
ကေကေစိုး
ကိုဗစ်- ၁၉ မျိုးကွဲ ကူးစက်ပျံ့နှံ့နေပြီဆိုသောသတင်းမှာ နိုဝင်ဘာ ၂၈ ရက်တွင် တစ်ကမ္ဘာလုံးပျံ့နှံ့လာခဲ့သည်။ ထိုသတင်းကြောင့် နယ်စပ်များပြန်လည်ပိတ်ဆို့ခြင်း၊ ကန့်သတ်ချက်များကို သက်တမ်း တိုးခြင်းတို့ ပြုလုပ်လာခဲ့သည်။
ပြဿနာနှင့် ရင်ဆိုင်နေရ
ယခုတွေ့ရှိရသည့် မျိုးကွဲကို သိပ္ပံပညာရှင်များ နားလည်ရန် အတွက် အချိန်ယူရမည့် ပြဿနာနှင့် အစိုးရများ ရင်ဆိုင်နေရသည်ဟု ဥရောပသမဂ္ဂအကြီးအကဲက ပြောသည်။
အင်ဒိုနီးရှားနိုင်ငံသည်လည်း နိုဝင်ဘာ ၂၈ ရက်တွင် ပြည်ဝင်ခွင့် ကန့်သတ်ချက်များ ပြုလုပ်ခဲ့ပြီး အင်ဂိုလာနိုင်ငံသည် ဒေသတွင်း အိမ်နီးချင်း မိုဇမ်ဘစ်၊ နမ်မီးဘီးယားနှင့် တောင်အာဖရိကတို့ကို တိုက်ရိုက်ပြေးဆွဲနေသော လေယာဉ်များဆိုင်းငံ့သည့် ပထမဆုံး အာဖရိကတောင်ပိုင်းနိုင်ငံဖြစ်သည်။
အဟန့်အတားဖြစ်စေခဲ့
ကိုဗစ်- ၁၉ မျိုးကွဲ အိုမီခရွန်သည် တစ်ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ ကူးစက်မှုတိုက်ဖျက်ရေးအတွက် အဟန့်အတားဖြစ်စေခဲ့သည်။ ထို့ပြင် တိုင်းပြည်အများအပြားသည် အဆိုပါမျိုးကွဲကို ကြောက်ရွံ့ သည့်အတွက် ကန့်သတ်မှုများ သက်တမ်းတိုးလာခဲ့သည်။
အချိန်နှင့်ယှဉ်ပြိုင်နေရခြင်းဖြစ်ကြောင်း ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာဗွန်ဒါလီယန်က ပြောသည်။ ကာကွယ်ဆေးထုတ်လုပ်သူ များသည် ဇီဝပြောင်းလဲမှုကို အပြည့်အဝသိရှိနားလည်နိုင်ရန် အချိန် နှစ်ပတ်မှ သုံးပတ်ယူရဦးမည်ဟုလည်း ၎င်းက ဆက်လက်ပြောကြား ခဲ့သည်။
ကာကွယ်ဆေးထိုးမှုအနိမ့်ဆုံးဖြစ်
နယ်သာလန်နိုင်ငံ၌လည်း တောင်အာဖရိကမှ ပြန်လာသည့် ခရီးသည် ၆၁ ဦးအနက် အိုမီခရွန် ကူးစက်ခံထားရသူ ၁၃ ဦးထက် မနည်း တွေ့ရှိခဲ့သည်။
စုံစမ်းစစ်ဆေးမှုများမှာ အပြည့်အဝမလုပ်ဆောင်ရသေးကြောင်း ပြည်သူ့ကျန်းမာရေးအမျိုးသားအင်စတီကျုက သတိပေးထားသည်။ သတိပေးမှုများ ပြုလုပ်ထားသော်လည်း ဩစတြီးယားနိုင်ငံ၌ ထောင်နှင့်ချီသည့် လူစုလူဝေးကြီးသည် အစိုးရ၏မဖြစ်မနေ ကာကွယ် ဆေးထိုးရမည့် အစီအစဉ်ကို ဆန့်ကျင်ရန် ဆန္ဒပြခဲ့ကြသည်။
ဩစတြီးယားနိုင်ငံသည် အနောက်ဥရောပတွင် ကာကွယ်ဆေးထိုးနှံမှုအနိမ့်ဆုံးဖြစ်နေရာ ယင်းပြဿနာနှင့်ယှဉ်လျှင် ယခုကိစ္စမှာ သိပ်မကြီးကျယ်သည့်ကိစ္စဟု ဝန်ကြီးချုပ် အလက်ဇန္ဒြား ရှဲလန်ဘတ် ကပြောသည်။
