
ကိုလူ
အခုချိန်မှာ ဖြစ်ပွားလျက်ရှိတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါဘေးကို တစ်ကမ္ဘာလုံးက ရင်ဆိုင်နေရတဲ့အချိန်မှာ ဆေးပညာရှင် တွေနဲ့ လူထုကို စိုးရိမ်လာစေတာက ဗိုင်းရပ်စ်ရဲ့ မျိုးဗီဇပြောင်းလဲမှုပဲ။ ဒီရောဂါကို စဖြစ်စေခဲ့တဲ့ ဝူဟန်မြို့မှ ဗိုင်းရပ်စ်ကနေပြီး မျိုးကွဲတွေများစွာ ပေါ်ထွက်လာခဲ့ရာ အခုအချိန်မှာ ကူးစက်မှုအမြန်ဆုံးနဲ့ ထိခိုက်သေဆုံးမှု အများဆုံးဖြစ်လာစေတဲ့ မျိုးကွဲကတော့ ဒယ်လ်တာ (Delta) မျိုးစိတ်ဖြစ်လာ တယ်။ ဒီနောက်မှာတော့ လမ်(ဘ်)ဒါ (Lambda) မျိုးစိတ်က စိုးရိမ်ဖွယ်ရာ ကူးစက်မှုအခြေအနေကို ဖြစ်လာစေ တယ်။
WHO ကတော့ ကိုဗစ်-၁၉ ဗိုင်းရပ်စ် တွေနဲ့ပတ်သက်တဲ့ မျိုးကွဲတွေကို စိုးရိမ် ဖွယ်ရာမျိုးကွဲ (Variants of Concern)နဲ့ သတိထားရမယ့်မျိုးကွဲ (Variants of Interest) ဆိုပြီး အဓိကအားဖြင့် နှစ်မျိုးခွဲခြားထားတယ်။ ဒီအမျိုးအစား နှစ်မျိုးက ဘာကွာသလဲဆိုတော့ ကူးစက်မြန်မှု၊ ရောဂါပြင်းထန်မှုနဲ့ ကာကွယ်ရေး၊ ရောဂါရှာဖွေဖော်ထုတ် ရေးနဲ့ ကုသရေးနည်းလမ်းတွေအပေါ်ကို တုံ့ပြန်နိုင်တဲ့ ဗိုင်းရပ်စ်ရဲ့ စွမ်းဆောင်ရည် ပေါ်မူတည်ပြီး ကွဲပြားတာလို့ ဆိုတယ်။
ဒီအထဲက စိုးရိမ်ဖွယ်ရာမျိုးကွဲ (Variants of Concern) စာရင်းထဲမှာ အယ်လ်ဖာ (Alpha)၊ ဘီတာ (Beta)၊ ဂမ်မာ (Gamma)နဲ့ ဒယ်လ်တာ (Delta) ဆိုတဲ့ မျိုးစိတ်တွေပါဝင်တယ်။ သတိ ထားရမယ့်မျိုးကွဲ (Variants of Interest) စာရင်းထဲမှာတော့ အီတာ (Eta)၊ လိုတာ (Lota)၊ ကပ်ပါ (Kappa)နဲ့ လမ်(ဘ်)ဒါ (Lambda) တို့ ပါဝင်ကြတယ်။ အခု အချိန်မှာ အချို့နိုင်ငံတွေမှာ တွေ့နေရတဲ့ အပ်(ပ်)ဆီလွန် (Epsilon) မျိုးစိတ် ကိုတော့ ရှေ့ဆက်စောင့်ကြည့်ရမယ့် စာရင်းထဲမှာ ထည့်ထားတာ တွေ့ရ တယ်။
ဒီနေရာမှာ မေးစရာတစ်ခုပေါ်လာ တာက ဗိုင်းရပ်စ်မျိုးကွဲတွေဟာ ဒီလိုပဲ ဆက်ပေါ်နေမလား၊ ထပ်ပေါ်လာတဲ့ မျိုးကွဲတွေကရော လူသားတွေကို ဘယ်လောက်ထိ ကူးစက်၊ သေဆုံးမှုတွေ ဖြစ်လာစေနိုင်သလဲဆိုတာပဲ။ အဲဒါနဲ့ ပတ်သက်ရင် အနာဂတ်မှာ ဖြစ်လာ နိုင်တဲ့ဖြစ်နိုင်ခြေတွေကို အောက်ပါ အတိုင်းတွေ့ရမှာ ဖြစ်တယ်။
