ကိုဗစ်-၁၉ ကာလအတွင်း ထောက်ပံ့မှုအထူးလိုအပ်သော အမျိုးသမီးများအား ငွေကြေးထောက်ပံ့

ကိုဗစ်-၁၉ ကာလအတွင်း ထောက်ပံ့မှုအထူးလိုအပ်သော အမျိုးသမီးများအား ငွေကြေးထောက်ပံ့

=====================================================

နေပြည်တော် စက်တင်ဘာ ၃

 

ကိုဗစ်-၁၉ ကာလအတွင်း ထိခိုက်လွယ်အခြေ အနေတွင်ရှိသော အမျိုးသမီးများအား ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစီမံချက် အရ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေး သူငယ်များဘဝ မြှင့်တင်ရေးအသင်းက စာရင်း ပေးပို့လာသော ရပ်တည်ရန်ခက်ခဲသည့် အမျိုး သမီးများနှင့် “မသန်စွမ်းသူများအတွက် ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေး ပူးပေါင်း ကော်မတီ” က စာရင်းပေးပို့သည့် ထောက်ပံ့မှု အထူးလိုအပ်သော မသန်စွမ်းအမျိုးသမီးများ အတွက် ငွေကြေးလွှဲပြောင်းထောက်ပံ့ခြင်းကို ယနေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးရုံး၌ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။

အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ညွှန်ကြားရေးမှူး ချုပ်များ တက်ရောက်ကြပြီး မြန်မာနိုင်ငံ အမျိုး သမီးနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေး အသင်း၏ တွဲဖက်အတွင်းရေးမှူး ဒေါ်ခင်မြဝင်း၊ မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်၏ အထွေထွေအတွင်းရေးမှူး ဦးမြတ်သူဝင်း၊ အမျိုးသမီးများ၊ အမျိုးသမီးမသန်စွမ်းသူများနှင့် တာဝန်ရှိသူများက အွန်လိုင်းစနစ်ဖြင့် ပါဝင် တက်ရောက်ခဲ့ကြသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အစိုးရအနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများ၏ စားဝတ်နေရေး အဆင်ပြေစေ ရန်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အဟန့် အတားများ လျော့နည်းနိုင်သမျှ လျော့နည်းစေ ရန် ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာ ရေးအစီအစဉ်ကို ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုအစီအစဉ်ထဲတွင် လူမှုကာကွယ်စောင့်ရှောက် ရေးကိစ္စများ ပါဝင်ပြီး ထိခိုက်လွယ်အုပ်စုများ အတွက် ဦးစားပေးပံ့ပိုးကူညီမှုများ ဆောင်ရွက် ပါကြောင်း၊ ထိခိုက်လွယ်အုပ်စုများမှာ အမျိုးသမီး များ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ နှင့် မသန်စွမ်းသူများပါဝင်ပါကြောင်း၊ ယခုလို ကာလ အလုပ်အကိုင်အခွင့်အလမ်း နည်းပါး လာချိန်တွင် မိသားစုတစ်ခုကို ဦးဆောင်ရသည့် အမျိုးသမီးများအနေဖြင့် လုံလောက်သည့် ဝင်ငွေ မရရှိနိုင်တော့သဖြင့် အစိုးရက ပံ့ပိုး ကူညီရခြင်းဖြစ်ကြောင်း၊ အစိုးရအနေဖြင့် လူတိုင်း အခြေခံလူ့အခွင့်အရေးရရှိပြီး ဒီမို ကရေစီစံနှုန်းနှင့်ကိုက်ညီအောင် ကြိုးပမ်းလျက် ရှိကြောင်း၊ ခွဲခြားဆက်ဆံမှုမရှိဘဲ အားလုံး သာတူညီမျှခံစားရရှိရေးကို ဦးတည်ပါကြောင်း။

 

