ကိုဗစ်-၁၉ ကာကွယ်ဆေး ပေါ်ပေါက်ရရှိပါက စနစ်တကျထိုးနှံပေးနိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိမှု ဗဟိုအဆင့်အစည်းအဝေး ကျင်းပ

ကိုဗစ်-၁၉ ကာကွယ်ဆေး ပေါ်ပေါက်ရရှိပါက စနစ်တကျထိုးနှံပေးနိုင်ရေး

ကြိုတင်ပြင်ဆင်ထားရှိမှု ဗဟိုအဆင့်အစည်းအဝေး ကျင်းပ

===============================================================================

 

နေပြည်တော် နိုဝင်ဘာ ၁၁

 

ကိုဗစ်-၁၉ ကာကွယ်ဆေး ပေါ်ပေါက်ရရှိပါက စနစ်တကျ ထိုးနှံပေးနိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိမှု ဗဟိုအဆင့် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ကမ္ဘာ့နိုင်ငံများတွင် အစွမ်းထက်မြက်သည့် ကိုဗစ်-၁၉ ကာကွယ်ဆေးထုတ်လုပ်နိုင်ရန်အတွက် ကမ္ဘာ့ နိုင်ငံများနှင့် ကုမ္ပဏီအများအပြားက ကြိုးစားဆောင်ရွက် လျက်ရှိပြီး ယခုအချိန်အထိ မည်သည့် နိုင်ငံ၊ မည်သည့် ဆေးကုမ္ပဏီမှ ထုတ်လုပ်သော ကာကွယ်ဆေးတစ်မျိုးမျိုး တွင်မျှ တတိယအဆင့် လက်တွေ့စမ်းသပ် သုတေသနပြုမှု (phase-3 clinical trial) ကို အလုံးစုံ ပြီးမြောက်ခြင်းမရှိ သေးပါကြောင်း၊ ထိုသို့ လက်တွေ့စမ်းသပ်သုတေသနပြုမှု များ အောင်မြင်ပြီးစီးပြီး စွမ်းရည်ထက်မြက်သည့် ကိုဗစ်- ၁၉ ကာကွယ်ဆေးပေါ်ပေါက်လာပါက မိမိတို့နိုင်ငံတွင် ရရှိထိုးနှံနိုင်ရေးအတွက် အစီအစဉ်များ စနစ်တကျ ချမှတ် ထားပါရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က လမ်းညွှန် ထားပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကာကွယ် ဆေး ပေါ်ပေါက်ရရှိပါက စနစ်တကျ ထိုးနှံပေးနိုင်ရေး အတွက် မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်ဆေးလုပ်ငန်း ပေါင်းစပ်ညှိနှိုင်းစီမံခန့်ခွဲမှုကော်မတီ (COVAX National Coordinating Committee – CNCC)၊ အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ (National Immunization Technical Advisory Group - NITAG) နှင့် မြန်မာနိုင်ငံ COVID-19 ကာကွယ်ဆေး လုပ်ငန်းအဖွဲ့ (COVAX National Technical Working Group-CTWG) များကို ဖွဲ့စည်းထားပြီး အဆိုပါအဖွဲ့များထံမှ အကြံပြုချက်များရယူကာ စနစ်တကျ ပြင်ဆင်ဆောင် ရွက်နေခြင်း ဖြစ်ပါကြောင်း၊ ဘေးအန္တရာယ်ကင်း၍ လုံခြုံ စိတ်ချရကာ အာနိသင်ထက်မြက်ပြီး အရည်အသွေးပြည့်ဝ သည့် ကိုဗစ်-၁၉ ကာကွယ်ဆေး ပေါ်ပေါက်လာပါက ကမ္ဘာတစ်ဝန်းလုံးရှိ နိုင်ငံများက အပြိုင်အဆိုင်ဝယ်ယူကြ မည်ဖြစ်ပါကြောင်း။

 

ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အရည်အသွေးပြည့်ဝသော ကာကွယ်ဆေးများ ကျယ်ကျယ်ပြန့်ပြန့် ထိုးနှံနိုင်ရေး အတွက် ရန်ပုံငွေများ အဓိကထောက်ပံ့ပေးနေသည် Gavi, The Vaccine Alliance အဖွဲ့အနေဖြင့် COVAX Facility မှ တစ်ဆင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး ရရှိစေရေး ပံ့ပိုးမည့်အစီအစဉ်များ ချမှတ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ မိမိအနေဖြင့် Gavi, The Vaccine Alliance အဖွဲ့၏ အရှေ့တောင်အာရှဒေသနှင့် အရှေ့ပစိဖိတ် ဒေသဆိုင်ရာ ဘုတ်အဖွဲ့ဝင်အဖြစ် ဆောင်ရွက်နေပြီး ဘုတ် အဖွဲ့ဝင်များအစည်းအဝေးတွင် မြန်မာနိုင်ငံအတွက် ကိုဗစ်- ၁၉ ကာကွယ်ဆေးများရရှိနိုင်ရေး အလေးထားဆွေးနွေး ထားပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးရွေးချယ်ရာ တွင်လည်း ရောဂါကာကွယ်နိုင်စွမ်းရည်ထက်မြက်မှု၊ အရည် အသွေးပြည့်ဝမှုနှင့် ဘေးအန္တရာယ်ကင်းရှင်းမှု စသည့် အချက်များကို သိပ္ပံနည်းကျအထောက်အထား ခိုင်လုံမှု ရှိစွာဖြင့် လေ့လာဆန်းစစ်ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊ ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ်ကာလအတွင်း၌ ကိုဗစ်-၁၉ ဆိုင်ရာ ဆေးဝါးနှင့် ဆေးပစ္စည်းများ၊ ဓာတ်ခွဲပစ္စည်း များနှင့် ရောဂါကာကွယ်ရေးအသုံးအဆောင်များ စသည် တို့ကို လျင်မြန်လွယ်ကူစွာ ဝယ်ယူရရှိနိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့၏ ပံ့ပိုးမှုများဖြင့် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ပေါ်ပေါက် လာပြီးနောက် ဝယ်ယူရာတွင်လည်း အဆိုပါဝန်ကြီးဌာနများ ၏ ပံ့ပိုးကူညီမှုများဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

 

ကိုဗစ်-၁၉ ကာကွယ်ဆေး ရရှိလာပါက ရရှိသည့်အရေ အတွက်ပမာဏ၊ ကာကွယ်ဆေး၏ ရောဂါကာကွယ်ပေးနိုင် သည့် အချိန်ကာလအတိုင်းအတာ၊ ကာကွယ်ဆေးများ ထားသိုနိုင်ရန်အတွက် အအေးလမ်းကြောင်းစနစ်များ အခြေအနေ၊ လူနာများကို ကိုင်တွယ်ကုသနေရသည့် ကျန်းမာရေး ဝန်ထမ်းများကဲ့သို့ ရောဂါကူးစက်နိုင်ခြေ များပြားသူများ၊ အသက်အရွယ်ကြီးပြီး ရောဂါအခံရှိသူ များ၊ နေရာဒေသအလိုက် ရောဂါကူးစက်ပျံ့နှံ့မှုအခြေအနေ အပါအဝင် အခြေအနေအရပ်ရပ်ကို