
ကရာကက်စ် အောက်တိုဘာ ၁၁
ဗင်နီဇွဲလားနိုင်ငံသည် အောက်တိုဘာ ၁၀ ရက် တွင် ကိုဗက်အစီအစဉ်မှတစ်ဆင့် ကိုဗစ်-၁၉ ကာကွယ်ဆေးအလုံးရေ နှစ်သန်းကျော်ကို လက်ခံရရှိခဲ့သည်ဟု သိရသည်။
ဗင်နီဇွဲလားနိုင်ငံအတွင်း လူဦးရေ ၇၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးပေးနိုင်ရေးရည်မှန်းချက်အတွက် နောက်ထပ်ခြေလှမ်းတစ်ခုလည်းဖြစ်သည်။ ကရာကက်စ်မြို့ အပြင်ဘက် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကာကွယ်ဆေးအလုံးရေ ၂၅၉၄၀၀၀ ကို ဗင်နီဇွဲလား ကျန်းမာရေးဝန်ကြီး ကာလို့စ် အယ်လ်ဘရာဒို က လက်ခံရရှိခဲ့သည်။
ယခုအကြိမ် ကာကွယ်ဆေးများရောက်ရှိမှု မှာ ဒုတိယအကြိမ် ရောက်ရှိလာခြင်းဖြစ်ပြီး ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့နှင့် ပန်အမေရိက ကျန်းမာရေးအဖွဲ့အစည်းမှ အရာရှိများနှင့်အတူ ကာကွယ်ဆေးများကို လက်ခံရရှိခဲ့သည်။
ယခုတစ်ကြိမ် ကာကွယ်ဆေးများ ပေးပို့ ခြင်းဖြင့် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို ချမှတ်ထားသည့်လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကိုကာကွယ်ဆေးထိုးပေးရန် ရည်မှန်းချက်ကို ပြည့်မီလာစေနိုင်သည်ဟုလည်း ခန့်မှန်းထား သည်။ ဗင်နီဇွဲလားနိုင်ငံတွင် ယခုအချိန်အထိ ကိုဗစ်- ၁၉ ကူးစက်ခံရသူ ၃၈၂၂၆၆ ဦးရှိပြီး သေဆုံးသူ ၄၆၀၆ဦးရှိသည်ဟု သိရသည်။
ဆင်ဟွာ