ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့ကျသွားသည့် နိုင်ငံပေါင်း ၄၆ နိုင်ငံမှ ခရီးသည်များအား သီးခြားခွဲနေထိုင်ရန်မလိုဘဲ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ပြုမည်

ဗန်ကောက်  အောက်တိုဘာ  ၂၁ 


ကိုဗစ်-၁၉ ရောဂါ  ကူးစက်မှုလျော့ကျသွားသည့် နိုင်ငံပေါင်း ၄၆ နိုင်ငံမှ  ကာကွယ်ဆေးနှစ်ကြိမ်စလုံး ထိုးနှံမှုခံယူထားသည့် ခရီးသည်များအား နိုဝင်ဘာ ၁ ရက်မှစပြီး သီးခြားခွဲနေထိုင်ရန် မလိုအပ်ဘဲ နိုင်ငံ အတွင်းသို့     ဝင်ရောက်လည်ပတ်ခွင့်ပြုမည် ဖြစ်ကြောင်း  ထိုင်းအစိုးရက  ယနေ့ကြေညာချက် ထုတ်ပြန်သည်။ 


အဆိုပါ ကြေညာချက်ကို ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက        ၎င်း၏ဖေ့စ်ဘွတ်စာမျက်နှာတွင် ရေးသားထားသည်။  သို့သော်  အဆိုပါသီးခြားခွဲ နေထိုင်ရန်မလိုအပ်သည့်       နိုင်ငံများစာရင်းကို အသေးစိတ်ဖော်ပြထားခြင်း မရှိပေ။ 


ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကြောင့် ထိခိုက် သွားသည့်  စီးပွားရေးကို  ပြန်လည်ဦးမော့လာစေရန်  အမြန်ဆုံးဆောင်ရွက်ရန် လိုအပ်ကြောင်း ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ဆိုသည်။ 


ကနဦးတွင် ထိုင်းအစိုးရက ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအခြေအနေ  လျော့ကျသွားသည့်နိုင်ငံ      ၁၀ နိုင်ငံမှ  ခရီးသည်များကိုသာ  သီးခြားခွဲနေထိုင်ရန် မလိုအပ်ဘဲ နိုင်ငံအတွင်းသို့  ဝင်ရောက်လည်ပတ် ခွင့်ပြုရန် စီစဉ်ခဲ့သည်။ 


သို့သော် အခြားသောနိုင်ငံများက နိုင်ငံခြားသား ခရီးသွားများအား လာရောက်လည်ပတ်နိုင်စေရန်ကျန်းမာရေးစည်းမျဉ်းများကို ဖြေလျှော့ပေးလျက် ရှိသည့်အတွက်  ထိုင်းအစိုးရကလည်း   ကနဦး အစီ အစဉ်ကို ပြောင်းလဲသတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ 


နိုင်ငံအတွင်း     ရောဂါကူးစက်မှုအရေအတွက် မြင့်တက်လျက်ရှိသော်လည်း     ယင်းအစီအစဉ်ကို ချမှတ်ရခြင်းမှာ     အလွန်အန္တရာယ်များသည်ကို သိရှိပါကြောင်း  ဝန်ကြီးချုပ် ချန်အိုချာက ဆိုသည်။ သို့သော် ထိုင်းနိုင်ငံအပါအဝင် အခြားသောနိုင်ငံများ သည်လည်း          ကိုဗစ်- ၁၉ ရောဂါကူးစက်မှုကို ကောင်းမွန်စွာ  ကိုင်တွယ်ထိန်းချုပ်နိုင်မည်ဟု ယုံကြည်ပါကြောင်းနှင့်   ကိုဗစ်-၁၉ ရောဂါနှင့်အတူယှဉ်တွဲနေထိုင်သွားမည့်  နည်းလမ်းကောင်းများကို လည်း      လိုက်နာကျင့်သုံးရန်လိုအပ်ကြောင်း ဝန်ကြီးချုပ်က ဆက်လက်ပြောသည်။ 
လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၉၇၂၇ ဦး ထပ်မံစစ်ဆေးတွေ့ရှိခဲ့ရာ ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း      ၁၈၂၁၅၇၉ ဦးရှိ လာသည်။ အလားတူ ကိုဗစ်-၁၉  ရောဂါကြောင့်       ၇၃ ဦး   ထပ်မံသေဆုံးခဲ့ရာ      အဆိုပါရောဂါကြောင့်    သေဆုံးသူပေါင်း      ၁၈၅၅၉  ဦးရှိလာကြောင်း     သိရသည်။          

                 

ကိုးကား- စီအင်န်အေ 
ဘာသာပြန်- အောင်ကျော်ကျော်