
နေပြည်တော် နိုဝင်ဘာ ၁၆
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့ ညနေပိုင်းတွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ကိုရီးယားသမ္မတနိုင်ငံမှ ASEAN– Korea Cooperation Fund ဖြင့် COVID-19 Antigen Test Kits များ လှူဒါန်းပေးအပ်ခြင်းအခမ်းအနားသို့ Videocon-ferencing စနစ်ဖြင့် တက်ရောက်သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများအတွက် ကိုရီးယားသမ္မတနိုင်ငံ KOFIH အဖွဲ့နှင့် ကိုရီးယားနိုင်ငံမှ အဖွဲ့အစည်းများ သည် စဉ်ဆက်မပြတ် ပံ့ပိုးလှူဒါန်းမှု များ ပြုလုပ်နေခြင်းအပေါ် ကျေးဇူး တင်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ခြင်းလုပ်ငန်းများတွင် အသုံး ပြုရန်အတွက် ဓာတ်ခွဲစက်ပစ္စည်း ကိရိယာများ၊ ဓာတ်ခွဲဆက်စပ်ပစ္စည်း များ၊ Rapid Antigen Diagnostic Test Kit များ၊ တစ်ကိုယ်ရေသုံး ရောဂါ ကာကွယ်ရေးအသုံးအဆောင် များကို ကိုရီးယားသမ္မတနိုင်ငံမှ ပေးအပ်လှူဒါန်းလျက်ရှိရာ ယခုအချိန် အထိ ကိုရီးယားသမ္မတနိုင်ငံအစိုးရမှ လှူဒါန်းမှုတန်ဖိုး အမေရိကန်ဒေါ်လာ သုံးသန်းခန့် ရှိပြီဖြစ်ပါကြောင်း၊ ထို့အပြင် ကိုရီးယားသမ္မတနိုင်ငံမှ အဖွဲ့အစည်းများ၊ အလှူရှင်များနှင့် ကုမ္ပဏီများမှ လှူဒါန်းမှုများလည်း ရှိပါကြောင်း။
ထိုကဲ့သို့ လှူဒါန်းပံ့ပိုးမှုများသည် မြန်မာနိုင်ငံ ပြည်သူများအတွက် များစွာအကျိုးရှိစေပြီး မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး ပိုမိုမြင့်မားစေရေး အတွက်လည်း အကျိုးရှိစေပါကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရန် ပါးစပ်နှင့် နှာခေါင်းစည်း(Mask) မဖြစ်မနေ စနစ်တကျတပ်ဆင်ရေး စီမံချက် အသွင်လှုပ်ရှားမှုကို စတင်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ယနေ့ ပေးအပ် လှူဒါန်းသည့် COVID-19 Antigen Test Device ၄၄၀၀၀ ခုသည် မိမိတို့ နိုင်ငံတွင် ကိုဗစ်-၁၉ လူနာများကို စောစီးစွာ ရှာဖွေကုသမှုပေးနိုင်ရန်နှင့် ရောဂါကွင်းဆက် ဖြတ်တောက်နိုင် ရန် လုပ်ငန်းများအတွက် များစွာ အထောက်အကူပြုမည် ဖြစ်သဖြင့် ကျေးဇူးတင်ရှိပါကြောင်း ပြောကြား သည်။
ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ လီဆန်ဟွာက လွန်ခဲ့သော အပတ်က ကျင်းပပြုလုပ်ခဲ့သော ပါတီစုံအထွေထွေရွေးကောက်ပွဲကြီး တွင် လက်ရှိအာဏာရ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်က အောင်မြင်မှုရရှိ ခဲ့ခြင်းကို ဝမ်းမြောက်စွာဂုဏ်ပြုပါ ကြောင်း၊ ရွေးကောက်ပွဲမကျင်းပမီနှင့် ကျင်းပစဉ်ကာလအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါအတွက် လိုအပ်သော ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ ကို ပြည်ထောင်စုဝန်ကြီး ဦးဆောင်မှု ဖြင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူအသီးသီး က ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရှိရပါကြောင်း၊ ယနေ့အခမ်း အနားသည် အာဆီယံ-ကိုရီးယား ထိပ်သီးညီလာခံ ကျင်းပနေသည့် ကာလနှင့် တိုက်ဆိုင်နေပြီး ကိုရီးယား သမ္မတနိုင်ငံ၏ သမ္မတ Mr.Moon Jae-in က ယခင် New Southern Policy မှ New Southern Policy Plus သို့ အဆင့်မြှင့်တင် ဆောင်ရွက်သွား မည်ဟု ကြေညာခဲ့ပါကြောင်း၊ အဆိုပါ မူဝါဒအသစ်တွင် ဦးစားပေးလုပ်ငန်း နယ်ပယ်ခုနစ်ခုပါရှိပြီး ကျန်းမာရေး ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ပါကြောင်း။
ကိုရီးယားသမ္မတနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားပြီး နောက် အကူအညီလိုအပ်သော အာဆီယံနိုင်ငံများကို ထောက်ပံ့ရန် အတွက် ASEAN-Korea Coopera-tion Fund တည်ထောင်ခဲ့ပြီး မြန်မာ နိုင်ငံအား ယခုကဲ့သို့ ပထမဦးဆုံး ထောက်ပံ့ကူညီပေးခြင်း ဖြစ်ပါ ကြောင်း၊ KOFIH မှလည်း COVID-19 Antigen test kit များနှင့် portable X-ray များကို ထောက်ပံ့ပေးခဲ့ပါ ကြောင်း။
ထို့အပြင် KOFIH သည် မြန်မာ နိုင်ငံတွင် လက်ရှိဆောင်ရွက်နေသော ပဏာမကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ၊ မကူးစက်နိုင်သော ရောဂါများနှင့် ကူးစက်ရောဂါဆိုင်ရာ စွမ်းရည်မြှင့်တင်မှု လုပ်ငန်းများ အတွက်လည်း ဆက်လက်ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြောကြား သည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံရုံးမှ First Secretary Ms. Oh You Na က ကိုရီးယားသမ္မတနိုင်ငံ၏ New Sou-thern Policy Plus နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ KOFIH Myanmar Office မှ ဌာနေကိုယ်စားလှယ် Mr. Ahn Jong-soh က ယခုပေးအပ် လှူဒါန်းမှုများမှာ ASEAN – Korea Cooperation Fund ဖြင့် မြန်မာ နိုင်ငံအား ယခုကဲ့သို့ ပထမဦးဆုံးအဖြစ် ထောက်ပံ့ကူညီပေးခြင်း ဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံတွင် ဆောင်ရွက် နေသည့် ပဏာမကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း အပါအဝင် ကျန်းမာရေးကဏ္ဍ လုပ်ငန်းများတွင် ရှေ့ဆက်ပါဝင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ကိုရီးယားသမ္မတ နိုင်ငံမှ ASEAN – Korea Cooperation Fund (AKCF) ဖြင့် လှူဒါန်းပေးအပ် သည့် အမေရိကန်ဒေါ်လာ ၄၂၅၃၆၀ တန်ဖိုးရှိ COVID-19 Antigen Test Device ၄၄၀၀၀ ခုကို မြန်မာနိုင်ငံ ဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ လီဆန်ဟွာက ဆေးသုတေသနဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ပါမောက္ခဒေါက်တာ ဇော်သန်းထွန်းထံသို့ လွှဲပြောင်း ပေးအပ်ခဲ့ပြီး(အပေါ်ပုံ) ညွှန်ကြား ရေးမှူးချုပ်က မှတ်တမ်းတင်ဂုဏ်ပြု လွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရ သည်။
သတင်းစဉ်