ပြန်လည်တင်းကျပ်
ပြင်သစ်နှင့်ဂျာမနီနိုင်ငံတို့အပါအဝင် ဥရောပနိုင်ငံ အများစုမှာ တိုင်းပြည်အတွင်းကူးစက်မှုများ ပြန်လည်များပြားလာသည့်အတွက် စည်းကမ်းချက်များပြန်လည်တင်းကျပ်နေကြပြီဖြစ်သည်။
ဗြိတိန်နိုင်ငံ၌ နိုဝင်ဘာ ၃၀ ရက်မှစတင်ကာ ကိုဗစ် - ၁၉ စည်းမျဉ်းစည်းကမ်းအသစ်များ ပြန်လည်တင်းကျပ်သွားမည်ဟု ကျန်းမာရေးဝန်ကြီး အဗစ်ဂျာဗစ်က ပြောသည်။ အင်္ဂလန်၌ အများ ပြည်သူသုံး သယ်ယူပို့ဆောင်ရေးနေရာများနှင့် ဈေးဆိုင်များသို့ သွားရောက်သည့်အခါ ပါးစပ်၊ နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင် ရမည်ဖြစ်သည်။
အပြင်းအထန်ကြိုးပမ်းနေကြ
ထို့ပြင် ဆိုက်ရောက်လာသည့် ခရီးသွားများအားလုံး ပီစီအာ စစ်ဆေးမှုပြုလုပ်ရမည်ဖြစ်ပြီး ရောဂါကူးစက်ခံထားရခြင်း မရှိဟု ပြသလျှင်ပင် သီးခြားခွဲနေထိုင်ရမည်ဖြစ်သည်။ ယခုတွေ့ရှိထားသည့် ကိုဗစ်- ၁၉ မျိုးကွဲအသစ်၏ ခြိမ်းခြောက်မှုအဆင့်အတန်းကို သိရှိနိုင် ရန်အတွက် သိပ္ပံပညာရှင်များ အပြင်းအထန် ကြိုးပမ်းနေကြသည်။
တောင်အာဖရိကရှိ ဆရာဝန်တစ်ဦးက ၎င်းထံလာရောက် ပြသ သည့် အိုမီခရွန်ကူးစက်ခံထားရကြောင်း သံသယရှိသော လူနာများ မှာမူ မောပန်းနွမ်းနယ်ခြင်းကဲ့သို့ အပျော့စားလက္ခဏာများကိုသာ တွေ့ရှိရသည်ဟု ပြောသည်။
ခရီးသွားလာမှုကန့်သတ်ချက်ထုတ်ပြန်
တောင်အာဖရိက ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းအကြီးအကဲ ဖြစ်သူ အင်ဂျလီကုဇီးက ပြီးခဲ့သည့် ၁၀ ရက်အတွင်း တွေ့ရှိခဲ့သော ကိုဗစ် - ၁၉ လူနာ ၃၀ လုံးမှာ ဆေးရုံတက်ဆေးကုသမှု ခံယူစရာမလိုဘဲ ပြန်လည်ကျန်းမာလာသည်ဟု ပြောသည်။
သို့သော်လည်း အိုမီခရွန်မှာ အန္တရာယ်များသည့် မျိုးကွဲဖြစ်ပြီး ယင်း၏အခြေအနေများကို တိတိကျကျ မသိရသေးဟု ၎င်းက ဆက်ပြောသည်။ နိုင်ငံအများအပြားသည် တောင်အာဖရိကနိုင်ငံကို ခရီးသွားလာမှုဆိုင်ရာ ကန့်သတ်ချက်များ တသီတတန်းကြီး ထုတ်ပြန် ခဲ့ကြသည်။
နယ်စပ်တံခါးများပိတ်
