
ကေကေစိုး
အမေရိကန်ပြည်ထောင်စုတွင် ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးနှံပေးမှုကို အရှိန်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိပြီး တတိယအကြိမ် ကာကွယ် ဆေးထိုးပေးရန်လည်း ဆောင်ရွက်လျက်ရှိသည်။
မီးမောင်းထိုးပြလျက်ရှိ
ပြီးခဲ့သည့်သီတင်းပတ်များအတွင်း ကာကွယ်ဆေးမထိုးရသေး သူများတွင် ဒယ်လ်တာဗိုင်းရပ်စ်ကူးစက်မှုများ ဖြစ်ပေါ်ခဲ့သည်။ အမေရိကန်တွင် ဒယ်လ်တာကူးစက်မှုကြောင့် အလုပ်လုပ်ကိုင်နိုင် သည့် အရွယ်များတွင် ကူးစက်မှုများနေသည်။ ထို့ကြောင့် ကာကွယ် ဆေးမထိုးရသေးသူများတွင် အန္တရာယ်များကြောင်း မီးမောင်းထိုးပြ လျက်ရှိသည်။
ကာကွယ်ဆေးထိုးပြီးသူများတွင် သေဆုံးမှုနည်း
အမေရိကန်ပြည်ထောင်စုတွင် ကိုဗစ် - ၁၉ ကြောင့် သေဆုံးသူ အရေအတွက်မှာ အကြမ်းဖျင်းအားဖြင့် ၆၆၀၀၀၀ ရှိပြီး မကြာမီအချိန် အတွင်း အမေရိကန်တွင် ကိုဗစ်- ၁၉ ကြောင့် သေဆုံးသူ ၆၇၅၀၀၀ ရှိလာနိုင်သည်ဟု ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ပြောသည်။ သက်ကြီးရွယ်အိုများကြားတွင် ကိုဗစ် - ၁၉ ကာကွယ်ဆေး ထိုးနှံပေးမှုအများဆုံးဖြစ်ပြီး သေဆုံးမှုနှုန်းလည်း လျော့ကျသည်။ ကာကွယ်ဆေးထိုးနှံမှုနှုန်း နည်းပါးသည့် လူငယ်များအကြားတွင် သေဆုံးမှုနှုန်းမြင့်လာသည်။ ထို့ကြောင့် ကပ်ရောဂါကို ထိန်းချုပ် နိုင်ရေးအတွက် လူပေါင်းများစွာကို ကာကွယ်ဆေးထိုးပေးရန် လိုအပ်သည်ဟု ကျွမ်းကျင်သူများက ပြောသည်။
အချိန်ယူရဦးမည်
ကာကွယ်ဆေးမထိုးထားသူများကြားတွင် ကိုဗစ် - ၁၉ ကြောင့် သေဆုံးမှုနှုန်း မြင့်လျက်ရှိသည်။ ကာကွယ်ဆေးမထိုးရသူများတွင်ကူးစက်မှုနှုန်းမှာ ၄ ဒသမ ၆ ဆပိုမိုများပြားကြောင်း စီဒီစီ၏ လေ့လာမှု အရ သိရသည်။ ကာကွယ်ဆေးမထိုးရသေးသူများတွင် ဆေးရုံတက် ရမှုနှုန်းမှာ ၁၀ ဆရှိပြီး သေဆုံးမှုနှုန်းမှာ ၁၁ ဆ ရှိသည်ဟု သိရသည်။ ကိုဗစ်- ၁၉ မှာ တစ်ချိန်ချိန်ရောက်လျှင် သာမန်အဖျားရောဂါကဲ့သို့ ဖြစ်လာနိုင်ဖွယ်ရှိသည်ဟုလည်း ဝေါစထရိဂျာနယ်တွင် ရောဂါဗေဒ ပညာရှင်နှင့် ကူးစက်ပညာရှင်တို့၏ ပြောကြားချက်ကို ကိုးကားဖော်ပြ ထားသည်။ သို့သော်လည်း ယင်းအခြေအနေသို့ရောက်ရန် အချိန်ယူရ ဦးမည်ဖြစ်သည်။
လူနာများနှင့် ပြည့်နှက်လျက်ရှိ
