ကိုဗစ် -၁၉ မျိုးကွဲအသစ်ကို စိုးရိမ်စရာကောင်းဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးပြော

 

ဂျီနီဗာ နိုဝင်ဘာ ၂၇


ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးသည် တောင်အာဖရိက၌ တွေ့ရှိရသော  ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲကို စိုးရိမ်စရာ ကောင်းသည့် မျိုးကွဲဟု ပြောသည်။ အဆိုပါ မျိုးကွဲ၏အမည်ကိုလည်း အိုမီခရွန်ဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက အမည်ပေးခဲ့သည်။ 

 


နိုဝင်ဘာ ၂၆ ရက်က အရေးပေါ်ဆွေးနွေးပွဲအပြီးတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ယခုလိုကြေညာ ခဲ့ခြင်းဖြစ်သည်။ တောင်အာဖရိကနိုင်ငံ ဂေါက်တင်ပြည်နယ်၌  အဆိုပါမျိုးကွဲ ကူးစက်ခံရသူ ၇၇ ဦး ကိုတွေ့ရှိခဲ့ရသည်ဟု တောင်အာဖရိကရှိ  ကျန်းမာရေးအာဏာပိုင်များက ပြောသည်။ ယင်းမျိုးကွဲ ကူးစက်မှုကို ဘော့ဆွာနာ၊ ဟောင်ကောင်၊ အစ္စရေးနှင့်ဘယ်လ်ဂျီယံနိုင်ငံတို့တွင်လည်း တွေ့ရှိရသည်။  

 


အဆိုပါမျိုးကွဲသည် ဗီဇပြောင်းလဲမှု ၁၀၀ နီးပါးရှိသည်ဟုလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ နည်းပညာ ဆိုင်ရာအကြီးအကဲဖြစ်သူ မာရီယာဗန်ကွတ်ဟို့ဗ်က ပြောသည်။  လက်ရှိကာကွယ်ဆေးများက  အဆိုပါ  မျိုးကွဲကို  မည်မျှအကာအကွယ်ပေးနိုင်သည်ကို  သိရရန်အတွက် သိပ္ပံပညာရှင်များ အချိန်ယူရဦးမည်ဟုလည်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။                                                                  
အင်န်အိတ်ချ်ကေ