော ရောဂါဝေဒနာ ပိုမိုပြင်းထန်သည်ကို မတွေ့ရသေးသော်လည်း ပိုမိုသတိထားကြရန် လိုအပ်သည်ဟု နှိုးဆော်ထားပါသည်။
အထက်တွင် ဆိုသကဲ့သို့ နှစ်ကုန်ခါနီး ပိတ်ရက်ရှည်များနှင့် ယှဉ်တွဲနေသော ပျော်ရွှင်ဖွယ်ရက်များဖြစ်သည့် ခရစ္စမတ်၊ နှစ်သစ်ကူး ပွဲတော်ရက်များအတွင်း လူစုလူဝေးစုရုံးမှုကို ကျန်းမာ ရေးပညာရှင်များ၊ ကျန်းမာရေးဝန်ထမ်းများက များစွာ စိုးရိမ်နေကြ သည်။ ထို့ကြောင့်ပင် အင်္ဂလန်တွင် တွေ့ရှိလာသည့် ဗီဇပြောင်း ဗိုင်းရပ်စ်၏ မြန်ဆန်သော ကူးစက်မှုကို အကြောင်းပြု၍ ဝန်ကြီး ချုပ် ဘောရစ်ဂျွန်ဆင်က လန်ဒန်ဧရိယာနှင့် အရှေ့တောင်ပိုင်း နယ်များကို ည ၁၂ နာရီနောက်ပိုင်း အပြင်မထွက်ရ၊ ခရီးမသွားရ ကန့်သတ်မှုအမိန့်ထုတ်ပြန်လိုက်သည်။ အမျှော်လင့်ကြီးမျှော်လင့် ခဲ့သော ခရစ္စမတ်နှင့် နှစ်သစ်ကူးပွဲတော်များကို အတော်ပင် တိတ်တိတ်ဆိတ်ဆိတ် ကျင်းပကြရန် အကြောင်းဖန်လာခဲ့ပါသည်။
မြန်မာနိုင်ငံတွင်လည်း ထိုဗိုင်းရပ်စ်၏ မျိုးရိုးဗီဇတစ်ခုလုံးကို လေ့လာသော သုတေသနပြုမှုများကို ဆောင်ရွက်နေပြီ ဖြစ်ပါသည်။ နိုင်ငံတကာ အနေအထားအရ ပိုမိုလျင်မြန်စွာ ကူးစက်သည့် ဗီဇ ပြောင်း ဗိုင်းရပ်စ်ကို စတင်တွေ့ရှိနေပြီဖြစ်ရာ၊ မြန်မာနိုင်ငံသား ပြည်သူတို့ ရောဂါကာကွယ်ရေးအခြေခံများကို ကျင့်ကြံရင်း၊ လူစု လူဝေးများ မပြုလုပ်ရ အစရှိသည့် ထုတ်ပြန်ပြဋ္ဌာန်းထားသော ကျန်းမာရေးဆိုင်ရာ ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းတို့ကို အထူးဂရုပြု လိုက်နာကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသတည်း။ ။