ဘက်စုံခြုံငုံစဉ်းစားကာ ဦးစားပေးထိုးနှံမည့် အုပ်စုများ သတ်မှတ်မည်ဖြစ်ပြီး ကာကွယ်ဆေးအရေအတွက် ပိုမိုရရှိလာပါက အဆင့်ဆင့် တိုးချဲ့ထိုးနှံသွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် အာနိသင် မပြည့်ဝသည့် ကာကွယ်ဆေးများ တရားမဝင်လမ်းကြောင်း များမှ ဝင်ရောက်လာနိုင်သည်ဖြစ်သဖြင့် အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) အနေဖြင့် ကြီးကြပ် စစ်ဆေးမှုနှင့် ပြည်သူများထံ အသိပညာပေးမှုများကိုလည်း လုပ်ဆောင်မည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေး ပေါ်ပေါက်လာပြီးပါကလည်း နိုင်ငံတစ်ဝန်းလုံး ကာကွယ် ဆေးထိုးနှံခြင်း လွှမ်းခြုံမှုမှာ ကာကွယ်ဆေးရရှိမှုပမာဏ အပေါ်မူတည်၍ အချိန်တိုအတွင်း မပြီးစီးနိုင်သည့်အတွက် ပြည်သူလူထုအနေဖြင့် လက်ရှိ ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးစည်းကမ်းများကို ဆက်လက်လိုက်နာဆောင် ရွက်နေရမည်ဆိုသည့် အရေးကြီးအချက်ကိုလည်း ပြည်သူ များထံ ဆက်လက်၍ အသိပညာပေးမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အမျိုးသားအဆင့် ကာကွယ်ဆေးထိုး လုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ကို ပိုမိုတိုးချဲ့ ဖွဲ့စည်းထားခဲ့ပြီး ပညာရှင်ကြီးများ ထပ်မံထည့်သွင်းကာ ဆက်လက်တိုးချဲ့ဖွဲ့စည်းသွားမည် ဖြစ်ပါကြောင်း၊ တိုးချဲ့ ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးဆိုင်ရာ ကိစ္စရပ်များအပါအဝင် ကာကွယ် ဆေးအမျိုးမျိုးဆိုင်ရာ နိုင်ငံတကာလေ့လာတွေ့ရှိချက် အသစ်များကို အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်း ဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ထံသို့ ပေးပို့ကြရမည် ဖြစ်ပါကြောင်း၊ ကာကွယ်ဆေးထိုးလုပ်ငန်းများ ပိုမိုတိုးတက် ကောင်းမွန်စေရေးအတွက် အသုံးချသုတေသနများကို လည်း မဖြစ်မနေ ပိုမိုလုပ်ဆောင်ကြစေလိုပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် လက်တွေ့ဆောင်ရွက်နိုင်မည့် အကြံပြုချက်များကို ရယူရန် အတွက် ယနေ့ အစည်းအဝေးကို ပြုလုပ်ရခြင်းဖြစ်ပြီး တက်ရောက်လာကြသည့် ပညာရှင်ကြီးများအနေဖြင့် ပွင့်လင်းစွာ ဆွေးနွေးပြောကြားစေလိုပါကြောင်း ပြောကြား သည်။

