
နေပြည်တော် နိုဝင်ဘာ ၁၆
ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးသည် ယနေ့နံနက်ပိုင်းတွင် VideoConferencing စနစ်ဖြင့် ပြုလုပ် သည့် ကိုဗစ်- ၁၉ ဓာတ်ခွဲစစ်ဆေး ဆောင်ရွက်မှု လက်ရှိအခြေအနေနှင့် ရှေ့မျှော်မှန်းတွက်ဆဆောင်ရွက်မည့် လုပ်ငန်းများ ဆွေးနွေးခြင်း အစည်း အဝေးသို့ တက်ရောက်သည်။
စနစ်တကျလုပ်ဆောင်
အစည်းအဝေး၌ ပြည်ထောင်စု ဝန်ကြီးက ကိုဗစ်- ၁၉ ကာကွယ် ထိန်းချုပ်ခြင်း လုပ်ငန်းများတွင် စောစီးစွာ ကုသမှုပေးနိုင်ရေးနှင့် ရောဂါကွင်းဆက် ဖြတ်တောက်နိုင်ရန် အတွက် ကိုဗစ်- ၁၉ လူနာများကို ဓာတ်ခွဲစစ်ဆေး ဖော်ထုတ်ခြင်းနှင့် လူနာနှင့် ထိတွေ့ခဲ့သူများအား ရှာဖွေ ထောက်လှမ်းမှုတို့သည် အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ခြင်းသည် အလွန်အရေးကြီးသည့် လုပ်ငန်းများ ဖြစ်ပါကြောင်း၊ ရောဂါကာကွယ် ထိန်းချုပ်ရာတွင် အရေးကြီးသည့် ဓာတ်ခွဲစစ်ဆေးမှု လုပ်ငန်းများ အတွက် လိုအပ်သည့် စက်ပစ္စည်း ကိရိယာများ ပုံမှန်ထိန်းသိမ်းမှုနှင့် ဓာတ်ခွဲပစ္စည်းများ ပြတ်တောက်ခြင်း မရှိစေရန်တို့ကို စနစ်တကျ လုပ်ဆောင်လျက်ရှိပါကြောင်း၊ အမျိုး သား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာနနှင့် ဆေးသုတေသနဦးစီးဌာန တို့သည် ကိုဗစ်- ၁၉ ဓာတ်ခွဲစစ်ဆေးမှု လုပ်ငန်းများ ဆောင်ရွက်နေမှု လက်ရှိအခြေအနေကို ဘက်စုံမှ ဆန်းစစ်သုံးသပ်ကာ လိုအပ်ချက်များနှင့်အားနည်းချက်များကို ဖြည့်ဆည်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
တိုင်းဒေသကြီး/ ပြည်နယ်၊ မြို့နယ်အလိုက် ဓာတ်ခွဲနမူနာများအား သက်ဆိုင်ရာ ဓာတ်ခွဲခန်းများသို့ ပေးပို့နေမှုအခြေအနေ၊ ဓာတ်ခွဲပစ္စည်း များ ဖြန့်ဝေထားရှိမှု၊ သုံးစွဲမှု၊ လက်ကျန်စာရင်းနှင့် ရှေ့ဆက် ဆောင်ရွက်ရန် လိုအပ်မည့် အခြေ အနေ၊ ဝယ်ယူထားရှိမှုနှင့် လှူဒါန်း လက်ခံရရှိမှု ပစ္စည်းများ စသည်တို့ကို စာရင်းပြုစုခြင်း၊ ဆန်းစစ်သုံးသပ်ခြင်း များ ပိုမိုကောင်းမွန်အောင် ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ ဓာတ်ခွဲနမူနာ များ ဓာတ်ခွဲခန်းသို့ ပို့ဆောင်ရာတွင် ခရီးအကွာအဝေးနှင့် ပို့ဆောင်ရသည့် ပုံစံအခြေအနေနှင့် အချိန်ကြာမြင့်မှု ကိုလည်း ထည့်သွင်းစဉ်းစားရမည် ဖြစ်ပါကြောင်း၊ မြို့နယ်များမှ ဓာတ်ခွဲ နမူနာများပေးပို့ရာတွင် ကူးစက်မှု ကွင်းဆက်ဖြတ်တောက်ရန် အရေး ကြီးသည့် ဓာတ်ခွဲနမူနာကို အခြား ဓာတ်ခွဲနမူနာများနှင့် ကွဲပြားစေရန် အမှတ်အသားပြုလုပ်ပေးပို့ စေလိုပါ ကြောင်း၊ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနအနေဖြင့် တိုင်း