ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ

======================================================

နေပြည်တော် စက်တင်ဘာ ၉

 

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၉/၂၀၂၀) ကို ယနေ့ နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

 

တက်ရောက်

 

အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် လုပ်ငန်းကော်မတီဝင်များဖြစ်ကြသော စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌက မိမိတို့ကော်မတီအနေဖြင့် ယနေ့အထိ အစည်းအဝေး ရှစ်ကြိမ်ကျင်းပခဲ့ပြီး ဆုံးဖြတ်ချက် ၁၀၂ ချက် ချမှတ်ကာ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လျက်ရှိသည့် စီးပွားရေးဆိုင်ရာ သက်ရောက်မှုများနှင့်ပတ်သက်၍ ဆောင်ရွက်ရန်ကိစ္စရပ်များကို ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ဤသို့ ဆောင်ရွက်နိုင်မှုကြောင့် စီးပွားရေးအရ သက်ရောက်မှုများအပေါ် လိုအပ်သည့် ကုစားဆောင်ရွက်မှုများ အချိန်မီ ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်နေသည့် သက်ရောက်မှုများနှင့်ပတ်သက်၍ နိုင်ငံတော်အနေဖြင့်လည်း ဘက်စုံ၊ ထောင့်စုံမှ လိုအပ်သည်များ ဆောင်ရွက်လုပ်ကိုင်ပေးလျက်ရှိပါကြောင်း။

 

အိမ်ထောင်စုများသို့ ထောက်ပံ့ခဲ့

၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၄ ရက်အထိ စာရင်းများအရ နိုင်ငံတော်က ဆောင်ရွက်ပေးမှုအနေဖြင့် ဝင်ငွေနည်းပါးသည့် အိမ်ထောင်စုများသို့ ပထမ အကြိမ် ထောက်ပံ့ကြေးအဖြစ် ငွေကျပ် ၇၁ ဒသမ ၁၀၃ ဘီလီယံ၊ ဒုတိယအကြိမ် အဖြစ် ငွေကျပ် ၂၁၈ ဒသမ ၁၁၂ ဘီလီယံ၊ တတိယအကြိမ်အဖြစ် ငွေကျပ် ၁၁၃ ဒသမ ၅၃၅ ဘီလီယံ ၊ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍနှင့်ပတ်သက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှတစ်ဆင့် ထောက်ပံ့ဆောင်ရွက် ငွေကျပ် ၉၂ ဒသမ ၆၁၂ ဘီလီယံ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ စစ်ဘေးရှောင်စခန်းများရှိ ပြည်သူများနှင့် မသန်စွမ်းပုဂ္ဂိုလ်များအပါအဝင် အခြားထောက်ပံ့သင့်သည့် ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှတစ်ဆင့် ထောက်ပံ့ငွေကျပ် ၃၅ ဒသမ ၉၂၃ ဘီလီယံ၊ ကျန်းမာရေးဆိုင်ရာလုပ်ငန်းများအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အသုံးပြုရန် ငွေကျပ် ၂၆၇ ဒသမ ၉၀၃ ဘီလီယံ၊ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များသို့ ထုတ်ချေးငွေကျပ် ၁၀၀ ဘီလီယံ၊ အသေးစားချေးငွေလုပ်ငန်းများသို့ ထုတ်ချေးငွေကျပ် ၁၀၀ ဘီလီယံ၊ မိမိတို့ ကော်မတီက တာဝန်ယူဆောင်ရွက်သည့် COVID-19 Fund မှ ထုတ်ချေးငွေကျပ် ဘီလီယံ ၂၀၀ ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူများသို့ ထုတ်ချေး ငွေကျပ်ဘီလီယံ ၆၀၀၊ ၂၀၂၀ ပြည့်နှစ် ဧပြီ၊ မေလနှင့် ဇွန်လများအတွက် လျှပ်စစ်ဓာတ်အားခများအတွက် ထောက်ပံ့ငွေကျပ် ၁၀၇ ဒသမ ၃၇၉ ဘီလီယံ နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအတွက် လျှပ်စစ်ဓာတ်အားခ ထောက်ပံ့ငွေကျပ် ၁ ဒသမ ၅၁၈ ဘီလီယံ စုစုပေါင်းငွေကျပ် ၁၉၀၈ ဒသမ ၀၈၅ ဘီလီယံ လျာထားသတ်မှတ်ကာ ထောက်ပံ့ဆောင်ရွက်ပေးခဲ့ပါကြောင်း ဆွေးနွေး ပြောကြားသည်။

