ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု ကျဆင်းလာပြီး ကန့်သတ်ချက်တွေဖြေလျှော့လိုက်တဲ့ ဥရောပ

 

ထွန်းကျော်

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုကို   တားဆီးတဲ့နေရာမှာ  နိုင်ငံ တစ်နိုင်ငံချင်းစီက ကွဲပြားခြားနားတဲ့ နည်းဗျူဟာတွေကို ချမှတ် ကျင့်သုံးပေမယ့်လည်း  ဥရောပတစ်ခွင်မှာ  အဓိက ကိုရိုနာဗိုင်းရပ်စ်  အညွှန်းကိန်းတွေ တိုးတက်ကောင်းမွန်လာခဲ့ပါတယ်။


ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုတွေ ကျဆင်း 


ရောဂါထိန်းချုပ်ရေးနဲ့   ကာကွယ်ရေးဆိုင်ရာ  ဥရောပစင်တာ (အီးစီဒီစီ)ရဲ့ ဖော်ပြချက်အရ  နိုင်ငံပေါင်း  ၃၀ ပါဝင်တဲ့   ဥရောပ စီးပွားရေးဒေသ (အီးအီးအေ) မှာ ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲအတည်ပြု လူနာ ၃၈၀၀၀၀ နီးပါးရှိပါတယ်။ အဲဒီထဲမှာ ဥရောပသမဂ္ဂလို့ခေါ်တဲ့ ၂၇ နိုင်ငံနဲ့ အပေါင်းသုံးနိုင်ငံဖြစ်တဲ့ နော်ဝေ၊ အိုက်စလန်၊ လက်ချင် စတိန်း တို့ပါဝင်ပါတယ်။


ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုတွေဟာ သီတင်းပတ်ခြောက်ပတ်‌ ဆက်တိုက် ကျဆင်းခဲ့ပါတယ်။ အီးအီးအေရဲ့ တစ်ပတ်တာကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုဟာ  ၂၀၂၁ ခုနှစ် မတ်လ ၂၈ ရက်ကနေ ဧပြီ ၃ ရက်အထိ   အမြင့်ဆုံး  ကိုဗစ်-၁၉ စံချိန်တင် ကူးစက်ဖြစ်ပွားခဲ့တဲ့  ၁ ဒသမ ၁ သန်းအောက်အများကြီး လျော့နည်းခဲ့သလို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလရဲ့  အများဆုံးစံချိန်တင်ကူးစက်ဖြစ်ပွားခဲ့တဲ့  ၁  ဒသမ   ၄ သန်း အောက်ထက်လည်း အများကြီးလျော့နည်းခဲ့ပါတယ်။


ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်မှု ၈၅ ရာခိုင်နှုန်းအထက်ရှိ 


အီးအီးအေအဖွဲ့ဝင်နိုင်ငံများအကြား   ကိုဗစ်-၁၉  ကာကွယ်ဆေးကို  ကျယ်ကျယ်ပြန့်ပြန့်ထိုးနှံပေးနေတဲ့ အီးအီးအေအဖွဲ့ဝင်နိုင်ငံအများစု ကြောင့်သာ  အခုလို  ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု ကျဆင်းလာတာ ဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသူ ထက်ဝက်အောက်လျော့နည်းတဲ့ ဘူဂေးလ်ရီးယား၊ ခရိုအေးရှား၊ လတ်ဗီးယားနဲ့ ရိုမေးနီးယားနိုင်ငံ တွေမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့်အဝထိုးနှံပြီးပြီဖြစ်ပါ တယ်။ ဒိန်းမတ်၊ အိုက်စလန်၊ မော်လ်တာနဲ့ ပေါ်တူဂီနိုင်ငံတွေမှာလည်း ကိုဗစ်-၁၉ ကာကွယ်ဆေး  ထိုးပြီးတဲ့ပမာဏဟာ   တစ်နိုင်ငံချင်းစီ အလိုက် ၈၅ ရာခိုင်နှုန်းအထက်မှာ ရှိပါတယ်လို့ အီးစီဒီစီရဲ့ အချက် အလက်တွေအရ သိရပါတယ်။ 


ကျန်းမာရေးနည်းစနစ်တွေ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူညီ 


ကိုဗစ်-၁၉ ကပ်ရောဂါကို ခုခံကာကွယ်တဲ့ ကျန်းမာရေးနည်းစနစ် တွေဟာလည်း တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူဘဲ သိသိသာသာ ကွဲပြား ခြားနားပါတယ်။


အီတလီနိုင်ငံဟာ ပြည်သူ့ကဏ္ဍနဲ့ ပုဂ္ဂလိကကဏ္ဍနှစ်ခုစလုံးမှာရှိတဲ့ အလုပ်သမားတွေအားလုံးရဲ့ ကျန်းမာရေးအတွက် အောက်တို ဘာလလယ်လောက်မှာ   စတင်အသုံးပြုနိုင်မယ့်  ကျန်းမာရေး သက်သေခံ လက်မှတ်လို့ဆိုနိုင်တဲ့ “green pass” လိုအပ်လာမယ့် ပထမဆုံး ဥရောပနိုင်ငံတစ်နိုင်ငံ ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ 


ကျန်းမာရေးသက်သေခံလက်မှတ်ဟာ   ကာကွယ်ဆေးထိုးပြီး ကြောင်း သက်သေခံကတ်တစ်ခုအဖြစ်  ပြသရာရောက်သလို ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပြန်လည်ကျန်းမာလာပြီး သို့မဟုတ် မကြာ သေးမီက ကိုဗစ်-၁၉ မရှိကြောင်းကို ပြသတဲ့  ကတ်တစ်ခုလည်း ဖြစ်တယ်။


