
ထွန်းကျော်
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားနေချိန်မှာ မမျှော်မှန်းနိုင်တဲ့စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားရင်း ဗီယက်နမ်နိုင်ငံဟာ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး ဆောင်ရွက် ချက် အတော်များများကို လုပ်ဆောင်ခဲ့ပါတယ်။ ဒီလိုလုပ်ဆောင်တဲ့နေရာမှာ ပထမတော့ အားသွန်ခွန်စိုက် တင်းတင်းကျပ်ကျပ်လုပ်ဆောင်ရာမှသည် တဖြည်းဖြည်း ဖြေလျှော့မှုလေးတွေအထိ လုပ်ဆောင်ခဲ့သလို တစ်ဖက်ကလည်း ကိုဗစ်-၁၉ ကပ်ရောဂါကို တားဆီးကာကွယ်ရေးလုပ်ဆောင်ရင်း စီးပွားရေးပြန်လည်ဦးမော့လာဖို့ လုပ်ဆောင်ခဲ့ပါတယ်။
အလူးအလဲခံစားခဲ့ရ
ဗီယက်နမ်နိုင်ငံဟာ ဇန်နဝါရီနှောင်း ပိုင်းမှ ၂၀၂၀ ပြည့်နှစ် ဇူလိုင်နှောင်းပိုင်း အထိ တစ်ခါ၊ ၂၀၂၀ ပြည့်နှစ် ဇူလိုင် နှောင်းပိုင်းမှ ၂၀၂၁ ခုနှစ် ဇန်နဝါရီနှောင်း ပိုင်းအထိ တစ်ခါ၊ ဇန်နဝါရီနှောင်းပိုင်းမှ ဧပြီနှောင်းပိုင်းအထိ တစ်ခါ၊ ဧပြီ ၂၇ ရက်မှ အခုထိတစ်ခါ စုစုပေါင်းလေးခါ ကိုဗစ်-၁၉ လှိုင်းဂယက်ရဲ့ ရိုက်ခတ်ခြင်း ဒဏ်ကို အလူးအလဲခံစားခဲ့ရပါတယ်။
ဗီယက်နမ်နိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၁ ဒသမ ၅၅ သန်းကျော်ရှိပြီး အဲဒီထဲမှာ ၂၉၇၉၁ ဦး သေဆုံးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန် ဖော်ပြခဲ့ ပါတယ်။
ပိုပြီးခြိမ်းခြောက်လာ
ကိုဗစ်-၁၉ ပထမလှိုင်း စတင် ရိုက်ခတ်ကတည်းက ဗီယက်နမ်နိုင်ငံဟာ ပြည်သူ့ကျန်းမာရေးဆိုင်ရာ လိုက်နာ ဆောင်ရွက်ဖွယ်ရာများကို ချမှတ် အကောင်အထည် ဖော်ခဲ့ပါတယ်။ နယ်စပ်တွေပိတ်ခြင်း၊ကိုဗစ်-၁၉ စမ်းသပ် စစ်ဆေးခြင်း၊ ခြေရာခံနောက်ကြောင်း ရာဇဝင်လိုက်ခြင်း၊ သီးသန့်ခွဲခြား နေထိုင်စောင့်ကြည့်ခြင်း၊ ကျောင်းတွေ ပိတ်ခြင်း၊ လူစုလူဝေးတွေ တားမြစ် ပိတ်ပင်ခြင်း၊ ပြည်သူလူထုကို ပါးစပ် နှာခေါင်းစည်း တပ်ဆင်ရန်နှင့် တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာ နေထိုင်ရန် တိုက်တွန်းခြင်းများကို ပြုလုပ် ဖို့ နှိုးဆော်တိုက်တွန်းခဲ့ပါတယ်။
