မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ပထမလှိုင်းဖြစ်သည့် ၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်နေ့တွင် ရောဂါပိုးစတင်တွေ့ရှိခဲ့ပြီး ယင်းနှစ် ဇူလိုင်လတတိယပတ် နှင့် စတုတ္ထပတ် ဒုတိယလှိုင်းကာလတွင် တစ်ရက်လျှင် ပျမ်းမျှပိုးတွေ့ဦးရေ လူ ၅၀၀၀ ကျော်ခန့် (၄၁ ရာခိုင်နှုန်း) အထိ ဖြစ်ပွားခဲ့ပါသည်။ ၂၀၂၁ ခုနှစ် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကာလတွင် ရောဂါဖြစ်ပွားမှု၊ သေဆုံးမှု လျင်မြန်စွာ ဖြစ်ပွားမှုကို အစွမ်းကုန်ကြိုးပမ်းထိန်းချုပ်နိုင်ခဲ့ပါသည်။
၂၀၂၂ ခုနှစ် ကမ္ဘာပေါ်၌ ကိုဗစ်-၁၉ စတုတ္ထလှိုင်း ဖြစ်ပွားနေသောကာလတွင် မြန်မာနိုင်ငံအနေဖြင့် “လက်တွေ့ကျကျ၊ မြန်မြန်ဆန်ဆန်လုပ်၊ လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ” မူဝါဒကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းညွှန်ခဲ့ပြီး သက်ဆိုင်သူများအားလုံးက နည်းလမ်း ပေါင်းစုံဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို နေ့မနားညမနား ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ မကြာသေးမီကာလတွင် မြို့နယ် အားလုံးအား ကိုဗစ်-၁၉ ကန့်သတ်ချက်များ ဖယ်ရှားပေးခဲ့ပြီး ပြည်သူလူထု ပုံမှန် နေထိုင်လုပ်ကိုင်နိုင်မှုဖြစ်အောင် ဆောင်ရွက်ပေးခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ဆောင်ရွက် ရာတွင်ရှိသည့် ကျန်းမာရေးလူ့စွမ်းအား၊ ငွေကြေးအင်အားများကို အစွမ်းကုန် စိုက်ထုတ်၍ ဆောင်ရွက်ပေးခဲ့သည်။ နိုင်ငံတကာအနှောင့်အယှက်အချို့နှင့် ပြည်တွင်းမှ အကြမ်းဖက်အဖျက်သမားများ၏ နှောင့်ယှက်ဖျက်ဆီးမှုများကို ကျော်လွှားပြီး ညီညွတ်မှု၊ ပြည်သူလူထုပူးပေါင်းပါဝင်မှုတို့ဖြင့် ဆောင်ရွက်ခဲ့ရာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလကုန်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိမှုနှုန်းမှာ နေ့စဉ်ပျမ်းမျှ တစ်ရာခိုင်နှုန်းဝန်းကျင်သာရှိတော့သည့်၊ ထိန်းချုပ်နိုင်သည့်အခြေအနေကောင်း တစ်ခုသို့ ရောက်လာခဲ့သည်။
သို့သော် ကမ္ဘာပေါ်၌ ၂၀၂၁ ခုနှစ်ကုန်ခန့်တွင် ကိုဗစ်-၁၉ ရောဂါ၏ အိုမီခရွန် ရောဂါပိုး မျိုးကွဲသစ်ကို တွေ့ရှိလာခဲ့ပြီး မြန်မာနိုင်ငံ၌ ပြည်ပမှ ပြန်လည်ဝင်ရောက် လာသူများအား စစ်ဆေးခဲ့ရာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် အိုမီခရွန် ရောဂါပိုးရှိသူ စတင်တွေ့ရှိခဲ့သည်။ အိုမီခရွန်ရောဂါပိုးတွေ့သူများကို သီးခြား ကန့်သတ်ထားရှိ ကုသဆောင်ရွက်ပေးခဲ့ပြီး ရောဂါပိုးသစ် ထပ်မံတွေ့ရှိသူများကို အထူးဂရုစိုက်ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီ လဆန်း ၆ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု တစ်ရာခိုင်နှုန်းဝန်းကျင်ဖြင့် တန်းနေခဲ့ပြီး ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် နှစ်ရာခိုင်နှုန်းကျော်ဖြစ်လာခဲ့သည်။ ထို့နောက် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ပိုးတွေ့သူဦးရေတစ်ထောင်ကျော်ဖြင့် ငါးရာခိုင်နှုန်းခန့်ဖြစ်လာခဲ့သည်။ ထိုမှ ပိုးတွေ့ရာခိုင်နှုန်းများ တဖြည်းဖြည်းတက်လာ ခဲ့ပြီး ယခုအခါ ပိုးတွေ့နှုန်း ငါးရာခိုင်နှုန်းကျော်လာပြီဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါနှင့် အိုမီခရွန်မျိုးကွဲသစ် ရောဂါပိုးတွေ့ရှိမှုများမှာ နေ့စဉ် တိုးတက်နေသော်လည်း ထူးခြားမှုမှာ ရောဂါကြောင့် အသက်သေဆုံးသူမရှိခြင်း ဖြစ်သည်။ သို့သော် ရောဂါပိုးတွေ့ရှိမှုမှာ နေ့စဉ်အတက်ဘက်သို့ရောက်လာသဖြင့် အထူးသတိထားဆင်ခြင်နေထိုင်လုပ်ကိုင်ကြရန် လိုအပ်ပါသည်။ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှုန်းကျဆင်းလာသဖြင့် ပုံမှန်အခြေအနေဘဝ၌ နေထိုင်လုပ်ကိုင်နေ သောအချိန်တွင် ရောဂါဖြစ်ပွားမှု အတက်ဘက်တွင်ရှိနေသဖြင့် ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို ပိုမိုအရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ကြရမည် ဖြစ်သည်။ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်- ၁၉ ဗီဇမျိုးကွဲ အိုမီခရွန်နှင့် ပတ်သက်၍ ရောဂါဖြစ်ပွားမှုများကို မျက်ခြည်မပြတ် စောင့်ကြပ်စစ်ဆေးကုသ ပေးလျက်ရှိပါသည်။ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ကာကွယ်ထိန်းချုပ်ခြင်း၊ အသွားအလာကန့်သတ် သီးခြားထားရှိခြင်း၊ အောက်ဆီဂျင်အပါအဝင် ဆေးနှင့် ဆေးပစ္စည်းများ ကြိုတင်ပြင်ဆင်ထားရှိခြင်း၊ နှီးနွှယ်ဝန်ကြီးဌာနများ၊ ဒေသ အာဏာပိုင်အဖွဲ့အစည်းများ၊ အလှူရှင်များ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းတို့ကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နေသည်။
သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါနှင့် ဗီဇမျိုးကွဲ အိုမီခရွန်ကူးစက်မှုမှ ကာကွယ်ရေး အတွက် ရောဂါကာကွယ်ရေး အခြေခံစည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာ ခြင်း၊ သံသယရှိသူများကို နီးစပ်ရာကျန်းမာရေးဌာနများသို့ ချက်ချင်းသတင်း ပေးပို့ခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို မပျက်မကွက်အကြိမ်ပြည့် ခံယူခြင်းနှင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသူများကို ကာကွယ်ဆေးထိုးဌာနများ သို့ ဆက်သွယ်ပေးပို့ခြင်းတို့ကို မမေ့မလျော့ မပေါ့ဆသောသတိဖြင့် လုပ်ကိုင်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။
Remark Type