ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ


 

နေပြည်တော် ဩဂုတ် ၁၉


ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင် သည့် စီးပွားရေးသက်ရောက်မှုများ အပေါ် ကုစားရေး လုပ်ငန်းကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၈/၂၀၂၀) ကို ယနေ့ နံနက်ပိုင်းတွင် ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ လုပ်ငန်း ကော်မတီဥက္ကဋ္ဌ က ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်း ထွန်းနှင့် လုပ်ငန်းကော်မတီဝင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် မြန်မာနိုင်ငံ တော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော် မောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူး ချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌက မိမိတို့ ယနေ့အထိ အစည်းအဝေး ခုနစ်ကြိမ် ကျင်းပခဲ့ပြီး ဆုံးဖြတ်ချက် ၈၈ ချက် ချမှတ်ကာ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လျက်ရှိ သည့် စီးပွားရေးဆိုင်ရာ သက်ရောက်မှု များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရန် ကိစ္စရပ်များကို ညှိနှိုင်းဆောင်ရွက် ပေးခဲ့ပါကြောင်း၊ ယခင်အစည်းအဝေး တွင် ချေးငွေထုတ်ချေးမည့် လုပ်ငန်း ကဏ္ဍများကို သတ်မှတ်ခဲ့ပြီး လျှောက်လွှာများကို ဇူလိုင် ၂၉ ရက်မှ ဩဂုတ် ၁၀ ရက်အထိ လက်ခံခဲ့ ကြောင်း၊ လက်ရှိတွင် UMFCCI မှတစ်ဆင့် လျှောက်ထားလာသော လျှောက်လွှာ အစောင် ၁၅၇၀၊ Online မှတစ်ဆင့် လျှောက်ထားလာသော လျှောက်လွှာ ၉၉၃ စောင်နှင့် တိုင်း ဒေသကြီး/ ပြည်နယ် CCI များမှ လျှောက်ထားလာသော လျှောက်လွှာ ၇၆၄၈ စောင်၊ စုစုပေါင်း လျှောက်လွှာ ၁၀၂၁၁ စောင် လက်ခံရရှိခဲ့ပါကြောင်း၊ ယခုအကြိမ်တွင် ပထမအကြိမ် လျှောက်ထားမှုထက် နှစ်ဆခွဲခန့် များလာပါကြောင်း၊ ယခုဒုတိယ အကြိမ် ချေးငွေထုတ်ပေးရာတွင် စနစ် တကျစိစစ်၍ ချေးငွေများ မြန်ဆန် သွက်လက်စွာ ထုတ်ပေးနိုင်ရေး အတွက် မြန်မာ့စီးပွားရေးဘဏ် အပါအဝင် ပုဂ္ဂလိကဘဏ် ရှစ်ခုမှ လည်း ပူးပေါင်းဆောင်ရွက်ထုတ်ပေး သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြ သူများက လုပ်ငန်းကော်မတီ၏ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များ အပေါ် ပြန်လည်သုံးသပ်ညှိနှိုင်းကြပြီး ထိခိုက်မှုရှိနေသည့် စီးပွားရေး လုပ်ငန်းများအတွက် လုပ်ငန်း ကော်မတီက စီမံဆောင်ရွက်ပေးနိုင် သည့်ကိစ္စများအား လိုအပ်သလို ဆောင်ရွက်ပေးရေး၊ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေ လျှောက်ထားလာသည့် လုပ်ငန်း များအပေါ် စိစစ်သည့်လုပ်ငန်းစဉ်များ မြန်ဆန်သွက်လက်ရေးနှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများက အဆိုပြု တင်ပြလာသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်