စတုတ္ထလှိုင်းမှာ တင်းကျပ်တဲ့ ဆောင်ရွက်ချက်တွေဖြစ်တဲ့ အသွားအလာ ကန့်သတ်ပိတ်ဆို့ခြင်းနဲ့ နိုင်ငံတစ်ဝန်းရှိ မြို့တော်များနဲ့ ပြည်နယ်များကို ခရီး သွားလာခွင့် ကန့်သတ်တားမြစ်လိုက် ခြင်းက လေကြောင်းပို့ဆောင်ရေးနဲ့ ခရီးသွားကဏ္ဍကဲ့သို့သော လုပ်ငန်းတွေ ကို ချည့်နဲ့စေရုံမက ပြည်သူတွေရဲ့ ဘဝ နေထိုင်မှုတွေကိုပါ ခြိမ်းခြောက်လျက် ရှိပါတယ်။ အထူးသဖြင့် ဆင်းရဲတဲ့ လူတန်းစားတွေ၊ ရွှေ့ပြောင်းအလုပ် သမားတွေအပေါ် ပိုပြီးခြိမ်းခြောက်ခဲ့ ပါတယ်။
စီးပွားရေးမှာ အနှောင့်အယှက်တွေနဲ့
ရင်ဆိုင်ခဲ့ရ
နိုင်ငံရဲ့အကြီးဆုံးလည်းဖြစ်၊ စီးပွား ရေး မြို့တော်လည်းဖြစ်တဲ့ ဟိုချီမင်းမြို့ ဟာ တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာနေထိုင်ရေးဆိုတဲ့ တင်းကျပ်တဲ့ လူမှုဝေးကွာစည်းမျဉ်းတွေကို နံနက် ၆၊ ည ၆ ည မထွက်ရအမိန့်နဲ့အတူ စက်တင်ဘာ ၃၀ ရက်အထိ နှစ်လကြာ ကျင့်သုံးခဲ့ပါတယ်။ သြဂုတ်လနှောင်း ပိုင်းက လှုမှုဝေးကွာ စည်းမျဉ်းတွေကို လိုက်နာဖို့ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ် တွေမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပထမ ဆုံးအကြိမ် ဖြန့်ကြက်ချထားခဲ့ပါတယ်။
နောက်ဆုံး ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှု လှိုင်းဂယက်ဟာ ကြီးမားတဲ့ စီးပွားရေး ဗဟိုချက်မြို့ကြီးတွေဖြစ်တဲ့ ဘတ်ဂင်၊ ဘတ်နင်၊ ဟနွိုင်း၊ အထူးသဖြင့် ဟိုချီမင်းမြို့နဲ့ အရှေ့တောင်ပိုင်း ပြည်နယ် သို့မဟုတ် မဲခေါင်ဒေသတွေကို ကောင်းစွာ ရိုက်ခတ်ခဲ့တယ်လို့ စီမံကိန်း နဲ့ ရင်းနှီးမြှုပ်နှံရေးဝန်ကြီးဌာနအောက် ရှိ စီးပွားရေးစီမံခန့်ခွဲမှု ဗဟိုအင်စတီ ကျုရဲ့ ဒုတိယဥက္ကဋ္ဌဟောင်း ဗိုထရီသန် က ပြောကြားခဲ့ပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ကုန်စည်ပို့ဆောင် မှုနဲ့ ဒေသတွင်းထုတ်လုပ်ရေးကွန်ရက် မှာ နက်ရှိုင်းစွာပါဝင်နေတဲ့ လုပ်ငန်းတွေ အများကြီးရဲ့ ထုတ်လုပ်မှုပိုင်းနဲ့ စီးပွား ရေးပိုင်းမှာ အနှောင့်အယှက်အဟန့် အတားတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ သူက ပြောပါတယ်။
ဆယ်စုနှစ်မှာ အနိမ့်ဆုံးဖြစ်ခဲ့
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကြောင့် ၂၀၂၀ - ၂၀၂၁ ခုနှစ်မှာ ဗီယက်နမ်နိုင်ငံဟာ ဗီယက်နမ်ဒေါင် ၈၄၇ ထရီလီယံ (အမေ ရိကန်ဒေါ်လာ ၃၇ ဘီလီယံ) လောက် ဆုံးရှုံးခဲ့ပါတယ်။