မော်ရိုကိုနိုင်ငံသည်လည်း နိုင်ငံအတွင်းသို့ ဝင်ရောက်မည့် လေယာဉ်များကို နိုဝင်ဘာ ၂၉ ရက်မှစတင်ကာ နှစ်ပတ်ကြာရပ်နားထား ကြောင်း ပြောသည်။ အစ္စရေးနိုင်ငံသည် စည်းကမ်းချက်များ တင်းကျပ်သည့်နိုင်ငံထဲမှ တစ်နိုင်ငံဖြစ်သည်။ နိုင်ငံခြားသားများ အားလုံးကို ရည်ရွယ်ကာ နယ်စပ်တံခါးများ ပိတ်ပစ်ခဲ့သည်။ ခရီးသွားများအတွက် နယ်စပ်တံခါးများကို ပြန်လည်ဖွင့်လှစ်ပေးပြီး လေးပတ်အကြာတွင် ယခုလိုပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အသွားအလာစောင့်ကြည့်ကန့်သတ်ခံရမည်
အနီရောင်အဆင့် သတိထားမှုများ ဆောင်ရွက်နေကြောင်းနှင့် သန်းနှင့်ချီသည့် ပီစီအာ စစ်ဆေးမှုကိရိယာများကိုလည်း ကပ်ရောဂါ တိုက်ဖျက်ရေးအတွက် မှာယူထားကြောင်း အစ္စရေးဝန်ကြီးချုပ် နာ့ဖ်တာလီဘန်းနက်က ပြောသည်။ အစ္စရေးနိုင်ငံသားများအားလုံးသည်လည်း ပီစီအာ စစ်ဆေးမှုခံယူရမည်ဖြစ်ကာ ကာကွယ်ဆေး ထိုးထားလျှင် သုံးရက် အသွားအလာစောင့်ကြည့် ကန့်သတ်ခံရမည် ဖြစ်ပြီး ကာကွယ်ဆေးထိုးမထားပါက တစ်ပတ်အသွားအလာ စောင့်ကြည့်ကန့်သတ်ခံရမည်ဖြစ်သည်။
ကန့်သတ်မှုများအောက် ပြန်လည်ရောက်ရှိ
အိုမီခရွန် ကူးစက်ခံရသူများကို နယ်သာလန်၊ ယူကေ၊ ဟောင်ကောင်နှင့် ဩစတြေးလျနိုင်ငံတို့တွင်လည်း တွေ့ရှိရသည်။ ဩစတြေးလျနိုင်ငံ၌ နိုင်ငံခြားခရီးသွားများအတွက် ခရီးသွားလာမှု ကန့်သတ်ချက်များ ဖယ်ရှားပေးပြီးနောက် တစ်လအကြာတွင် အိုမီခရွန် ပေါ်ပေါက်လာခြင်းဖြစ်သည်။
ဒိန်းမတ်နိုင်ငံ၌လည်း ပထမဆုံး အိုမီခရွန်ကူးစက်ခံရသူများကို တွေ့ရှိခဲ့သည်။ တောင်အာဖရိကမှ ပြန်လာသည့် လူနှစ်ဦးတွင် ကူးစက် ခံထားရကြောင်း တွေ့ရှိခဲ့သည်။ အိုမီခရွန်ကြောင့် တစ်ကမ္ဘာလုံးဆိုင်ရာ ပြန်လည်နာလန်ထူမှုကို အဟန့်အတားဖြစ်စေသည့်အပြင် လူသန်း ပေါင်းများစွာကိုလည်း ကန့်သတ်မှုများအောက် ပြန်လည်ကျရောက်စေ သည်။
ပွင့်လင်းမြင်သာမှုရှိ
သတင်းအချက်အလက်များ မျှဝေရာတွင် ပွင့်လင်းမြင်သာမှုရှိသည့် အတွက် တောင်အာဖရိက အစိုးရကို ချီးကျူးကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က နိုဝင်ဘာ ၂၇ ရက်တွင် ပြောသည်။
တောင်အာဖရိက၌ အိုမီခရွန်ကို စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည့် အတွက် တောင်အာဖရိကနိုင်ငံအပေါ် လေကြောင်းခရီးသွားလာမှု ကန့်သတ်ချက်များထားရှိခြင်းမှာ မျှတမှုမရှိဟု တောင်အာဖရိက နိုင်ငံက ပြောကြားခဲ့သည်။ ။
ကိုးကား- အေအက်ဖ်ပီ