နိုင်ငံအလိုက် ကန့်သတ်မှုတွေ ဖြေလျှော့


လစ်သူယေးနီးယားနိုင်ငံဟာ ဒီတစ်ပတ်မှာ ကိုဗစ်-၁၉ ကန့်သတ် ထားရှိမှု ဆောင်ရွက်ချက်တွေကို အနည်းငယ်ဖြေလျှော့ပေးလိုက်ပါ တယ်။ ဆလိုဗေးနီးယားမှာလည်း အလားတူ ဆောင်ရွက်ချက်မျိုး ဆောင်ရွက်ခဲ့ပါတယ်။


ပြင်သစ် 


ကိုဗစ်-၁၉ စတင်ဖြစ်ပွားချိန်ကတည်းက ခုချိန်အထိ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ခုနစ်သန်း နီးနီးရှိတဲ့ အီးအီးအေအဖွဲ့ဝင်နိုင်ငံတွေ ထက် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုပိုများတဲ့  ပြင်သစ်နိုင်ငံက လွန်ခဲ့တဲ့ တစ်လက ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု စံချိန်တင်ကာ အမြင့်ဆုံး မှတ်တမ်းတင်ခဲ့တဲ့ အရေအတွက်မှ တဖြည်းဖြည်း ကျဆင်းလာတဲ့ တိုင်အောင်  သူ့ရဲ့လတ်တလော  ကိုဗစ်-၁၉  ကျန်းမာရေးတားဆီး ဆောင်ရွက်ချက်များကို ထိန်းသိမ်းထားရှိထားပါသေးတယ်။


နယ်သာလန် 


နယ်သာလန်နိုင်ငံမှာလည်း စက်တင်ဘာ ၂၅ ရက်မှစကာ လူမှု ဝေးကွာစည်းမျဉ်းကို ၁ ဒသမ ၅ မီတာအထိ လျှော့ချပေးမယ်လို့ မကြာသေးမီက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။


ဆွီဒင် 


ဆွီဒင်နိုင်ငံမှာလည်း ကိုဗစ်-၁၉ လက္ခဏာပြတဲ့သူတွေကို အိမ်မှာ နေခိုင်းဖို့ ဆက်လက်တိုက်တွန်းသွားဖို့ကလွဲပြီး ဒီလကုန်မှာ ကိုဗစ်-၁၉ ကျန်းမာရေး ကန့်သတ်ချက်အများစုကို ဖယ်ရှားတော့မယ်လို့ ပြောခဲ့ပါတယ်။


ဖင်လန် 


အိမ်နီးချင်း ဖင်လန်နိုင်ငံက   ဒီလမှာ  ကာကွယ်ဆေးထိုးထားတဲ့ သူတွေကို ကိုဗစ်-၁၉ စမ်းသပ်စစ်ဆေးမှုတွေ ရပ်တန့်တော့မယ်လို့ ပြောကြားလိုက်ပြီး  အသက် ၁၂ နှစ်နဲ့အထက် လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်း ကိုဗစ် -၁၉ ကာကွယ်ဆေးထိုးပြီးသွားတာနဲ့ ကန့်သတ်ချက် တွေကို အပြီးတိုင်ရုပ်သိမ်းတော့မယ်လို့ ပြောကြားခဲ့ပါတယ်။
ဖင်လန်နိုင်ငံမှာ စက်တင်ဘာ ၁၄ ရက်အထိ သက်ဆိုင်ရာ လူဦးရေ ရဲ့ ၅၇ ရာခိုင်နှုန်း ကိုဗစ်-၁၉ ကာကွယ်ဆေး  အပြည့်အဝထိုးနှံမှု ခံယူခဲ့ပါတယ်။


မော်လ်တာ 


မော်လ်တာမှာလည်း အစိုးရက ကိုဗစ်-၁၉ ကူးစက်မှုမြင့်မားတဲ့ ဒေသတွေက နိုင်ငံတွင်းပြန်လာသူတွေကို သတ်မှတ်ထားတဲ့ ဟိုတယ် တွေမှာ သီးသန့်ကန့်သတ်စောင့်ကြည့်မှုလုပ်တာထက်စာရင် ကိုယ့် အိမ်မှာပဲ သီးသန့်ကန့်သတ်စောင့်ကြည့်မှု ခံယူဖို့ ကြေညာခဲ့ပါတယ်။ 


ဗြိတိန် 


အီးအီးအေထဲမှာ မပါဝင်တဲ့ ဗြိတိန်မှာလည်း ကိုဗစ်-၁၉ ကူးစက်မှု အသစ်ထပ်မဖြစ်ဘူးဆိုရင်   ဒီသီတင်းပတ်မှာ  ဆောင်းဦးရာသီနဲ့ ဆောင်းရာသီမှာ ကျန်းမာရေးကန့်သတ်ချက်တွေ ဖြေလျှော့ပေးဖို့ အလုံးစုံပါဝင်တဲ့  အစီအစဉ်တစ်ခုကို  လျာထားပါတယ်။   တကယ်လို့ သာ ထပ်ဖြစ်လာခဲ့မယ်ဆိုရင်  ပါးစပ်၊ နှာခေါင်းစည်း မတပ်မနေရ ဥပဒေနဲ့    ကိုဗစ်-၁၉   စစ်ဆေးခြင်းတွေ    တင်းတင်းကျပ်ကျပ် လုပ်ဆောင်ခြင်းနဲ့  သီးသန့်ခွဲခြားနေထိုင်ခြင်းတွေပါဝင်တဲ့ တင်းကျပ် သည့် စည်းမျဉ်းစည်းကမ်းတွေကို လုပ်ဆောင်သွားရမှာပဲ ဖြစ်ပါတယ်။


ကိုးကား- ဆင်ဟွာ