
ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက်
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဆေးပစ္စည်းကိရိယာများ လှူဒါန်း
===============================================
နေပြည်တော် နိုဝင်ဘာ ၆
ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဆေးပစ္စည်းကိရိယာများ လှူဒါန်းပေးအပ်မှု အခမ်းအနားကို ယနေ့ညနေပိုင်းက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
မိတ်ဆွေကောင်းပီသစွာကူညီခဲ့
ရှေးဦးစွာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့သည် ကိုဗစ်-၁၉ ကပ်ရောဂါကို ရင်ဆိုင်ရာတွင် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှု များဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တရုတ်နိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုများဖြစ်ပွားစဉ်က မြန်မာနိုင်ငံမှ မိတ်ဆွေကောင်း ပီသစွာ ပံ့ပိုးကူညီခဲ့သကဲ့သို့ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဖြစ်ပွားချိန်တွင်လည်း တရုတ်နိုင်ငံမှ အပြန်အလှန်ပံ့ပိုးခြင်းဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ် အတွင်း မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံ ဗဟိုအစိုးရ၊ ဒေသဆိုင်ရာအစိုးရ၊ ကုမ္ပဏီနှင့် လူမှုအဖွဲ့အစည်းများက ဆေးနှင့်ဆေးပစ္စည်းကိရိယာများပံ့ပိုးခဲ့ပြီး ဆေးဘက် ဆိုင်ရာ ပညာရှင်အဖွဲ့များလည်း သုံးကြိမ်လာရောက်ခဲ့ကာ အတွေ့အကြုံများ မျှဝေပေးခဲ့ပါကြောင်း၊ ယခုအခမ်းအနားတွင် တစ်ကိုယ်ရေသုံး ရောဂါ ကာကွယ်ရေးဝတ်စုံပြည့် ၂၄၀၀၀၀ ကို ပေးအပ်လှူဒါန်းသွားမည် ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ဒုတိယလှိုင်းအား ကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများ ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်နေမှုအား တွေ့မြင်နေရပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် နှစ်နိုင်ငံသွေးစည်းညီညွတ်မှု ဖြင့် ဆက်လက်ပူးပေါင်းပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယခုကဲ့သို့ တရုတ် နိုင်ငံမှ နှစ်နိုင်ငံရင်းနှီးချစ်ကြည်စွာဖြင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်မှု လုပ်ငန်းများအတွက် ပံ့ပိုးဆောင်ရွက်နေမှုများအပေါ် ဝန်ကြီးဌာန၏ ဆေးရုံများမှ ဝန်ထမ်းများ၊ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း ဆောင်ရွက်နေသည့် ဝန်ထမ်းများနှင့် ပြည်သူများအားလုံးကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊ ယခု ကိုဗစ်-၁၉ ဖြစ်ပွားချိန်တွင် တရုတ်နိုင်ငံအစိုးရက အမေရိကန်ဒေါ်လာ ၅ ဒသမ ၉၄ သန်းကျော်နှင့် ကုမ္ပဏီနှင့် လူမှုအဖွဲ့အစည်းများက မတ် ၁၇ ရက်မှ ယနေ့ အထိ အမေရိကန်ဒေါ်လာ ၈ သိန်း ၉ သောင်းကျော် စုစုပေါင်း အမေရိကန်ဒေါ်လာ ၆ ဒသမ ၈ သန်းကျော် တန်ဖိုးရှိ ဆေးနှင့် ဆေးပစ္စည်းကိရိယာများကို ပံ့ပိုး ပေးအပ်ခဲ့သည့်အပြင် ဆေးဘက်ဆိုင်ရာ ပညာရှင်အဖွဲ့များစေလွှတ်ပြီး ရောဂါ ကာကွယ်ထိန်းချုပ်မှု အတွေ့အကြုံများဝေမျှခြင်းနှင့် အကြံပြုခြင်းများ ဆောင်ရွက်ခဲ့သည့်အပေါ် ကျေးဇူးတင်ရှိပါကြောင်း၊ ထိုသို့ပံ့ပိုးမှုများကြောင့် မြန်မာနိုင်ငံပြည်သူများ၏ အသက်များကို ကယ်တင်ကုသခြင်း၊ ပြည်သူများ အကြား ရောဂါကူးစက်မှုကို ကာကွယ်ခြင်းနှင့် ရောဂါကူးစက်မှုလမ်းကြောင်းကို ဖြတ်တောက်ခြင်းလုပ်ငန်းများအတွက် များစွာအထောက်အကူပြုရုံသာမက ပံ့ပိုးသည့်ပစ္စည်းများအသုံးပြုကာ လူနာများအား ကိုင်တွယ်ကုသမှုပေးနေသူ များထံသို့ ရောဂါကူးစက်နိုင်မှု အလားအလာနည်းပါးစေခြင်းတို့အတွက် အကျိုး ကျေးဇူးများစွာ ရရှိပါကြောင်း။
များစွာအကျိုးရှိမည်
တရုတ်နိုင်ငံ၏ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာန(Myanmar Center for Disease Control) ကို အမြန်ဆုံး စတင် တည်ဆောက်နိုင်ရေးအတွက် ဆောင်ရွက်နေသည်ကိုလည်း ကျေးဇူးတင်ရှိပါ ကြောင်း၊ အဆိုပါဌာနပြီးစီးပါက ကူးစက်ရောဂါနှင့် မကူးစက်နိုင်သောရောဂါများ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ပိုမိုထိရောက်ကောင်းမွန်စွာ ဆောင်ရွက် ခြင်း၊ ရောဂါကာကွယ်ထိန်းချုပ်ရေး စွမ်းဆောင်ရည်မြှင့်လုပ်ငန်းများ ပိုမို ကျယ်ပြန့်စွာဆောင်ရွက်ခြင်း၊ တရုတ်နိုင်ငံနှင့်ပူးပေါင်း၍ သုတေသနလေ့လာမှု များဆောင်ရွက်ခြင်း၊ နှစ်နိုင်ငံပညာရှင်များ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ ကျယ်ပြန့်စွာဆောင်ရွက်ခြင်း၊ ဓာတ်ခွဲလုပ်ငန်းများ ပိုမိုအဆင့်မြင့်မားစွာ ဆောင်ရွက်ခြင်းစသည်တို့ကို လုပ်ဆောင်နိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံ ပြည်သူ များအတွက် များစွာအကျိုးရှိမည်ဖြစ်ပါကြောင်း၊ အဆိုပါဌာနကြီးသည် မြန်မာ-တရုတ်ချစ်ကြည်ရင်းနှီးမှု သင်္ကေတအဖြစ် နှစ်ပေါင်းများစွာ တည်တံ့ သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် တရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာ ချန်းဟိုင်က တရုတ်နိုင်ငံမှ လှူဒါန်းသည့် တစ်ကိုယ်ရေသုံး ရောဂါကာကွယ်ရေးဝတ်စုံပြည့် ၂၄၀၀၀၀ ကို ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်းထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်က ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။ သတင်းစဉ်