အဆိုပါ ကိစ္စကို ကိုဗစ်-၁၉ ကာလတွင် ပို၍ အလေးထားရပါကြောင်း၊ ယနေ့ပါဝင်ဆောင် ရွက်သည့် မြန်မာနိုင်ငံ အမျိုးသမီးနှင့် ကလေး သူငယ်များဘဝ မြှင့်တင်ရေးအသင်းသည် ရပ်တည်ရန်ခက်ခဲသော အမျိုးသမီးများအား အသက်မွေးဝမ်းကျောင်း သင်တန်းများ သင်ကြားပေးခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း များ ဖော်ဆောင်ပေးခြင်းတို့ကို ဆောင်ရွက် လျက်ရှိရာ ထိုအမျိုးသမီးများထဲတွင် ကာကွယ် စောင့်ရှောက်ရန်လိုအပ်သော၊ မသန်စွမ်းသော၊ ပဋိပက္ခဒေသများအတွင်း နေထိုင်ရသော အမျိုးသမီးများနှင့် ကိုဗစ်-၁၉ ကာလအတွင်း လုပ်သားအင်အား လျှော့ချခံရသော အမျိုးသမီး များပါဝင်ကြောင်း၊ ထိုသူများကိုစိစစ်၍ ကူညီ ပံ့ပိုးရန် အခုလို ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် မသန် စွမ်းသူများ၏ အခွင့်အရေးများရရှိရေး၊ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့ အခမ်းအနားတွင် မသန်စွမ်းသူများ အတွက် ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေးပူးပေါင်းကော်မတီက စာရင်းပြုစုပေးပို့လာသည့် မသန်စွမ်းအမျိုးသမီးများအတွက် ထောက်ပံ့ပေးမှုလည်းပါဝင်ပါကြောင်း၊ နိုင်ငံတော်အစိုးရ ၏ ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေး အစီအစဉ်အရ သုံးစွဲနေသော ငွေကြေးများသည် အကန့်အသတ်ရှိသော ပြည်သူ့ဘဏ္ဍာငွေများ ဖြစ်ရာ အကောင်အထည်ဖော်ရာတွင် ထိရောက်မှုရှိရေး၊ အကျိုးခံစားခွင့်ရှိသူများ လက်ဝယ်အရောက် ရရှိခံစားနိုင်ရေးတို့သည် အရေးကြီးကြောင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်း များ၊ ဌာနဆိုင်ရာများက ပူးပေါင်းပါဝင်ပေးကြ ရန် တိုက်တွန်းကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ အမျိုးသမီးနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်းတွဲဖက်အတွင်းရေးမှူး ဒေါ်ခင်မြဝင်းနှင့် မြန်မာ နိုင်ငံမသန်စွမ်းသူများအသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးမြတ်သူဝင်းတို့က ထောက်ပံ့ မှုများအတွက် ကျေးဇူးတင်စကားများ ပြန်လည် ပြောကြားခဲ့ကြသည်။

 

ဆက်လက်၍ ပြန်လည်ထူထောင်ရေးဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က မြန်မာ နိုင်ငံ အမျိုးသမီးနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်း တာဝန်ရှိသူများထံသို့ တိုင်းဒေသကြီး/ ပြည်နယ်များရှိ ပဋိပက္ခလွန် ဒေသများနှင့် ဝေးလံခေါင်ပါးသော ကျေးလက် ဒေသများရှိ ကိုဗစ်-၁၉ ကာလ ရပ်တည်ရန် ခက်ခဲသည့် အမျိုးသမီး ၂၂၄ ဦးတို့အတွက် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၁၁၂ သိန်း၊ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးက မြန်မာနိုင်ငံ မသန်စွမ်းသူ များအသင်းချုပ် တာဝန်ရှိသူထံသို့ အလုပ်လုပ် ကိုင်ရန်ခက်ခဲပြီး အထူးလိုအပ်မှုရှိသည့် မသန်စွမ်း အမျိုးသမီး ၃၀၀ တို့အတွက် စုစုပေါင်း ထောက်ပံ့ငွေကျပ် သိန်း ၁၅၀ တို့ကို ပေးအပ်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်