ကိုဗစ်-၁၉ လူနာများအား ကုသပေးမည့် ဧရာဝတီစင်တာ(မန္တလေး) တည်ဆောက်ရေးလုပ်ငန်းခွင်သို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် လာရောက်ကြည့်ရှု

ကိုဗစ်-၁၉ လူနာများအား ကုသပေးမည့် ဧရာဝတီစင်တာ(မန္တလေး)

တည်ဆောက်ရေးလုပ်ငန်းခွင်သို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် လာရောက်ကြည့်ရှု

=========================================================

ရန်ကုန် နိုဝင်ဘာ ၂

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လိုအပ်ချက်နှင့်လမ်းညွှန်မှု၊ မန္တလေး တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဦးဆောင်မှုဖြင့် ဧရာဝတီဖောင်ဒေးရှင်းက တည်ဆောက်လျက်ရှိသည့် ကိုဗစ်-၁၉ လူနာများအား ကုသပေးမည့် ဧရာဝတီ စင်တာ(မန္တလေး) တည်ဆောက်ရေးလုပ်ငန်းခွင်သို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် လာရောက်ကြည့်ရှုခဲ့သည်။

လမ်းညွှန်မှာကြား

 

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဧရာဝတီ စင်တာ(မန္တလေး) ဆောက်လုပ်နေမှုအား လာရောက်ကြည့်ရှုကာ လိုအပ်သည် များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် သက်ဆိုင်ရာ တာဝန်ရှိသူများကို လမ်းညွှန်မှာကြားသည်။ ထို့အတူ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က စည်ပင်သာယာရေးကိစ္စရပ်များ အစစအရာရာ အဆင် ပြေချောမွေ့စေရန်အတွက် လာရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ဧရာဝတီဖောင်ဒေးရှင်းသည် မန္တလာသီရိအားကစားကွင်းအတွင်း HDU နှင့် Oxygen Therapy ခုတင် ၁၀၀ ပါဝင်သည့် ခုတင် ၃၀၀ ဆံ့ ကိုဗစ်-၁၉ ရောဂါကုသရေးဌာန (ချမ်းမြသာစည်) ဧရာဝတီစင်တာကို အမြန်ဆုံးပြီးစီးနိုင်ရန် တည်ဆောက်လျက်ရှိပြီး ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးပေးနိုင်မည့် Tests & Care စင်တာလည်းပါရှိမည်ဖြစ်သည်။

 

ဧရာဝတီဖောင်ဒေးရှင်းသည် ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရသူများအား ကုသပေးရန် ကိုဗစ်-၁၉ ရောဂါကုသရေး ဧရာဝတီစင်တာများကို ရန်ကုန်မြို့ တွင် တည်ဆောက်ထားပြီး ခုတင် ၁၀၀၀ ဆံ့ စင်တာအဖြစ် အကောင်အထည် ဖော်ထားကာ မန္တလေးမြို့တွင်လည်း ထပ်မံတည်ဆောက်ပေးခြင်းဖြစ်ကြောင်း သိရသည်။ သတင်း-ရဲရင့်ရှိုင်း၊ ဓာတ်ပုံ-ကိုမိုး