 

ချေးငွေထုတ်ပေးနိုင်ရေး

ဆက်လက်၍ တက်ရောက်လာကြသူများက ဒုတိယအကြိမ် ချေးငွေများ ထုတ်ပေးခြင်းကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအတွင်း ပြီးပြတ်အောင် စိစစ်ထုတ်ပေးနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာလုပ်ငန်းများသို့ သီးခြားအစီအစဉ်ဖြင့် ချေးငွေထုတ်ပေးနိုင်ရေး ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအပါအဝင် ကိုဗစ်-၁၉ နှင့်ပတ်သက်၍ ပြောင်းလဲဖြစ်ပေါ်လာသည့် စီးပွားရေးဆိုင်ရာ သက်ရောက်မှုအခြေအနေများအပေါ် ကုစားဆောင်ရွက်နိုင်ရေးအတွက် အစီအစဉ်များ လိုအပ်သလို ရေးဆွဲဆောင်ရွက်ရေးဆိုင်ရာကိစ္စများ၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများက တင်ပြလာသည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေး ခဲ့ကြသည်။

 

ယင်းနောက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်းက အခွန်ဆိုင်ရာ ဖြေလျှော့မှုများအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း သုံးလတစ်ကြိမ် ပေးဆောင်ရမည့် ဝင်ငွေခွန်နှင့် လစဉ် ပေးဆောင်ရမည့် ကုန်သွယ်လုပ်ငန်းခွန်တို့နှင့်စပ်လျဉ်း၍ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလကုန်အထိ ကာလတိုးမြှင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအတွက်လည်း လစာနှစ်လစာ အတိုးမဲ့ကြိုတင်ချေးငွေကို ဆိုင်းငံ့ကာလ ခြောက်လ၊ ပြန်လည်ပေးဆပ်ရမည့်ကာလ တစ်နှစ် သတ်မှတ်ကာ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလမှစတင်၍ ထုတ်ချေးပေးရန်လည်း စီစဉ် ထားရှိပြီးဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။

 

ထို့နောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌက ကိုဗစ်-၁၉ ရန်ပုံငွေမှ ဒုတိယအကြိမ် ချေးငွေပေးအပ်ရန် သတ်မှတ်ထားသည့် စီးပွားရေးကဏ္ဍများသို့ ချေးငွေထုတ်ပေး နိုင်ရေးအတွက် ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂၇ ရက်တွင် လျှောက်လွှာများကို စတင် လက်ခံခဲ့ပြီး ချေးငွေများဆောလျင်စွာ ထုတ်ပေးနိုင်ရန် စိစစ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထုတ်ပေးထားသည့် ချေးငွေများအပေါ် လုပ်ငန်းရှင်များက သုံးစွဲဆောင်ရွက်မှုအခြေအနေများကိုလည်း ယခုလအတွင်း လုပ်ငန်းအဖွဲ့က စိစစ်တင်ပြပေးစေလိုကြောင်း၊ ကိုဗစ်-၁၉ ပြန့်ပွားမှုသည် ဩဂုတ်လမှစတင်၍ ထပ်မံဖြစ်ပေါ်လျက်ရှိသဖြင့် ထပ်မံပေါ်ပေါက်နိုင်သည့် စီးပွားရေးဆိုင်ရာ သက်ရောက်မှုများနှင့်ပတ်သက်၍ ကြိုတင်သုံးသပ်ကာ အချိန်မီကုစား ဆောင်ရွက်နိုင်ရေး ပြင်ဆင်ထားရှိရန် တိုက်တွန်းလိုကြောင်း ဆွေးနွေးပြောကြား သည်။

သတင်းစဉ်