အကယ်၍သာ ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားခြင်း မရှိဘူးဆိုရင် နိုင်ငံရဲ့ အသားတင် ပြည်တွင်းထုတ်လုပ်မှု တန်ဖိုးဟာ လွန်ခဲ့တဲ့နှစ်နှစ်ကတည်းက နှစ်စဉ် ၇ ရာခိုင်နှုန်းလောက် တိုးတက် လာခဲ့ရမှာ ဖြစ်ပါတယ်။ သို့သော်လည်း ၂၀၂၀ ပြည့်နှစ်မှာ ၂ ဒသမ ၉၁ ရာခိုင်နှုန်း သာတိုးခဲ့ပါတယ်။ ဒါဟာဆယ်စုနှစ် အတွင်းမှာ အနိမ့်ဆုံးပမာဏဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်မှာ ၂ ဒသမ ၅ ရာခိုင်နှုန်း သာရှိတော့မယ်လို့ ခန့်မှန်းထားပါတယ်။
ဒီနှစ်ရဲ့ တတိယလေးလပတ်မှာ ပြည်တွင်းအသားတင် ထုတ်လုပ်မှု တန်ဖိုးဟာ ၆ ဒသမ ၁၇ ရာခိုင်နှုန်း အထိ လျော့နည်းကျဆင်းခဲ့ပါတယ်။ အဆိုးဆုံးအနက်ရှိုင်းဆုံး ကျဆင်းမှု ဖြစ်တယ်လို့ စာရင်းအင်းရုံးက ဖော်ပြ ထားပါတယ်။ လွန်ခဲ့တဲ့နှစ် ပထမလေးလ ပတ် ပြည်တွင်းအသားတင်ထုတ်လုပ်မှု တန်ဖိုး ၂ ဒသမ ၁၂ ရာခိုင်နှုန်းနဲ့နှိုင်းယှဉ် ကြည့်ရင် အခုနှစ်ရဲ့ ပထမလေးလပတ်မှာ နိုင်ငံရဲ့အသားတင်ထုတ်လုပ်မှု တန်ဖိုး ဟာ ၁ ဒသမ ၄၂ ရာခိုင်နှုန်းလောက် တိုးလာခဲ့ပါတယ်။
အဓိကစီးပွားရေးကြီးသုံးခုရှိ
၂၀၂၁ ခုနှစ်အတွက် အစိုးရက သတ်မှတ်လျာထားတဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ၃ - ၃ ဒသမ ၅ အထိ ရောက်ဖို့ဆိုရင် ဗီယက်နမ်နိုင်ငံဟာ လွန်ခဲ့တဲ့ လေးလပတ်မှာ ဂျီဒီပီဖွံ့ဖြိုး တိုးတက်မှု ၇ ဒသမ ၀၆ - ၈ ဒသမ ၈၄ ရာခိုင်နှုန်းအထိရှိဖို့လိုပါတယ်။ ထို့အတူ သတ်မှတ်တဲ့နှုန်း ရောက်ရှိဖို့ဆိုရင် နိုင်ငံရေးစနစ်နဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ အလားအလာလည်း ကောင်းဖို့လိုပါ တယ်လို့ ဒေသတွင်း အရာရှိတွေနဲ့ ကျွမ်းကျင်သူတွေက ပြောကြားထား ပါတယ်။
တချို့နိုင်ငံခြားနဲ့ ဒေသတွင်းအဖွဲ့ အစည်းတွေက နိုင်ငံ့စီးပွားရေးဟာ ဒီနှစ်မှာ ၂ - ၂ ဒသမ ၅ ရာခိုင်နှုန်းအထိ တက်လာမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ၃၅ နှစ်အတွင်းမှာ အနိမ့် ဆုံးပမာဏဖြစ်ပါ တယ်။ သို့သော်လည်း ဗီယက်နမ်နိုင်ငံမှာ အဓိကစီးပွားရေးကြီးသုံးခုရှိနေသေးပါတယ်။ အဲဒါတွေက တော့ တည်ငြိမ်တဲ့အကြီးစား စီးပွားရေး၊ တိုးတက်မှုရှိတဲ့ နိုင်ငံခြားတင်ပို့မှုနဲ့ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတို့ ဖြစ်ကြပါတယ်။
စီးပွားရေးပြန်လည်ဦးမော့ဖို့ ကိုဗစ်
စည်းကမ်းတွေပြန်လည်ချမှတ်ဖို့လို