ဒယ်လ်တာဗိုင်းရပ်စ်၏ ကူးစက်မှုမြန်ဆန်ခြင်းကြောင့်လည်း ဆေးရုံများတွင် လူနာများနှင့်ပြည့်နှက်လျက်ရှိသည်။ အမေရိကန်ရှိ အချို့သောပြည်နယ်များတွင်ကူးစက်မှုများ လျော့လာသော်လည်းအချို့သောပြည်နယ်များတွင်မူ ကူးစက်မှုများ များပြားလျက်ရှိသည်။ ကိုဗစ်- ၁၉ ကူးစက်မှုများ လျော့ကျစေရေး လူဘယ်လောက်များများ ကာကွယ်ဆေးထိုးပြီးကြောင်းနှင့် ဘယ်လောက်မြန်မြန် ထိုးပြီးမလဲဆိုသည့်အပေါ်တွင်မူတည်သည်ဟု နယူးယောက်မြို့ အိုင်ခန်ဆေး ကျောင်းမှ တစ်ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးဒါရိုက်တာ အဒေါ့ဖို ဂရေစီရ ဆက်စထရာက ပြောသည်။
မဆုံးဖြတ်ရသေး
အကယ်၍ ပြည်သူများကို ကျန်းမာရေးဆိုင်ရာ အချက်အလက်များ ပေး၍ ကာကွယ်ဆေးထိုးရန် မစည်းရုံးနိုင်ပါက စာသင်ကျောင်းများနှင့် ကုမ္ပဏီလုပ်ငန်းများတွင် ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးရန် အမိန့်ထုတ်ပြန်ခြင်းလိုအပ်လာမည်ဟု ဓာတ်မတည့်မှုနှင့် ကူးစက်ရောဂါ အင်စတီကျုမှ ညွှန်ကြားရေးမှူး အန်သိုနီဖောင်ချီက ပြောသည်။ ကိုဗစ် - ၁၉ ကာကွယ်ဆေးနှစ်ကြိမ်အပြည့် ထိုးပြီးသားသူများကိုလည်း လာမည့်သီတင်းပတ်အတွင်း တတိယအကြိမ်ကာကွယ်ဆေးထိုးပေး ရန် စတင်နိုင်မည်ဖြစ်သော်လည်း မည်သည့်အသက်အရွယ် အပိုင်း အခြားကို ထိုးနှံပေးမည်ဖြစ်ကြောင်း မဆုံးဖြတ်ရသေးချေ။
၆၃ ရာခိုင်နှုန်းမှာ ကာကွယ်ဆေးထိုးပြီးဖြစ်
တတိယအကြိမ်ကာကွယ်ဆေးကို လွန်ခဲ့သည့်ရှစ်လတွင် မော်ဒါနာ နှင့် ဖိုက်ဇာကာကွယ်ဆေး ထိုးပြီးသူ မည်သူကိုမဆို ထိုးပေးရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောသည်။ လက်ရှိအမေရိကန် ပြည်ထောင်စုတွင် အသက် ၁၂ နှစ်နှင့်အထက်များကို ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးပေးပြီး ၆၃ ရာခိုင်နှုန်းမှာ ကာကွယ်ဆေးအပြည့်ထိုးပြီးဖြစ်ကြောင်း စီဒီစီ၏ အချက်အလက်များအရ သိရသည်။
ကာကွယ်ဆေးထိုးပေးမည်
အမေရိကန်တွင် ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးပေးခြင်းလုပ်ငန်း များကို အရှိန်အဟုန်မြှင့် လုပ်ကိုင်ပေးနေသကဲ့သို့ ဗြိတိန်နိုင်ငံတွင် လည်း ကာကွယ်ဆေးထိုးပေးနိုင်သည့် အသက်အရွယ်အပိုင်းအခြားကို တိုးချဲ့ခဲ့သည်။ အသက် ၁၂ နှစ်နှင့် ၁၅ နှစ်ကြား ကလေးများကိုပါ ကာကွယ်ဆေးထိုးပေးတော့မည်ဟု စက်တင်ဘာ ၁၃ ရက်တွင် ဗြိတိန်နိုင်ငံက ကြေညာခဲ့သည်။ ဆေးဘက်ဆိုင်ရာ ထိပ်တန်းအကြီး အကဲလေးဦး၏ အကြံပြုချက်ရပြီးနောက် ယခုလိုကြေညာချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
