ကိုဗစ်-၁၉ ကွင်းဆက်ကို ဝိုင်းဝန်းဖြတ်တောက်

အယ်ဒီတာ့အာဘော်

=============

 

ကိုဗစ်-၁၉ ကွင်းဆက်ကို ဝိုင်းဝန်းဖြတ်တောက်

==========================

 

ယနေ့အချိန်အခါကို တိုင်းပြည်တွင် ကြုံတွေ့နေရသော ကူးစက်ရောဂါ ဘေးနှင့်ပတ်သက်၍ လမ်းဆုံလမ်းခွရောက်နေသည့်အချိန်အခါဟု ဆိုရမည် ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေမှုကာလမှာ တစ်နှစ်ပတ်လည်သို့ပင် ရောက်ရှိလာပြီး ထိုအချိန်တွင် နိုင်ငံအတွက် အရေးကြီးသော ပြည်လုံးကျွတ် အထွေထွေရွေးကောက်ပွဲကို ပြုလုပ်တော့မည့်အချိန်အခါနှင့် တိုက်ဆိုင်နေသည်။

 

ကိုဗစ်ရောဂါဖြစ်ပွားမှု၏ အဓိကလက်သည်မှာ လူစုလူဝေးနှင့် အချင်းချင်း နီးနီးစပ်စပ် ထိတွေ့ဆက်ဆံမှုများကြောင့် ဖြစ်ရသည်ကို လူတိုင်း သိရှိထားကြသည်။ သို့သော် ထိုအရေးကိစ္စနှင့်ပတ်သက်၍ သိသိကြီးနှင့် ဇွတ်တိုးတတ်သော ပိုးဖလံဘဝမျိုးလို ဖြစ်နေကြသည်။ ထိုသို့မဖြစ်စေရေး အသိပညာပေးမှုများ၊ နှိုးဆော်တိုက်တွန်းမှုများ၊ ပူးပေါင်းဆောင်ရွက်မှုများ၊ ရိုင်းပင်းကူညီမှုများ နိုးနိုးကြားကြား ကြိုးကြိုးစားစား ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ကြဖို့ အချိန်ရောက်နေပြီကို သတိပြုရမည်ဖြစ်သည်။

 

အရေးကြီးသော ယခုအချိန်အခါတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကွင်းဆက်ကို ဝိုင်းဝန်းဖြတ်တောက်လျှင် လုပ်လျှင်လုပ်သလောက် ဖြတ်နိုင် ပြီး ဘာသိဘာသာနေထိုင်ကြ၍ ပူးပေါင်းဆောင်ရွက်ခြင်းမရှိလျှင် ဒုတိယ လှိုင်းမှ တတိယလှိုင်းအထိရောက်လာကာ ပြည်သူအားလုံး ဆင်းရဲဒုက္ခ ရောက်နိုင်သည်ကို သတိမူရမည်ဖြစ်သည်။ ထို့ကြောင့် ယခုအချိန်သည် လမ်းဆုံလမ်းခွရောက်နေသောအချိန်ဟု ဆိုရခြင်းဖြစ်ပြီး အားလုံးလက်တွဲ ဆောင်ရွက်ရမည့်အချိန်လည်းဖြစ်သည်။

 

ယခုအခါ ကိုဗစ်ရောဂါမှာ တန်းနေသည့်အခြေအနေဟု ဆိုချင်ဆိုနိုင်ပြီး စိတ်ချရသည့်အခြေအနေသို့ လှမ်းနေသည်ဟု ပြောဆိုနိုင်ခြင်းလည်း မရှိပေ။ အမှန်တကယ်တွင် တကယ်လုပ်လျှင် ကိုဗစ်-၁၉ ရောဂါကို ထိန်းချုပ်နိုင်သည့် အခြေအနေရှိနေသော်လည်း ဆိုခဲ့သည့်အတိုင်း လူစုလူဝေးကို မရှောင်နိုင်မှု၊ ပေါ့ပေါ့ဆဆနေထိုင်မှု၊ ပူးပေါင်းဆောင်ရွက်မှု အားနည်းမှုတို့ကြောင့် ကျရိပ် သန်းချင်သော်လည်း အတက်ဘက်သို့ လှမ်းမည့်သဘောကို မြင်တတ်ရမည် ဖြစ်သည်။

 

ယခုအချိန်အခါတွင် အသွားအလာကန့်သတ်ထားသည့်နေရာများ၊ လတ်တလောအနံ့ပျောက်သူများထားရှိရာ စင်တာများနှင့် ဆေးရုံများသို့ ရောက်ရှိလာသူများ လျော့နည်းပပျောက်သွားရေးမှာ အထက်ပါအားနည်း ချက်များကို သတိမူဆင်ခြင်မှသာ ဖြစ်နိုင်ပေမည်။ အကယ်၍ ဖော်ပြပါ ကျန်းမာရေးဆိုင်ရာနေရာဌာနများသို့ ရောက်ရှိလာသူ တစ်နေ့တခြား ပိုမိုများပြားလာလျှင် ဖြစ်ပေါ်လာနိုင်သည့် အခက်အခဲအကျပ်အတည်းများကို မှန်းဆကြည့်နိုင်ပေသည်။

 