ဖြစ်နိုင်ခြေ (၁)
အခုတွေ့နေတဲ့ မျိုးကွဲထက် လူတွေ ကို ပိုမိုကူးစက်မြန်ပြီး အသက်အန္တရာယ် ဖြစ်စေနိုင်တဲ့ မျိုးစိတ်အဖြစ် ပြောင်းလဲ သွားလိမ့်မယ်။ ဥပမာအားဖြင့် သေဆုံးနှုန်း (၁၀ ရာခိုင်နှုန်း) ရှိတဲ့ SARS-CoV ဗိုင်းရပ်စ်လိုမျိုးနဲ့ သေဆုံးနှုန်း (၃၅ ရာခိုင် နှုန်း)ရှိတဲ့ MERS-CoV ဗိုင်းရပ်စ်လိုမျိုး မျိုးဗီဇပြောင်းလဲသွားလိမ့်မယ်လို့ ဆိုလို တာပါ။
ဒီလိုမျိုး ပုံစံပြောင်းလဲသွားဖို့အတွက် နည်းလမ်းနှစ်သွယ်ရှိတယ်။ ပထမ နည်းလမ်းကတော့ SARS-CoV-2 ရဲ့ မျိုးပွားမှုနှုန်း၊ လူသားဆဲလ်တွေရဲ့ ဗိုင်းရပ်စ်အပေါ် အာရုံခံနိုင်မှုနဲ့ ဗိုင်းရပ်စ်ရဲ့ ပဋိဇီဝဆေး (Antiviral) တွေအပေါ် တုံ့ပြန်နိုင်စွမ်းတွေကိုဖြစ်စေတဲ့ မျိုးဗီဇ တစ်ခုခုက ပြောင်းလဲသွားတာ (Point Mutation) ဒါမှမဟုတ် အခြားဗိုင်းရပ်စ် မျိုးဗီဇတွေနဲ့ ပေါင်းစပ်ပြီး ပုံစံပြောင်းသွား တာမျိုးကြောင့် ဖြစ်သွားနိုင်တယ်။
ဒုတိယနည်းလမ်းကတော့ အပေါ်မှာ ပြောထားတဲ့ စိုးရိမ်ဖွယ်ရာ မျိုးကွဲ (Variants of Concern) ထဲက ဗိုင်းရပ်စ် နှစ်မျိုး ဒါမှမဟုတ် သတိပြုရမယ့် မျိုးကွဲ (Variants of Interest) ထဲက ဗိုင်းရပ်စ် နှစ်မျိုးပေါင်းစပ်ပြီး မျိုးစိတ်သစ်တစ်ခု ဖြစ်လာတာမျိုးပါ။ အထူးသဖြင့် ကာကွယ် ဆေးတွေမှာ အများအားဖြင့် သုံးနေတဲ့ ဗိုင်းရပ်စ်ရဲ့ (Spike Protein) ဖြစ်တဲ့ အချွန်အတက်တွေကိုဖြစ်စေတဲ့ မျိုးဗီဇကို အကြီးအကျယ် ပြောင်းလဲမှုဖြစ်စေတာ မျိုးပါ။ ဒီလိုဖြစ်လာရင် လူတွေရဲ့မွေးရာပါ ကိုယ်ခံအား (Innate Immunity) ကို ထိုးဖောက်နိုင်စွမ်း ပိုရှိလာပြီး မျိုးပွားမှု ပိုမြန်တာ၊ ပိုကူးစက်မြန်တာ၊ ပိုသေတာ တွေကို ဖြစ်လာစေနိုင်တယ်လို့ဆို တယ်။
ဖြစ်နိုင်ခြေ (၂)
ဒုတိယဖြစ်နိုင်ခြေကတော့ ကာကွယ် ဆေးတွေကို မမှုတော့တဲ့ မျိုးကွဲတစ်ခု ပေါ်လာတာပါ။ ဒီလိုဖြစ်ဖို့အတွက် နည်းလမ်းသုံးသွယ်ရှိတယ်လို့ ဆိုတယ်။