စိုးရိမ်ပူပန်လျက်ရှိ
ဗြိတိန်နိုင်ငံသည် ကိုဗစ် - ၁၉ ဆိုးဆိုးရွားရွား ထိခိုက်ခံစားရသည့် နိုင်ငံဖြစ်ပြီး ကိုဗစ်- ၁၉ နှင့် ဆက်စပ်ပြီးသေဆုံးသူ ၁၃၄၀၀၀ ကျော် ရှိသည်။ အောင်မြင်သည့် ကာကွယ်ဆေးထိုးပေးသည့် အစီအစဉ် ပြုလုပ်နေသော်လည်း ဗီဇပြောင်းဒယ်လ်တာကြောင့် ကူးစက်မှုများမှာ ဆက်လက်များပြားနေဆဲဖြစ်သည်။ နွေရာသီကျောင်းပိတ်ရက်အပြီး ကျောင်းများ ပြန်ဖွင့်တော့မည်ဖြစ်ရာ အာဏာပိုင်များ စိုးရိမ်ပူပန်မှု များ မြင့်မားလျက်ရှိသည်။
ထောက်ခံချက်ရထားပြီးဖြစ်
ကာကွယ်ဆေးထိုးပေးသည့် အသက်အရွယ်အပိုင်းအခြားကို အသက် ၁၂ နှစ် မှ ၁၅နှစ် ကြားတိုးချဲ့ရန် ကျန်းမာရေးဆိုင်ရာ အကြီး အကဲထံမှ ထောက်ခံချက်ရရှိပြီးဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးပေး ခြင်းဖြင့် လူငယ်များရောဂါကူးစက်ခံရမည်ကို အကာအကွယ်ပေးသကဲ့ သို့ ကျောင်းများတွင်လည်း ကူးစက်မှုလျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ထိုအခါ ကလေးများ စာသင်ခန်းအတွင်း ပညာဆက်လက်သင်ကြားနိုင်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဆာဂျစ်ဂျာဗစ်က ပြောသည်။ ကျောင်းများတွင် ကာကွယ်ဆေးထိုးပေးမည်ဖြစ်ပြီး ကလေးပေါင်း သုံးသန်းဝန်းကျင် ကာကွယ်ဆေးထိုးပေးရန် မျှော်မှန်းထားသည်။
စာသင်ကျောင်းများတွင် ကူးစက်မှုလျှော့ချနိုင်မည်
အင်္ဂလန်၊ စကော့တလန်၊ ဝေးလ်လနယ်နှင့် မြောက်အိုင်ယာလန် တို့ရှိ ဆေးဘက်ဆိုင်ရာ အရာရှိများအဖွဲ့ အကြီးအကဲကမူ အသက် ၁၂ နှစ်နှင့် ၁၅ နှစ်ကြား ကလေးများကို ကာကွယ်ဆေးထိုးပေးခြင်းဖြင့် စာသင်ကျောင်းများတွင် ရောဂါကူးစက်မှုနှုန်းကို လျှော့ချပေးနိုင်မည် ဖြစ်သည်ဟုပြောသည်။ ကလေးပေါင်းသုံးသန်းနီးပါးခန့်မှာ ဖိုက်ဇာ ကိုဗစ်- ၁၉ ကာကွယ်ဆေးကို ပထမဆုံးအကြိမ်အဖြစ် ထိုးနှံခွင့်ရရှိ မည်ဖြစ်သည်။ ဗြိတိန်နိုင်ငံ၌ လူငါးဦးတွင် လေးဦးမှာ ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးပြီးဖြစ်ပြီး မကြာမီအချိန်အတွင်း အသက် ၁၆နှစ်နှင့် ၁၇ နှစ်ကြား ထက်ဝက်ကျော်မှာလည်း ပထမဆုံးအကြိမ် ကာကွယ်ဆေးထိုးပြီးမည်ဖြစ်သည်။ ။
ကိုးကား - အေအက်ဖ်ပီ၊ ဆင်ဟွာ
- Log in to post comments