
ကိုဗစ်-၁၉ ရောဂါကုသရေးဌာန(ဖောင်ကြီး)၌ လူနာဆောင်များ
တိုးချဲ့ပြင်ဆင်ပြီးစီးပါက လူနာပေါင်း ၁၂၂၀ အား ထားရှိကုသနိုင်မည်
==============================================================================================
ရန်ကုန် စက်တင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး လှည်းကူး မြို့နယ်ရှိ ကိုဗစ်-၁၉ ရောဂါကုသရေး ဌာန (ဖောင်ကြီး) ၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများ ထားရှိရန် အတွက် အဆောက်အအုံများကို ပြုပြင်မွမ်းမံ တိုးချဲ့ဆောက်လုပ် လျက်ရှိရာ လုပ်ငန်းများ ဆောင်ရွက် ပြီးစီးပါက လူနာပေါင်း ၁၂၂၀ အား ထားရှိကုသနိုင်မည် ဖြစ်ကြောင်း ပြုပြင်မွမ်းမံ တိုးချဲ့ဆောက်လုပ် လှူဒါန်းသည့် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင် များ အသင်းချုပ်မှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အများစု၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့်လူနာများ နေ့စဉ် နှင့်အမျှ များပြားလာသောကြောင့်ထပ်တိုးလူနာများထားရှိရန်အတွက် စက်တင်ဘာ ၁ ရက်မှစတင်၍ တိုးချဲ့ဆောင်များကို ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောကြားသည်။
တိုးချဲ့ပြင်ဆင်ဆောင်ရွက်နေ
စက်တင်ဘာ ၁၀ ရက်တွင် လူနာ ၁၁၆ ဦးထားရှိနိုင်မည့် မန္တလာဆောင်နှင့် စက်တင်ဘာ ၁၁ ရက်တွင် လူနာ ၁၀၀ ထားရှိနိုင်မည့် မြင်းမိုရ်ဆောင်တို့၌ လူနာများထားရှိထားပြီဖြစ်ကြောင်း၊ ရာမညဆောင်တွင်လည်း ပြင်ဆင်ဆောင်ရွက်ပြီးဖြစ်၍ ယမန်နေ့ညနေပိုင်းက လူနာများထားရှိထားပြီဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကုသရေးဌာန(ဖောင်ကြီး)၌ လူနာ ၁၆၀ စီ ထားရှိနိုင်မည့် ပိတောက်ဆောင်နှင့် ကံ့ကော်ဆောင်တို့ကိုပါ ဆက်လက်ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ပြီး လူနာစုစုပေါင်း ၃၂၀ ထားရှိမည်ဖြစ်ရာ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက လူနာပေါင်း ၁၂၂၀ ကို ထားရှိကုသနိုင်မည်ဖြစ်ကြောင်း၊ လက်ရှိ ကိုဗစ်-၁၉ ရောဂါကုသရေးဌာန(ဖောင်ကြီး)၌ ပိုးတွေ့လူနာများနှင့် အတည်ပြု
လူနာများအား ထားရှိထားသော်လည်း နောက်ပိုင်းတွင် အရေးပေါ်လူနာများသာထားရှိကုသသွားမည်ဖြစ်ကြောင်း၊ ထပ်တိုးလူနာများပြားလာပါကအဆောင်များ ထပ်မံတိုးချဲ့၍ရနိုင်သော်လည်း ဆရာဝန်၊ သူနာပြုနှင့် ဆေးဘက်ကျွမ်းကျင်ဝန်ထမ်းများအပါအဝင် လုပ်အားပေးအင်အား အခက်အခဲရှိနိုင်သောကြောင့် ပိုးတွေ့လူနာများကို ကန့်သတ်စောင့်ကြည့်စင်တာများတွင်သာထားရှိရန် ကိုဗစ်-၁၉ ရောဂါ ကော်မတီက စီစဉ်ထားကြောင်း တိုးချဲ့ဆောင်များကို တာဝန်ယူပြင်ဆင်ဆောင်ရွက်နေသည့် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးမျိုးမြင့်၏ ပြောကြားချက်အရ သိရသည်။
လွှဲပြောင်းပေးအပ်
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဖောင်ကြီးကျေးရွာရှိ ဗဟိုဝန်ထမ်းတက္ကသိုလ်(ဖောင်ကြီး)ရှိ အဆောက်အအုံများကို ပြုပြင်မွမ်းမံ
တိုးချဲ့ဆောက်လုပ်၍ ကိုဗစ်-၁၉ ရောဂါကုသရေးဌာန(ဖောင်ကြီး)အဖြစ်
ဆောင်ရွက်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တာဝန်ပေးအပ်သောကြောင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်က လွန်ခဲ့သည့် ဧပြီ ၂ ရက်မှစတင်၍ တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ငွေကျပ် သိန်းပေါင်း ၁၀၀၀၀ အကုန်အကျခံကာ ပြုပြင်မွမ်းမံ တိုးချဲ့ဆောက်လုပ်လှူဒါန်းခဲ့ရာ ဇွန် ၃၀ ရက် မွန်းလွဲပိုင်းတွင် ရောဂါပိုးကူးစက်ခံရသောအတည်ပြုလူနာများကိုထားရှိမည့် အထူးကြပ်မတ်ကုသဆောင်(ICU) လေးဆောင်၊ လူနာကုသဆောင်ငါးဆောင်၊ CT Scan ထားရှိမည့်အဆောင် တစ်ဆောင်၊ အုပ်ချုပ်မှုအဆောင်တစ်ဆောင်၊ ဆရာဝန်နှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများနေထိုင်မည့် အဆောင်သုံးဆောင်ပါဝင်သည့် ကိုဗစ်-၁၉ ရောဂါကုသရေးဌာန(ဖောင်ကြီး)ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ လွှဲပြောင်း
ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်း - ပွင့်သစ္စာ၊ ဓာတ်ပုံ - စိုးမြင့်အောင်