ပထမနည်းလမ်းက Antigenic Shift လို့ပြောကြတဲ့ ဗိုင်းရပ်စ်ရဲ့ မျိုးဗီဇထဲမှာ ကြီးမားတဲ့ ရုတ်ခြည်းပြောင်းလဲမှု ဖြစ်သွားစေတာပါ။ အထူးသဖြင့် အခြား ကိုရိုနာဗိုင်းရပ်စ်တွေဖြစ်တဲ့ MERS ဗိုင်းရပ်စ်လိုမျိုး၊ လူတွေမှာ ဖြစ်ပွားလေ့ ရှိနေတဲ့ CoVs တစ်မျိုးမျိုးဆီက (Spike Protein) ဆိုတဲ့ အချွန်အတက်တွေကို အခုလက်ရှိမျိုးစိတ်ထဲကို ထိုးသွင်းခြင်း ဖြင့် မျိုးဗီဇပြောင်းလဲသွားစေတာပါ။
ဒုတိယနည်းလမ်းကတော့ အခု လက်ရှိမျိုးစိတ်တွေက လူကတစ်ဆင့် တိရစ္ဆာန်ဆီ ပြန်လည်ကူးစက်ပြီး အဲဒီ တိရစ္ဆာန်ဆီမှာ ဆင့်ကဲပြောင်းလဲမှု ထပ်မံ ဖြစ်ပွားစေတာပါ။ အဲဒီကမှတစ်ဆင့် လူတွေဆီကို ပြန်ကူးစက်စေတဲ့နည်းပါ။
တတိယနည်းလမ်းကတော့ (Anti- genic Drift) ဆိုတဲ့ ဗိုင်းရပ်စ်ရဲ့ မျိုးဗီဇ က ဖြည်းညင်းစွာ ပြောင်းလဲသွားတဲ့ နည်းပါ။ မျိုးဗီဇပြောင်းလဲမှုတွေက တဖြည်းဖြည်းနဲ့များလာပြီး နောက်ဆုံးမှာ ကာကွယ်ဆေးတွေ မတိုးတော့တဲ့အထိ ပုံစံပြောင်းသွားနိုင်တဲ့နည်းပါ။
ဖြစ်နိုင်ခြေ (၃)
တတိယမြောက် ဖြစ်နိုင်ခြေကတော့ ပဋိဇီဝဆေးမတိုးတဲ့ ဗိုင်းရပ်စ်မျိုးစိတ် အဖြစ်ပြောင်းလဲသွားတာပါ။ အကယ်၍ ပဋိဇီဝဆေး တစ်မျိုးတည်းကိုပဲ သုံးမယ် ဆိုရင် ဆေးမတိုးတဲ့ ဗိုင်းရပ်စ်မျိုးစိတ် ဖြစ်လာနိုင်ခြေ အတော်လေးကို မြင့်မား လာစေနိုင်တယ်လို့ ဆိုကြတယ်။
ဖြစ်နိုင်ခြေ (၄)
စတုတ္ထမြောက် ဖြစ်နိုင်ခြေကတော့ ဗိုင်းရပ်စ်ဟာ ဆင့်ကဲပြောင်းလဲလာရင်း နဲ့ နောက်ဆုံးမှာ ရောဂါပြင်းထန်မှု (Virulence) အားနည်းတဲ့ ဗိုင်းရပ်စ် တစ်မျိုးအဖြစ် ပြောင်းလဲသွားတာမျိုးပါ။ ဆိုလိုတာက နောက်ဆုံးမှာ လူတွေမှာ ဖြစ်လေ့ရှိနေတဲ့ ရာသီတုပ်ကွေး ဗိုင်းရပ်စ်ပုံစံမျိုး ဖြစ်သွားတာပါ။
