တိုင်းဒေသကြီးနှင့် ပြည်နယ်ခုနစ်ခုတို့တွင်ရှိသည့် မြို့နယ်ပေါင်း ၁၇ မြို့နယ်တွင် လွန်ခဲ့သည့် ၁၄ ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများ လျော့နည်းလာသည့်အတွက် မိမိနေအိမ်တွင် နေထိုင်ရန် (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ခြင်းမှ ပယ်ဖျက်ပေးလိုက်သည်။ ယခုရက်ပိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာအသစ်တွေ့ရှိမှု ရာခိုင်နှုန်းမှာလည်း ၄ ရာခိုင်နှုန်းနှင့် ၃ ရာခိုင်နှုန်းဝန်းကျင်သို့ ရောက်ရှိလာသည်။ တစ်နိုင်ငံ လုံးအတိုင်းအတာတွင် ၅ ရာခိုင်နှုန်းအောက်သို့ ကျဆင်းလာနေ သော်လည်း အချို့ဒေသများတွင် မကျဆင်းသေးကြောင်း သတင်းများ ကြားသိရသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့ကျလာသည်နှင့်အတူ ကာကွယ်ဆေးလွှမ်းခြုံမှု ကျယ်ပြန့်မြင့်မားလာသည်နှင့်အမျှ ကပ်ရောဂါကြောင့် ယာယီအားဖြင့် ရပ်တန့်ထားခဲ့ရသည့် စီးပွားရေး၊ ပညာရေး၊ ပို့ဆောင်ရေး စသည်ဖြင့် ကဏ္ဍအသီးသီးတို့ စတင်လည်ပတ် လှုပ်ရှားလာခဲ့ပြီဖြစ်သည်။ အကြမ်းဖက်အုပ်စုများက ခြိမ်းခြောက် မှုများ ရှိနေခြင်းကြောင့် စိုးရိမ်မှုများရှိနေသော်လည်း အခြေခံပညာ ကျောင်းများတွင် ကျောင်းသား ကျောင်းသူများ ပြန်လည်တက်ရောက် ပညာသင်ယူနေကြပြီဖြစ်သကဲ့သို့ စားသောက်ဆိုင်၊ လက်ဖက်ရည် ဆိုင်များနှင့် ဈေးများတွင်လည်း စားသောက်သူ၊ အပန်းဖြေသူ၊ ရောင်းသူဝယ်သူများနှင့် ပြန်လည်လှုပ်ရှားသက်ဝင်စပြုလာနေပြီ ဖြစ်သည်။ ရုံးဌာနများ၊ စက်ရုံအလုပ်ရုံများတွင်လည်း ရုံးသူ ရုံးသား ဝန်ထမ်းများ၊ အလုပ်သမားများနှင့် လုပ်ငန်းခွင်ယန္တရားတို့ လည်ပတ် နေကြပြီဖြစ်သည်။
လူများ အိမ်ပြင်သို့ ထွက်လာကြပြီး ထိတွေ့ဆက်ဆံမှုများ၊ စုဝေး မှု၊ ဆုံတွေ့မှုများ များပြားလာခြင်းက ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက် ပျံ့နှံ့မှု ပြန်လည်မြင့်တက်လာနိုင်သည်ကို သတိပြုကြရမည်ဖြစ်သည်။ အထူးသဖြင့် မျိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးများ၏ ကူးစက်မှု လွန်စွာ လျင်မြန်ခြင်းနှင့် ပြင်းထန်ခြင်းတို့ကြောင့် ကပ်ရောဂါလှိုင်းများ ထပ်ကျော့ရိုက်ခတ်လေ့ရှိသည်ကို ပြည်ပနိုင်ငံများတွင် ဖြစ်ပွားလျက် ရှိသည့် သာဓကများတွင် တွေ့မြင်နိုင်သည်။ မိမိတို့နိုင်ငံတွင် ကိုဗစ်- ၁၉ ကပ်ရောဂါ တတိယလှိုင်းနှင့် ရင်ဆိုင်ရသည့်အချိန်တွင် အခက်အခဲအကျပ်အတည်းများစွာတို့ကိုပါ ကြုံတွေ့ဖြေရှင်းခဲ့ရသည်။ အချို့သော ကမ္ဘာ့နိုင်ငံများတွင် ကိုဗစ်-၁၉ ကပ်ရောဂါ တစ်ကျော့ ပြီး တစ်ကျော့ရိုက်ခတ်ခဲ့ရာ ပဉ္စမအကြိမ်အထိပင် ရှိခဲ့ကြပြီဖြစ်ကြောင်း သတင်းများတွင် တွေ့ရှိခဲ့ရသည်။ ဤသည်မှာ ကိုဗစ်-၁၉ကပ်ရောဂါ ကို ပေါ့ပေါ့ဆဆ သဘောထား၍မရဘဲ မိမိတို့ လူ့အဖွဲ့အစည်း၊ လူ့ အသိုင်းအဝိုင်းများအတွင်း ရောဂါပိုး တွေ့ရှိနေသရွေ့ သတိပြု ရှောင်ရှားနေထိုင်ရန် လိုအပ်ကြောင်း သတိပေးနေခြင်းပင် ဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါသည် အချိန်ကြာမြင့်စွာ တည်ရှိနေဦးမည့် ကပ်ရောဂါဖြစ်သည့်အတွက် လူသားတို့အနေဖြင့် မိမိတို့၏ လုပ်ငန်း ဆောင်တာယန္တရားများကို ရောဂါတည်ရှိနေသရွေ့ ရပ်တန့်ထားရန် လည်း ဖြစ်နိုင်မည်မဟုတ်။ ရောဂါကူးစက်မည့်အန္တရာယ်သည် နေရာတိုင်း၌ ရှိနေသည်ကို နားလည်သတိပြုကာ မိမိကိုယ်ကိုယ် ကာကွယ်နေထိုင်သွားကြရမည်သာဖြစ်သည်။ လူတိုင်းက မိမိကိုယ် ကိုယ် ကာကွယ်နေထိုင်ခြင်းသည် မိမိ၏ မိသားစု၊ မိမိ၏ ပတ်ဝန်းကျင် ကိုပါ ရောဂါကူးစက်မှုမှ ကာကွယ်ပေးခြင်းဖြစ်သကဲ့သို့ ရောဂါကူး စက်မှုကွင်းဆက်ကို ပြတ်တောက်သွားစေမည်၊ အချိန်ကာလအတိုင်း အတာတစ်ရပ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကမ္ဘာမြေပေါ်မှ ပျောက် ကွယ်သွားစေရေးအတွက် အထောက်အကူလည်း ဖြစ်စေမည်ဖြစ် သည်။ ရောဂါထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်းများကို မပျက်မကွက် ဆက်လက်ကျင့်သုံးခြင်း၊ တစ်ဦးနှင့်တစ်ဦး အသိပေးခြင်း၊ သတိပေး ခြင်းအားဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါလှိုင်း ထပ်မံရိုက်ခတ်မလာရေး နှင့် ကာကွယ်တားဆီးရေးတွင် တက်ကြွစွာ ဆက်လက်ပါဝင်ကြရေး အကျိုးမျှော်ကာ နှိုးဆော်အပ်ပါကြောင်း။ ။