
ကိုဗစ်-၁၉ တုံ့ပြန်ဆောင်ရွက်ရေးအတွက် ဆေးနှင့်ဆေးပစ္စည်းများ ပံ့ပိုးမှုအခြေအနေများနှင့် Global Fund ထောက်ပံ့ငွေဖြင့် တီဘီ၊ ခုခံကျ/ကာလသားနှင့် ငှက်ဖျားရောဂါများ တိုက်ဖျက်ရေးအတွက် သဘောတူညီချက်လက်မှတ်ရေးထိုးရေး ဆွေးနွေး
=====================================================================================================================================================================
နေပြည်တော် စက်တင်ဘာ ၃၀
UNOPS အဖွဲ့မှ ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ တုံ့ပြန် ဆောင်ရွက်ရေး ဆေးနှင့်ဆေးပစ္စည်းများ ဝယ်ယူပံ့ပိုးမှု အခြေအနေ၊ Global Fund ထောက်ပံ့ငွေဖြင့် တီဘီ၊ ခုခံကျ/ကာလသားနှင့် ငှက်ဖျားရောဂါများ တိုက်ဖျက်ရေးအတွက် (၂၀၂၁-၂၀၂၃) ခုနှစ်အထိ သဘောတူညီချက်လက်မှတ် ရေးထိုးရေးကိစ္စများနှင့်စပ်လျဉ်းသည့် ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
ပြတ်လပ်မှုနည်းပါး
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယခုကဲ့သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ကုလသမဂ္ဂအဖွဲ့အစည်း များနှင့် အခြားပြည်ပအဖွဲ့အစည်းများမှ ထောက်ပံ့သော ဘဏ္ဍာငွေကိုအသုံးပြု၍ ဆေးနှင့်ဆေးပစ္စည်းများ ဝယ်ယူရာ ၌ ကူညီဆောင်ရွက်ပေးသည့် UNOPS အဖွဲ့အား ကျေးဇူး တင်ရှိပါကြောင်း၊ အရည်အသွေးပြည့်မီသော ဆေးနှင့် ဆေးပစ္စည်းများ အချိန်မီဝယ်ယူဖြန့်ဖြူးရေးနှင့် စီမံခန့်ခွဲရေး စနစ်သည် ဤရောဂါထိန်းချုပ်ရာ၌ အရေးကြီးသော အခန်း ကဏ္ဍမှ ပါဝင်နေပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ရရှိသော ရန်ပုံငွေ၊ ထောက်ပံ့ငွေ၊ ဆေးနှင့်ဆေးပစ္စည်းများကို အကျိုး ရှိ ထိရောက်စွာ အသုံးချဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအခါ ဆေးနှင့်ဆေးပစ္စည်း စီမံခန့်ခွဲမှုသတင်းအချက် အလက်စာမျက်နှာ (dashboard) ကိုလည်း ဗဟိုနှင့် ဆေးရုံ ကြီးများ၌ တည်ထောင်ထားရှိပြီးဖြစ်သဖြင့် ဆေးနှင့် ဆေး ပစ္စည်းများ ပြတ်လပ်မှုနည်းပါးသည်ကို တွေ့ရှိရပါကြောင်း၊ အဆိုပါ dashboard တွင် ဆေးရုံအသီးသီးမှ ဆေးလက်ကျန် စာရင်းများကို ပုံမှန်ဖြည့်သွင်းကာ ဆေးနှင့်ဆေးပစ္စည်း ဝယ်ယူဖြန့်ဖြူးရေးတာဝန်ရှိသူများက လိုအပ်သည့်နေရာ များသို့ ကြိုတင်တွက်ချက်ပေးပို့လျက်ရှိပါကြောင်း၊ ဤစနစ် ယခုထက်ပိုမိုကောင်းမွန်ရန် ကြိုးစားလျက်ရှိပါကြောင်း။
UNOPS မှ ဆေးနှင့် ဆေးပစ္စည်း ဝယ်ယူ၊ ထောက်ပံ့၊ ဖြန့်ဖြူးရေးကျွမ်းကျင်သူများနှင့် မိမိတို့ ကျွမ်းကျင်ဝန်ထမ်း များပူးတွဲ၍ လက်ရှိကျင့်သုံးနေသာ ဝန်ကြီးဌာန၏ ဆေးနှင့် ဆေးပစ္စည်းကိရိယာ ဝယ်ယူဖြန့်ဖြူးရေးစနစ်နှင့် ရရှိသော အရင်းအမြစ်များ စီးဆင်းအသုံးချမှု (resource flow)ကို ခြုံငုံသုံးသပ်မှုများ ပြုလုပ်စေလိုပါကြောင်း၊ စွမ်းဆောင်ရည် မြှင့်တင်မှု သင်တန်းများပေးခြင်းနှင့် ကျွမ်းကျင်မှုပိုင်း ဆိုင်ရာ ပံ့ပိုးမှုများပေးအပ်ခြင်းတို့ကို ဆက်လက်ဆောင်ရွက် စေလိုပါကြောင်း၊ ဆေးဝါး၊ ဆေးပစ္စည်းကိရိယာများသည် တစ်နေ့တခြား အမျိုးအမည် ပိုမိုများပြားသဖြင့် ဆေးနှင့် ဆေးပစ္စည်းကိရိယာအမျိုးမျိုးအတွက် အရည်အသွေး၊ အမျိုးအစားသတ်မှတ်ချက်များ (specification bank)ကို မိမိတို့ဝန်ကြီးဌာနက ပြုလုပ်လျက်ရှိသည်များကို ပံ့ပိုး ဆောင်ရွက်စေလိုပါကြောင်း၊ ယခု ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေချိန်တွင် တီဘီ၊ ခုခံကျ/ကာလသားနှင့် ငှက်ဖျား ရောဂါ ဖြစ်ပွားသူများအပါအဝင် အခြားသော ရောဂါ အမျိုးမျိုးဖြစ်ပွားသူများ ဆေးကုသမှုခံယူရန်နှင့် ဆေးဝါး ပြတ်လပ်မှု မရှိစေရေးလုပ်ငန်းများသည် အထူးအရေးကြီး ပါကြောင်း၊ သေချာစွာမကိုင်တွယ်နိုင်ပါက ကိုဗစ်-၁၉ ပြီးနောက် ဤရောဂါ (၃) မျိုး ဖြစ်ပွား၊ သေဆုံးမှုများ မြင့်တက်လာနိုင်သည်ဟူသော အချက်ကို ကြိုတင်ခန့်မှန်း မိသဖြင့် လိုအပ်သည်များကို မိမိတို့ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ အဆိုပါကိစ္စရပ်များအတွက်လည်း မြန်မာနိုင်ငံရှိ မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်စေလိုပါကြောင်း၊ ကိုဗစ်-၁၉ နှင့်ပတ်သက်သည့် ဆေးနှင့်ဆေးပစ္စည်း ၈၇ မျိုးအား ဝယ်ယူပေးသည့်အတွက် မိမိတို့ များစွာအဆင်ပြေပါကြောင်း၊ ကျန်ရှိသော အထူး ကြပ်မတ်ကုသဆောင်သုံး အသက်ရှူစက် (ICU Ventilator) ၉၅ ခုအား အမြန်ရရှိရန် ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ယနေ့ ဆွေးနွေးမှုများ ပြုလုပ်ရာတွင် ဝန်ကြီးဌာနနှင့် UNOPS တို့အကြား ပူးပေါင်းချိတ်ဆက်ဆောင်ရွက်မှုဆိုင်ရာ တွေ့ရှိရသည့် အားနည်းချက်များနှင့် အားသာချက်များအား ပွင့်လင်းစွာ ဆွေးနွေးစေလိုပါကြောင်း ပြောကြားသည်။
ဆက်လက်ပံ့ပိုးသွားမည်
ထို့နောက် UNOPS ဒေသဆိုင်ရာရုံးမှ Programme Director ဖြစ်သူ Dr. Attila Molnar က ယခင် Global Fund ရန်ပုံငွေများအနက်မှ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်များ အတွက် အမေရိကန်ဒေါ်လာ ၇ ဒသမ ၁ သန်းကို သုံးစွဲရန် သဘောတူညီခဲ့မှု၊ ထို့ပြင် Global Fund ၏ ရန်ပုံငွေစနစ် သစ်ဖြင့် C19RM ပံ့ပိုးမှုအောက်မှ အမေရိကန်ဒေါ်လာ ၁၈ သန်းကိုလည်း ထပ်မံပံ့ပိုးရန် သဘောတူညီခဲ့မှု၊ အဆိုပါ ပံ့ပိုးငွေများဖြင့် ဝယ်ယူထားသည့် ဆေးနှင့်ဆေးပစ္စည်းများ စာရင်းကိုတင်ပြခြင်း၊ Global Fund ၏ ရန်ပုံငွေဖြင့် ရခိုင်ပြည်နယ်တွင် မြန်မာနိုင်ငံဆရာဝန်အသင်း၊ မြန်မာ နိုင်ငံ ကျန်းမာရေးမှူးအသင်းတို့နှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိမှု၊ Global Fund ၏ ရန်ပုံငွေထောက်ပံ့မှု (၂၀၂၁-၂၀၂၃) အတွက် ကြိုတင်ပြင်ဆင်ထားရှိမှု၊ Global Fund ၏ ရန်ပုံငွေထောက်ပံ့မှု သဘောတူညီချက်အား ယခုနှစ် ဒီဇင်ဘာလတွင် လက်မှတ်ရေးထိုးသွားရန် ဆောင်ရွက်ရ မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရ သည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေသည့် ကာလဖြစ်သဖြင့် နိုင်ငံတကာမှ ဆေးနှင့် ဆေးပစ္စည်း အများအပြားဝယ်ယူလျက်ရှိသောကြောင့် ဆေးနှင့်ဆေးပစ္စည်းများ ပံ့ပိုးရေးအတွက် ဝယ်ယူရာတွင် ကြန့်ကြာမှုများရှိခဲ့ပါကြောင်း၊ ယခု အသွားအလာကန့်သတ် သည့်ကာလ၌ ဆေးနှင့်ဆေးပစ္စည်းများကို တိုင်းဒေသကြီး/ ပြည်နယ် တစ်ခုမှတစ်ခုသို့ ပို့ဆောင်ရာတွင် ပို့ဆောင် သွားလာခွင့်ရရှိစေရေးကို ဆောင်ရွက်ပေးစေလိုပါကြောင်း၊ RT PCR