၂၀၁၉ ခုနှစ် နိုဝင်ဘာလ ကိုဗစ်ကို စတင်တွေ့ရှိခဲ့တဲ့အချိန်ကစရင် အခု အချိန် မှာ လူပေါင်း သန်း ၂၀၀ ကျော်ကို ကူးစက်ခဲ့ပြီးဖြစ်တယ်။ တစ်နည်း အားဖြင့်ပြောရရင် ဗိုင်းရပ်စ်ဟာ အကြိမ်ပေါင်း သန်း ၂၀၀ လောက် ပုံတူကူးခဲ့ပြီး (Replication) ဖြစ်တယ်လို့ ဆိုရမှာဖြစ်တယ်။ ပြီးတော့ ဒီဗိုင်းရပ်စ်ဟာ RNA ဗိုင်းရပ်စ်ဖြစ်တဲ့အတွက် ပုံတူပွားတဲ့အချိန်တိုင်းမှာ အခြား DNA ဗိုင်းရပ်စ်တွေထက်ပိုပြီး မှားနိုင်ခြေ ပိုများလေ့ရှိတယ်။ ဒီတော့ အကြိမ်ပေါင်း များစွာပုံတူကူးခံရလေ ပိုပြီးမှားနိုင်လေ ဖြစ်တယ်။ ပိုမှားလာတာနဲ့အမျှ ဗိုင်းရပ်စ် မျိုးကွဲတွေ ထပ်ထွက်လာနိုင်တဲ့ အခွင့်အလမ်း ပိုများလာလေ ဖြစ်လိမ့်မယ်။
ဒီလိုမျိုးကွဲတွေ အများကြီးဖြစ်လာတဲ့ အခါမှာ ဘယ်မျိုးကွဲက လွှမ်းမိုးသွားမလဲ ဆိုတော့ ကူးစက်မှုပိုမြန်တဲ့ မျိုးစိတ်တွေ က အခြားမျိုးစိတ်တွေအပေါ်ကို လျင်လျင် မြန်မြန်ပဲ လွှမ်းမိုးသွားမှာဖြစ်တယ်။ ဒါကြောင့် အခုချိန်မှာ ဒယ်လ်တာဗိုင်းရပ်စ် က အခြားမျိုးစိတ်တွေထက် ရှေ့ပိုရောက် လာတာ ဖြစ်တယ်။ အဲဒီလိုပဲ ဒယ်လ်တာ လိုမျိုး ဒါမှမဟုတ် ဒယ်လ်တာထက် ကူးစက်မှု ပိုမြန်တဲ့အခြားမျိုးစိတ်တွေ ထွက်လာရင်လည်း အခုလိုရှေ့တန်း ရောက်လာဦးမှာဖြစ်တယ်။
ဒီတော့ ရေတိုမှာ ဘာဖြစ်လာနိုင်လဲ ဆိုရင် ကူးစက်မှုတွေ ဆက်ရှိနေသေးတဲ့ အတွက် မျိုးကွဲတွေကတော့ ထပ်ထွက် နေဦးမှာဖြစ်တယ်။ အဲဒီထဲကနေပြီး ကူးစက်မှုပိုမြန်ပြီး ပိုပြင်းထန်တဲ့ မျိုးစိတ် တွေလည်း ထပ်ထွက်လာနိုင်တယ်။ ဒါပေမယ့် ကောင်းတဲ့သတင်းတစ်ခုကတော့ ကာကွယ်ဆေးတွေကို ၁၀၀ ရာခိုင်နှုန်း ကျော်လွှားနိုင်တဲ့ မျိုးစိတ်တစ်ခုကတော့ လတ်တလော ထွက်လာသေးမှာမဟုတ် သေးဘူး။ တစ်နည်းအားဖြင့် ပြောရမယ် ဆိုရင် ကာကွယ်ဆေးထိုးခြင်းဟာ ရောဂါပြင်းထန်မှုနဲ့ သေဆုံးမှုကို သိသိသာသာ လျော့နည်းနေစေဦးမှာ ဖြစ်တယ်။
အဲဒီလိုပဲ အခြားရာသီတုပ်ကွေးတွေ လိုမျိုး လူတွေကြားမှာ ပျံ့နှံ့နေပြီး လက္ခဏာမပြင်းထန်တဲ့ ပုံစံမျိုးနဲ့ ဗိုင်းရပ်စ်ဟာ ပုံစံပြောင်းရင်း တဖြည်းဖြည်း အားနည်းလာပြီး နောက်ဆုံးမှာ မျိုးသုဉ်းသွားဖို့ကလည်း အခုနှစ်အနည်းငယ် အတွင်းမှာတော့ ဖြစ်နိုင်ခြေ နည်းနေပါသေးတယ်လို့ ဆိုရမှာဖြစ်တယ်။