ဒေသကြီး/ ပြည်နယ်များမှ ပြည်သူ့ ကျန်းမာရေး ဓာတ်ခွဲခန်းများ၊ ကိုဗစ်- ၁၉ ဓာတ်ခွဲစစ်ဆေးမှု ပြုလုပ်နေသည့် ဓာတ်ခွဲဌာနများ၏ အရည် အသွေးကို ထိန်းသိမ်းရန်အတွက် အကဲဖြတ် ဆန်းစစ်မှုပုံစံ (checklist) များ ပေးပို့ကာ လိုအပ်ချက်နှင့် အားနည်း ချက်များ ဖော်ထုတ်ဖြည့်ဆည်း ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။
အတတ်နိုင်ဆုံး ပံ့ပိုးသွားမည်
ဓာတ်ခွဲစက်ပစ္စည်းကိရိယာများ ဝယ်ယူရာတွင် သက်ဆိုင်ရာ စက်နှင့် တွဲဖက်အသုံးပြုရမည့် ဓာတ်ခွဲပစ္စည်း များ၏ စရိတ်စက၊ ဓာတ်ခွဲစစ်ဆေးမှု ကြာချိန်၊ အသုံးပြုရလွယ်ကူမှု၊ ဓာတ်ခွဲအဖြေ တိကျမှန်ကန်မှုနှင့် စက်ပစ္စည်းထိန်းသိမ်း ပြင်ဆင်မှု လိုအပ်ချက် စသည့်အချက်များဖြင့် နှိုင်းယှဉ်ချိန်ဆကာ ဝယ်ယူရမည် ဖြစ်ပါကြောင်း၊ ဓာတ်ခွဲစစ်ဆေးခြင်းလုပ်ငန်းများသည် ရေရှည်ဆက်လက် ဆောင်ရွက်နေရမည် ဖြစ်သဖြင့် လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုကိစ္စရပ်များကိုလည်း စနစ်တကျ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များ အား အတတ်နိုင်ဆုံး ပံ့ပိုးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဝိုင်းဝန်းဆွေးနွေး
ထို့နောက် အမျိုးသားကျန်းမာ ရေး ဓာတ်ခွဲမှုဆိုင်ရာဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဌေးဌေးတင်က အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာနများနှင့် ဓာတ်ခွဲဌာနများတွင် ကိုဗစ်- ၁၉ ဓာတ်ခွဲစစ်ဆေးနေမှု၊ ဓာတ်ခွဲစစ်ဆေးမှု အမျိုးမျိုးတို့၏ အားသာချက်နှင့် အားနည်းချက်များ၊ ဓာတ်ခွဲစက်ပစ္စည်းများ တပ်ဆင် အသုံးပြုရန် ကြာမြင့်ချိန်နှင့် လုပ်ငန်း အဆင့်များ၊ ဝယ်ယူထားရှိမှုနှင့် လှူဒါန်းရရှိသည့် ဓာတ်ခွဲစက်ပစ္စည်း များစာရင်းနှင့် ဓာတ်ခွဲပစ္စည်း လက်ကျန်စာရင်းများ၊ ရေရှည်အတွက် ထပ်မံလိုအပ်မည့် ဓာတ်ခွဲပစ္စည်းများ၊ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှု များနှင့် လိုအပ်ချက်များကို လည်း ကောင်း၊ ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်းက ဆေးသုတေသနဦးစီးဌာန ဓာတ်ခွဲ စစ်ဆေးနေမှု အခြေအနေများ၊ ဝယ်ယူထားရှိမှုနှင့် လှူဒါန်းရရှိသည့် ဓာတ်ခွဲစက်ပစ္စည်းများ စာရင်းနှင့် ဓာတ်ခွဲပစ္စည်း လက်ကျန်စာရင်းများ၊ ရေရှည်အတွက် ထပ်မံလိုအပ်မည့် ဓာတ်ခွဲပစ္စည်းများ၊ လူ့စွမ်းအားအရင်း အမြစ် စီမံခန့်ခွဲမှုများနှင့် လိုအပ် ချက်များကိုလည်းကောင်း၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ကူးစက်) ဒေါက်တာ ထွန်းတင်က တိုင်းဒေသ ကြီး/ ပြည်နယ်အလိုက် ကိုဗစ်- ၁၉ ဖြစ်ပွားကူးစက်မှုအခြေအနေများနှင့် ဓာတ်ခွဲနမူနာ ပေးပို့နေမှု အခြေအနေ များအား လည်းကောင်း၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ဝယ်ယူ ဖြန့်ဖြူးရေး) ဒေါက်တာထင်လင်းက ဓာတ်ခွဲစက်ပစ္စည်းများနှင့် ဓာတ်ခွဲ ပစ္စည်းများ ဝယ်ယူထားရှိမှု၊ လှူဒါန်း လက်ခံရရှိမှုနှင့် ဖြန့်ဖြူးထားရှိမှု အခြေအနေများ၊ ထပ်မံမှာယူထား သည့် ပစ္စည်းများ ဦးစားပေး မျှော်မှန်း တွက်ဆဝယ်ယူမည့် ပစ္စည်းများနှင့် ပတ်သက်၍ လည်းကောင်း၊ ညွှန်ကြား ရေးမှူး (ကျန်းမာရေး အသိပညာ မြှင့်တင်ရေး) ဒေါက်တာ သန်းနိုင်စိုးက ဓာတ်ခွဲစစ်ဆေးခြင်းဆိုင်ရာ အစီအစဉ် များ ပိုမိုကောင်းမွန်စေရေး အကြံပြု ချက်များကိုလည်းကောင်း၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်း ရေး) ဒေါက်တာ သန္တာလွင်က - GeneXpert စက်များ အသုံးပြုကာ ကိုဗစ် -၁၉ စစ်ဆေးနေမှုအခြေအနေ များ၊ စက်များနှင့် တွဲဖက်အသုံးပြုရ သည့် ဓာတ်ခွဲပစ္စည်းများ ရရှိမှုနှင့် ထပ်မံလိုအပ်မည့် အခြေအနေများ အားလည်းကောင်း၊ ဆေးတက္ကသိုလ် (၁)၊ ပါမောက္ခချုပ် ပါမောက္ခဒေါက်တာ ဇော်ဝေစိုးက ရန်ကုန်တိုင်းဒေသကြီး တွင် ဓာတ်ခွဲစစ်ဆေးမှုအမျိုးမျိုးဖြင့် စစ်ဆေးဆောင်ရွက်နေမှု အခြေအနေ များအားလည်းကောင်း အသီးသီး တင်ပြခဲ့ကြပြီး တက်ရောက်လာကြ သူများက ကိုဗစ်- ၁၉ ဓာတ်ခွဲစစ်ဆေး ခြင်းလုပ်ငန်းများ ပိုမိုကောင်းမွန်စေ ရေးနှင့် ရေရှည်ဆောင်ရွက်နိုင်ရန် အတွက် အကြံပြုချက်များနှင့် မျှော်မှန်း တွက်ဆချက်များအား ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် အမြဲတမ်း အတွင်းဝန် ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းတို့က တင်ပြချက်များ အပေါ် ပြန်လည်ဆွေးနွေးခဲ့ကြသည်။
ဖြည့်ဆည်းဆောင်ရွက်ပေး
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ ကိုဗစ်- ၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် အရေးကြီးသည့် ဓာတ်ခွဲ စစ်ဆေးမှုများကို မိမိတို့၏ အရေးကိစ္စ သဖွယ် အလေးထားအားထုတ် ဆောင်ရွက်နေကြသူ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ ယနေ့ အစည်းအဝေးတွင် ကိုဗစ်- ၁၉ ဓာတ်ခွဲစစ်ဆေးမှုများ ရေရှည် ဆက်လက် ဆောင်ရွက်ရန်အတွက် မိမိတို့တွင်ရှိသော အရင်းအမြစ်များနှင့် ချိန်ထိုးတွက်ဆ ဆွေးနွေးချက်များ သည် ကောင်းမွန်ပါကြောင်း၊ ဝန်ကြီး ဌာနအနေဖြင့် ပံ့ပိုးဆောင်ရွက်နိုင် သည်များကို အတတ်နိုင်ဆုံး ပံ့ပိုး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်