 

ထို့နောက် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက် မှ ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်းနှင့် တာဝန် ရှိသူများက ကိုဗစ်-၁၉ ကာကွယ်ဆေး ပေါ်ပေါက်ရရှိပါက စနစ်တကျ ထိုးနှံပေးနိုင်ရေးအတွက် အစီအစဉ်များ COVAX Facility ၏ ကိုဗစ်-၁၉ ကာကွယ်ဆေးပေါ်ပေါက်လာပါက သက်သာသော ဈေးနှုန်းဖြင့် အချိုးကျဝယ်ယူနိုင်မည့် နိုင်ငံများတွင် မြန်မာနိုင်ငံအကျုံးဝင်ပါဝင်မှု၊ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့၏ အကြံပြုချက်များ၊ ဝန်ကြီးဌာန၏ ကာကွယ် ဆေးသိုလှောင်ထိန်းသိမ်းမှု အအေးလမ်းကြောင်းစနစ်များ အခြေအနေ၊ ကာကွယ်ဆေးထိုးနှံပေးမည့်သူများအား မွမ်းမံ သင်တန်းပြုလုပ်မည့် အစီအစဉ်၊ နည်းပညာပိုင်းဆိုင်ရာ၊ ဘဏ္ဍာငွေစီမံခန့်ခွဲမှုဆိုင်ရာ၊ ကာကွယ်ဆေးအရည်အသွေး ဆန်းစစ်မှုဆိုင်ရာ၊ အလှူရှင်များနှင့် ချိတ်ဆက်ခြင်းဆိုင်ရာ၊ စီမံခန့်ခွဲမှုနှင့် သတင်းအချက်အလက်ဆိုင်ရာ၊ ကာကွယ် ဆေးပံ့ပိုးဖြန့်ဝေမှုဆိုင်ရာ၊ ကပ်ရောဂါဗေဒနှင့် အခြေအနေ အရပ်ရပ်ကို ဆန်းစစ်သုံးသပ်ခြင်းဆိုင်ရာနှင့် ဆက်သွယ် ဆောင်ရွက်ခြင်းဆိုင်ရာ လုပ်ငန်းအဖွဲ့ခွဲများကို ဖွဲ့စည်းကာ ဆွေးနွေးမှုများပြုလုပ်ထားရှိမှုနှင့် အဆိုပါ ဆွေးနွေးမှုများ မှ ထွက်ပေါ်ခဲ့သော အကြံပြုချက်များကို ရှင်းလင်းတင်ပြ သည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကမ္ဘာ တစ်ဝန်းတွင် သုတေသနပြုနေသည့် ကိုဗစ်-၁၉ ကာကွယ် ဆေးအမျိုးအစားအလိုက် အောင်မြင်မှုအတိုင်းအတာ အခြေအနေများ၊ ပုဂ္ဂလိက ကဏ္ဍအနေဖြင့်လည်း အရည် အသွေးပြည့်ဝသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဝယ်ယူနိုင်ရေးအတွက် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနမှ ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ အခြားသော ကာကွယ်ဆေးများကို မြန်မာနိုင်ငံတွင် စနစ်တကျထိုးနှံခဲ့သည့် အတွေ့အကြုံများကို အခြေခံ၍ ကိုဗစ်-၁၉ ကာကွယ်ဆေးအတွက် ဆန်းစစ်သုံးသပ်ချက် များ၊ ကာကွယ်ဆေးထိုးလုပ်ငန်းနှင့်ပတ်သက်၍ သုတေသန များ ပိုမိုပြုလုပ်သွားနိုင်ရေး အကြံပြုချက်များကို အကြံပြု ဆွေးနွေးခဲ့ကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာ စကား ပြောကြားရာတွင် ယခုကဲ့သို့ အကြံပေးဆွေးနွေးမှု များကို အလေးအနက်ထား သုံးသပ်ကာ ထိုမှတစ်ဆင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရေးဆိုင်ရာ လမ်းပြမြေပုံ ကို ရေးဆွဲသွားမည်ဖြစ်ပါကြောင်း၊ ကျွမ်းကျင်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့ခွဲများအနေဖြင့် သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍ အလိုက် အသေးစိတ်ဆွေးနွေးမှုများကို ဆက်လက် ပြုလုပ်ခြင်း၊ မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်ဆေးလုပ်ငန်း ပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲမှုကော်မတီ၊ အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေး အဖွဲ့နှင့် မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်ဆေး လုပ်ငန်း အဖွဲ့တို့ထံ တင်ပြဆောင်ရွက်ခြင်းကို လုပ်ဆောင်ရမည် ဖြစ်ပါကြောင်း၊ အမျိုးသားအဆင့် ကာကွယ်ဆေးထိုး လုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့နှင့် တိုးချဲ့ ကာကွယ်ဆေးထိုးလုပ်ငန်းမှ တာဝန်ရှိသူများအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးဆိုင်ရာ တိုးတက်မှုအခြေအနေ များကို မျက်ခြည်မပြတ်လေ့လာကာ ဝန်ကြီးဌာနထံသို့ အကြံပြုတင်ပြခြင်းကို ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ စွမ်းရည်ထက်မြက်သည့် ကိုဗစ်-၁၉ ကာကွယ်ဆေး ပေါ်ပေါက်ပြီးနောက်တွင်လည်း တစ်နိုင်ငံလုံးအတိုင်း အတာနှင့် ထိုးနှံရန်မှာ ကာကွယ်ဆေးရရှိမှုပမာဏအပေါ် မူတည်၍ အချိန်ကြာမြင့်နိုင်မည်ဖြစ်ခြင်း၊ ရောဂါပိုး၏ မျိုးဗီဇပြောင်းလဲလာနိုင်ခြင်း၊ ရောဂါလက္ခဏာမပြဘဲ ရောဂါရှိနေနိုင်ခြင်း၊ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် လျင်မြန်စွာကူးစက်သည့်ရောဂါဖြစ်ခြင်း စသည့်အချက် များကြောင့် ပြည်သူများအနေဖြင့် ယခုကျင့်သုံးလျက် ရှိသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး နည်းလမ်း များကို မဖြစ်မနေ ဆက်လက်လိုက်နာဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ပြောကြားသည်။

 

သတင်းစဉ်