နည်းစနစ်ဖြင့် ဓာတ်ခွဲစစ်ဆေးရာတွင် အသုံးပြုရ သည့် ဓာတ်ခွဲပစ္စည်းများသည် ရရှိနိုင်မှုအခြေအနေ အကန့် အသတ်ရှိသဖြင့် ယခုအခါ မြန်မာနိုင်ငံတွင် Antigen Test Kit ကို အသုံးပြုစစ်ဆေးနေခြင်းသည် ကောင်းမွန်ပါကြောင်း၊ ကျန်ရှိသော ရန်ပုံငွေများဖြင့် Antigen Test Kit များ ဝယ်ယူ လိုပါက ဝယ်ယူပေးမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် တီဘီ၊ ခုခံကျ/ကာလသားနှင့် ငှက်ဖျားရောဂါ တိုက်ဖျက် နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်အောင်မြင်နေသည့် အပြင် ပေးပို့သော စီမံကိန်းအဆိုပြုလွှာများမှ အရည်အသွေး ပြည့်မီသည်ကို တွေ့ရှိရသဖြင့် မိမိတို့ UNOPS မှ ဂုဏ်ယူပါ ကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် UNOPS အပါအဝင် မိတ်ဖက်အဖွဲ့အစည်းများ၊ အလှူရှင် အဖွဲ့အစည်းများနှင့် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်မှု ကောင်းမွန်ရန်အတွက် ဆောင်ရွက်ပေးလျက်ရှိသည့် Myanmar Health Sector Coordinating Committee ၏ ဥက္ကဋ္ဌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအား ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ အနေဖြင့် ဝန်ကြီးဌာန၏ လုပ်ငန်းများအား ဆက်လက် ပူးပေါင်း ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြား သည်။
တိုက်ဆိုင်စစ်ဆေးလျက်ရှိ
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်ရာတွင် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရန်အရေးကြီးသဖြင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် UNOPS မှ တာဝန်ရှိသူ များ အနည်းဆုံး တစ်လတစ်ခါ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ဆွေးနွေးမှုများ ပြုလုပ်သွားရန်လိုအပ်ပါကြောင်း၊ ဓာတ်ခွဲ နမူနာများအား Antigen Test Kit များ အသုံးပြုစစ်ဆေးရာ တွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်း (ရန်ကုန်) မှ RT-PCR စက်နှင့် ချိန်ထိုး၍ အဖြေရလဒ်တိုက်ဆိုင်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအတွက် ဆေးနှင့် ဆေးပစ္စည်းများကို တိုင်းဒေသကြီး/ ပြည်နယ် တစ်ခုမှ တစ်ခုသို့ ပို့ဆောင်ရာတွင် ပို့ဆောင်ခွင့်များရရှိစေရန် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ချိတ်ဆက်ကာ ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကုသရေးဦးစီးဌာန၏ ဆေးနှင့်ဆေးပစ္စည်းများ ဝယ်ယူရန် ဘဏ္ဍာငွေကို ယခင်နှစ်က ဘီလီယံ ကျပ် ၁၅၀ မှ ယခုနှစ် တွင် ဘီလီယံ ကျပ် ၃၀၀ အထိ တိုးမြှင့်ခဲ့ပြီး ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန၏ ဆေးနှင့်ဆေးပစ္စည်းများဝယ်ယူရန် ဘဏ္ဍာငွေကိုလည်း တိုးမြှင့်ချထားခဲ့ပါကြောင်း၊ Global Fund ၏ ရန်ပုံငွေထောက်ပံ့မှု သဘောတူညီချက်အား ယခုနှစ် ဒီဇင်ဘာလတွင် အချိန်မီလက်မှတ်ရေးထိုးသွား နိုင်ရေး ဆောင်ရွက်ရန်ကိစ္စရပ်များနှင့်ပတ်သက်၍ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး)၊ တာဝန်ရှိသူများ နှင့် အသေးစိတ်ညှိနှိုင်းမှုများ လုပ်ဆောင်စေမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။
သတင်းစဉ်