ယခုလက်ရှိဖြစ်နေသောအခြေအနေအရ ကူးစက်ရောဂါပျံ့နှံ့မှု ကျဆင်းရေး၊ သေဆုံးသူလျော့ကျရေးအတွက် အဓိကလုပ်ဆောင်ရမည်မှာ ပြည်သူ့ကျန်းမာရေး နည်းဗျူဟာများအနက် ကျန်းမာရေးအသိပညာပေး နှိုးဆော်မှုများပင်ဖြစ်၍ ယင်းကိစ္စကို ပိုမိုအားဖြည့်ဆောင်ရွက်ကြရမည် ဖြစ်သည်။ ယခုအချိန်တွင် ရန်ကုန်မြို့၌ အသိပညာပေး တိုက်တွန်းနှိုးဆော် ပေးမှု အားနည်းနေသည်ကို တွေ့ရသည်။ နယ်ဒေသများတွင် နိုးနိုး ကြားကြား ဆောင်ရွက်ကြသော်လည်း ရန်ကုန်မြို့အချို့ရပ်ကွက်များတွင် သွေးအေးလှ သည်။ ပညာပေးနှိုးဆော်အသိပေးမှု၊ အရေးယူသတိပေးဆောင်ရွက်မှုများကို အပိုအလုပ်ရှုပ်မှု၊ အမုန်းခံရမှုဖြစ်သည်ဟု ခံယူထားသလိုဖြစ်နေသည်။

 

ရှေ့မှဦးဆောင်သူမပါသဖြင့် ရပ်ကွက်ပြည်သူများမှာ ပို၍ပင်ရှောင်ဖယ် ကြမည် ဖြစ်သည်။ မဖြစ်အောင် အတတ်နိုင်ဆုံးနေ၊ ဖြစ်လျှင်ခံဆိုသည့် သဘောမျိုးဖြစ်နေသည်။ ဖြစ်သင့်သည်မှာ ဈေးများအပါအဝင် ရပ်ကွက်တွင်း နေထိုင်သူများကလည်းကောင်း၊ ဈေးများတွင် ဈေးရောင်းချသူများနှင့် ဈေးဝယ် သူများကလည်းကောင်း စိတ်ဝင်တစားပူးပေါင်းပါဝင်လာသင့်သည်။ အသံချဲ့ စက်ငယ်များ ကျန်းမာရေးအသိပညာပေးမှုများတွင် ကိုယ်တိုင်ပါဝင်ဆောင်ရွက် ကြခြင်း၊ အချင်းချင်းအသိပညာပေးနှိုးဆော်ခြင်းတို့ကို ပြုလုပ်သင့်သည်။

 

ကိုဗစ်-၁၉ ကူးစက်မှု ကွင်းဆက်ဖြတ်တောက်နိုင်ရေး အဓိက ဆောင်ရွက်ရမည့်အချက်မှာ ပြည်သူ့ကျန်းမာရေးနည်းဗျူဟာများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ ပံ့ပိုးပါဝင်မှုဖြင့် အထူး အားဖြည့်ဆောင်ရွက်ကြရမည်ဖြစ်သည်။ ခရိုင်၊ မြို့နယ်၊ ရပ်ရွာတို့ကို စဉ်ဆက်မပြတ် ချိတ်ဆက်ဆောင်ရွက်စေပြီး လက်ကိုင်အသံချဲ့စက်ငယ်များ အသုံးပြု၍ ကျန်းမာရေးအသိပညာပေးနှိုးဆော်မှုများကို ရပ်ကွက်သူ ရပ်ကွက်သား၊ ဈေးရောင်း ဈေးဝယ်သူများ၊ အလုပ်သမားများ ကိုယ်တိုင်ပါဝင် ဆောင်ရွက်ခြင်းဖြင့်လည်းကောင်း၊ ပတ်ဝန်းကျင်နှင့်နေအိမ်တွင် နေထိုင်သူ များအချင်းချင်း ကျန်းမာရေးအသိပညာများ မျှဝေခြင်းဖြင့်လည်းကောင်း ဆောင်ရွက်နိုင်မည်ဆိုပါက ကိုဗစ်ကွင်းဆက်ကို ဖြတ်တောက်နိုင်မည် ဖြစ်သည်။

 

သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသော မြို့နယ်များရှိ ရပ်ရွာများ တွင် ကိုဗစ်ရောဂါဆိုင်ရာ အသိပညာပေးရေးလုပ်ငန်းများကို ပြည်သူ့လှုပ်ရှား မှုအသွင်၊ အမျိုးသားရေးလှုပ်ရှားမှုအသွင်သဘောမျိုးဖြင့် ရပ်ကွက်တိုင်း ရပ်ကွက်တိုင်းဆိုင်ရာတို့က ဦးဆောင်ကာ ရပ်ကွက်သူ ရပ်ကွက်သားများ အားလုံး၊ ရပ်ကွက်နှင့်ပတ်သက်သူများ အားလုံး (အားလုံး) နိုးနိုးကြားကြား တက်တက်ကြွကြွ တစ်ချိန်တည်းတစ်ပြိုင်တည်း ကာလတစ်ခုမျှ လက်တွေ့ ဖော်ဆောင်နိုင်ကြပါက ရောဂါကွင်းဆက်ကို ထိရောက်စွာဖြတ်ချနိုင်ပြီး ကိုဗစ်- ၁၉ ရောဂါကို ထိန်းချုပ်နိုင်မည်မှာ သေချာပါကြောင်း။ ။