ဒီနေရာမှာ သိပ္ပံပညာရှင်တွေက ဗိုင်းရပ်စ်ရဲ့ မျိုးဗီဇပြောင်းလဲမှုကို စောင့်ကြည့်တဲ့ (Genomic Surveillance)၊ ကာကွယ်ဆေးအသစ်တွေ၊ ပဋိဇီဝဆေး အသစ်တွေတီထွင်တာ စတာတွေကို ဆောင်ရွက်နေကြပါတယ်။ မြန်မာ့ တပ်မတော်အနေနဲ့လည်း နိုင်ငံအတွင်း မှာ ပျံ့နှံ့နေတဲ့ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ရဲ့ မျိုးဗီဇပြောင်းလဲမှုကို တပ်မတော် ဆေးသုတေသနတပ်မှာ မျိုးဗီဇ ပညာရှင်တွေက အချိန်နဲ့တစ်ပြေးညီ စောင့်ကြည့်လျက်ရှိပါတယ်။ ထွက်ရှိ လာတဲ့ ကိုဗစ် မျိုးကွဲတွေနဲ့ပတ်သက်ပြီး ဆက်လက်ဆောင်ရွက်ရမယ့် ကာကွယ် ရေး၊ ရောဂါရှာဖွေဖော်ထုတ်ရေးနဲ့ ကုသရေးဆိုင်ရာ နည်းလမ်းတွေကို သက်ဆိုင်ရာပညာရှင်တွေနဲ့ ညှိနှိုင်း တိုင်ပင်ပြီး ဆောင်ရွက်လျက်ရှိပါတယ်။ အဲဒီလိုပဲ သာမန်ပြည်သူတွေအနေနဲ့ လည်း ဒီလိုဗိုင်းရပ်စ်မျိုးကွဲတွေ ထပ်မထွက်လာအောင် ဆောင်ရွက်နိုင် တဲ့ နည်းလမ်းတွေရှိပါတယ်။ အဲဒါတွေ က ဘာတွေလဲဆိုရင်
u နှာခေါင်းစည်းတပ်တာ၊
u လက်မကြာခဏဆေးတာ၊
u ခပ်ခွာခွာနေထိုင်တာ၊
u ကာကွယ်ဆေးထိုးတာ
စတာတွေကို ဆက်လက်လုပ်ဆောင် နေဖို့ပါ။ ဒါမှသာ ကူးစက်မှုကွင်းဆက် (Transmission Chain) ကို ဖြတ်တောက် နိုင်ပြီး ဗိုင်းရပ်စ်တွေရဲ့ ပုံတူကူးမှု (Replication Process) ကို တတ်နိုင် သမျှ နည်းစေမှာဖြစ်တယ်။
ဒီကပ်ရောဂါက ဘာနဲ့တူလာသလဲ ဆိုရင် ဗိုင်းရပ်စ်နဲ့ လူသားတွေရဲ့ ရှင်သန်ရေးတိုက်ပွဲတစ်ခုလို ဖြစ်လာ ပါပြီ။ ဇီဝဗေဒမှာ သီအိုရီတစ်ခု ရှိတယ်။ သဘာဝရဲ့ရွေးချယ်မှု (Natural Selection) ပါ။ ဘယ်သူ တွေကို သဘာဝက ရွေးချယ်မလဲဆိုရင် (Survival of the Fitness) လို့ဆိုတဲ့ အသန်စွမ်းဆုံး မျိုးစိတ်တွေကိုသာ ရွေးချယ်သွားမှာ ဖြစ်တယ်လို့ ဆိုတယ်။ ဒီတော့ မေးစရာမေးခွန်း တစ်ခုက ကျွန်တော်တို့ဟာ ရှင်သန် ကျန်ရစ်နေဖို့ လုံလောက်တဲ့ ကြံ့ခိုင်မှု ရှိပါရဲ့လား (Are we strong enough to survive?) ဆိုတာပါပဲ။ ။
- Log in to post comments