အောက်တိုဘာလလယ်မှာ ကမ္ဘာ့ ဘဏ်က ဗီယက်နမ်နိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုဟာ ၂၀၂၁ ခုနှစ်မှာ ၂ - ၂ ဒသမ ၅ ရာခိုင်နှုန်းအထိ ရှိလာမယ်လို့ ခန့်မှန်းခဲ့ပါတယ်။ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ကလည်း ဗီယက်နမ် နိုင်ငံရဲ့ ပြည်တွင်းအသားတင်ထုတ်လုပ်မှု တန်ဖိုးဟာ ဒီနှစ်မှာ ၃ ဒသမ ၈ ရာခိုင်နှုန်း အထိ တိုးလာမယ်လို့ ခန့်မှန်းထားပါ တယ်။ အာရှဖွံ့ဖြိုးရေးဘဏ်ကလည်း ဗီယက်နမ်နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုဟာ ဇူလိုင်လကခန့်မှန်းထား တဲ့ ၅ ဒသမ ၈ ရာခိုင်နှုန်းထက် လျော့နည်းပြီး ၃ ဒသမ ၈ ရာခိုင်နှုန်းသာ ရှိမယ်လို့ ပြန်လည်ခန့်မှန်းခဲ့ပါတယ်။
စီးပွားရေး ပြန်လည်ဦးမော့လာဖို့ ဆိုရင် ဗီယက်နမ်နိုင်ငံဟာ ကိုဗစ်-၁၉ ဆန့်ကျင်နည်းလမ်းတွေကို အသစ် ထပ်မံပြင်ဆင်ချမှတ်ဖို့ လိုအပ်ပါတယ်။ တင်းကျပ်တဲ့ လူမှုဝေးကွာစည်းကမ်း ချက်တွေကို ပြန်လည်ရုပ်သိမ်းခြင်းနဲ့ အတူ ကိုဗစ်-၁၉ ရောဂါကို ဘေးကင်းစွာ နေထိုင် လှုပ်ရှားသွားလာရေးအတွက် ယဉ်ပါးနေအောင် လုပ်ဆောင်ဖို့လို ပါတယ်။
ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်
ဗီယက်နမ်နိုင်ငံမှာ ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီး အဆင့်လေးဆင့်သတ်မှတ် ပြဋ္ဌာန်းထားသလို အခုဆိုရင်လည်း အရွယ်ရောက်ပြီးသူ ၉၇ ရာခိုင်နှုန်း လောက် ကိုဗစ်-၁၉ ကာကွယ်ဆေးပထမ အကြိမ်ထိုးနှံမှု ခံယူပြီးပြီဖြစ်ပါတယ်။ အသက်ငါးနှစ်အောက်နဲ့ သူ့အထက် ကလေးများကို မကြာမီမှာ ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးပေးတော့မှာဖြစ်တယ် လို့ ဗီယက်နမ်ဝန်ကြီးချုပ် ဖန်မင်ချင်က ပြောခဲ့ပါတယ်။ ထို့အတူ မကြာမီမှာ လေကြောင်းလိုင်းတွေနဲ့ စက်မှုလုပ်ငန်း တွေလည်း ပြန်လည်လည်ပတ်နိုင်ရေး ဆောင်ရွက်နေပြီဖြစ်ပါတယ်။ အလားတူ နိုင်ငံခြားသို့တင်ပို့မှုများလည်း ပြန်လည် လုပ်ဆောင်လာပြီဖြစ်ပါတယ်။ လာမယ့် ၂၀၂၂ ခုနှစ်မှာတော့ ဗီယက်နမ်နိုင်ငံရဲ့ အသားတင်ထုတ်လုပ်မှုတန်ဖိုးဟာ ၆- ၆ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးလာဖို့ မျှော်မှန်းချက် ချမှတ်ထားပါတယ်။ ကိုဗစ်-၁၉ နဲ့အတူ စီးပွားရေးကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်တဲ့ ဗီယက်နမ်နိုင်ငံဟာ မကြာမီမှာ မျှော်မှန်း ထားသလို ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင် ပစ်နိုင်တော့မှာ ဖြစ်ပါတယ်။
ကိုးကား ဆင်ဟွာ