
နယူးဒေလီ အောက်တိုဘာ ၁၅
အိန္ဒိယနိုင်ငံသည် ကိုဗစ် -၁၉ ကာကွယ်ဆေး ပြည်ပသို့တင်ပို့မှုကို ရပ်နားထားရာ ခြောက်လတာကာလ အတွင်း ပထမဆုံးအကြိမ်အဖြစ် ကာကွယ်ဆေးများ ပြည်ပသို့ပြန်လည်တင်ပို့မှု စတင်ခဲ့ကြောင်း သိရ သည်။
အိန္ဒိယနိုင်ငံအတွင်း ကိုဗစ် -၁၉ ကူးစက်မှုများ အဆမတန်များပြားလာသည့်အတွက် ပြည်ပသို့ ကာကွယ်ဆေးတင်ပို့မှုကို ရပ်နားထားခဲ့ရသည်။ အောက်တိုဘာ ၁၄ ရက်မှ စတင်ကာ ပြည်ပသို့ ကာကွယ်ဆေးတင်ပို့မှုကို ပြန်လည်စတင်လိုက် ကြောင်း ပြည်ပရေးရာကိစ္စရပ်များ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက သတင်းထောက်များကို ပြောသည်။
အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် ကိုဗစ် -၁၉ ကာကွယ်ဆေး အကြီးဆုံး ထုတ်လုပ်သည့်နိုင်ငံဖြစ်ပြီး အနီးအနားရှိ နိုင်ငံများသို့ ကာကွယ်ဆေး ဖြန့်ဖြူး ပေးသည်။
ဧပြီလအတွင်း ပြည်တွင်း၌ ကူးစက်မှုများ အဆမတန် များပြားလာသည့်အတွက် ပြည်ပသို့ ကာကွယ်ဆေးတင်ပို့မှုကို ရပ်နားလိုက်ရသည်။
အိန္ဒိယနိုင်ငံ၌ မေလအတွင်း နေ့စဉ် ကိုဗစ်-၁၉ ကူးစက်ခံရသူအရေအတွက်မှာ ၄၀၀၀၀၀ ကျော်အထိ ရှိလာခဲ့သည်။
ယင်းနောက် နေ့စဉ်ကူးစက်မှုမှာ တဖြည်းဖြည်း ကျဆင်းလာခဲ့သည်။ ကူးစက်မှုများ ကျဆင်း လာသည့်အတွက် တိုင်းပြည်အတွင်း စီးပွားရေး လှုပ်ရှားမှုများ ပြန်လည်လုပ်ဆောင်လာနိုင်ခဲ့သည်။ ကာကွယ်ဆေးများ ထောက်ပံ့ပေးခြင်းဖြင့် တစ်ကမ္ဘာလုံးဆိုင်ရာ ကိုဗစ် -၁၉ ကူးစက်မှု ထိန်းချုပ်နိုင်ရေးလုပ်ဆောင်မှုတွင် အိန္ဒိယနိုင်ငံမှ ပါဝင်သွားမည်ဟုလည်း ဆက်လက်ပြောကြား ခဲ့သည်။
အင်န်အိတ်ချ်ကေ