ကိုဗစ် -၁၉ကို အကောင်းဆုံးထိန်းချုပ်နိုင်ခဲ့သည့် ဩစတြေးလျနှင့် အစ္စရေးနိုင်ငံတို့တွင် ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ်ကြောင့် ကန့်သတ်မှုများပြန်လည်ပြုလုပ်

 

နှင်းမိုးအိမ်

ကိုဗစ် -၁၉ကပ်ရောဂါကို အကောင်းဆုံးထိန်းချုပ် ဖြေရှင်းနိုင်ခဲ့သည့် နိုင်ငံများထဲတွင်    ဩစတြေးလျနိုင်ငံလည်း   ပါဝင်သည်။  သို့သော် ဒယ်တာဟု အမည်ပေးထားသော ဗီဇပြောင်းကိုဗစ်- ၁၉ကူးစက်ခံရသူ ၆၅ ဦး   ဆစ်ဒနီမြို့တွေ့ရှိပြီးနောက်  ဆစ်ဒနီမြို့ကို     အသွားအလာ ပိတ်ဆို့ကန့်သတ်မှုပြုလုပ်ခဲ့သည်ဟု သိရသည်။


တတိယလှိုင်းကို ကြောက်ရွံ့နေရ


 ဩစတြေးလျနှင့် အစ္စရေးနိုင်ငံတို့သည် ကိုဗစ် -၁၉ ကို အကောင်း ဆုံး ထိန်းချုပ်ကာကွယ်နိုင်ခဲ့ကြသည်။ သို့သော်လည်း ကူးစက်မြန်  ဒယ်တာ   ဗိုင်းရပ်စ်ကူးစက်မှုများ တွေ့ရှိလာရပြီးနောက် ဇွန်၂၅ ရက် တွင် အသွားအလာ ပိတ်ဆို့ကန့်သတ်မှုများ ပြုလုပ်လာရသည်။
အဆိုပါ ဗီဇပြောင်း ကိုဗစ် - ၁၉ ကူးစက်မှုကြောင့် အာဖရိကကို ကိုဗစ် - ၁၉ တတိယကျော့ကို ကြောက်ရွံ့နေရသည်။ ဩစတြေးလျ နိုင်ငံ၏     အကြီးဆုံးမြို့ဖြစ်သည့်   ဆစ်ဒနီမြို့လယ်တွင်    အသွား အလာ ပိတ်ဆို့ကန့်သတ်မှုများ စတင်နေပြီဖြစ်သည်။ 


ဝန်ခံပြောဆို


ဒေသအတွင်း ကူးစက်မှု အနည်းငယ်ပြန်လည်တွေ့ရှိ ရုံမျှဖြင့် ပုံမှန်လူနေမှုဘဝ   ပြန်လည်ရရှိစပြုလာပြီဖြစ်သော  ပြည်သူလူထု ကြားတွင်  အံ့အားသင့်စရာ ဖြစ်လာခဲ့သည်။ အစ္စရေးနိုင်ငံတွင်လည်း ကိုဗစ် - ၁၉ ကာကွယ်ဆေးကို အရှိန်အဟုန်ဖြင့် ထိုးပေးနိုင်ခဲ့သဖြင့် အဆောက်အအုံအတွင်း ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်ရမည့် အမိန့် ကို ဖယ်ရှားပေးနိုင်ခဲ့သည်။ သို့သော်လည်း ယခုအခါတွင်မူ ဗီဇပြောင်း ကိုဗစ် -၁၉၏ ကူးစက်မှုအန္တရယ်ကြောင့်  ယင်းအမိန့်ကို    ပြန်လည် ချမှတ်ခဲ့ရသည်။  ဖီဂျီနိုင်ငံတွင်လည်း    အစောပိုင်းက  ကိုဗစ် -၁၉ ထိန်းချုပ်မှုအတွက်      အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့သော်လည်း ယခုအခါနိုင်ငံအတွင်း    ပျံ့နှံ့မှုများရှိနေပြီဟု  ကျန်းမာရေးအာဏာပိုင် များက ဝန်ခံပြောဆိုခဲ့သည်။ 


စိုးရိမ်နေကြရပြီဖြစ်


ကိုဗစ် -၁၉ ကာကွယ်ဆေးထိုးပေးခြင်းဖြင့်  ကူးစက်မှုများကို အမြောက်အမြား   လျှော့ချနိုင်ခဲ့သည်။ အထူးသဖြင့်  ချမ်းသာသည့် နိုင်ငံများတွင်  ကိုဗစ် -၁၉ ကာကွယ်ဆေးကို   အရှိန်အဟုန်ဖြင့်ထိုးပေးနိုင်ခဲ့သည်။ ဒယ်တာဟုအမည်ပေးထားသည့် ဗီဇပြောင်းကိုဗစ်-၁၉ ကို အိန္ဒိယနိုင်ငံတွင်   စတင်တွေ့ရှိခဲ့ပြီး  လူပေါင်း ၃ ဒသမ ၉ သန်းကို သေဆုံးစေခဲ့ပြီးနောက်   တတိယအကျော့ရိုက်ခတ်မှုအတွက် စိုးရိမ်နေ ကြရပြီဖြစ်သည်။   ဩစတြေးလျနိုင်ငံသည်လည်း  ကိုဗစ် - ၁၉ကို အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့သည့်နိုင်ငံများတွင် တစ်ခုအပါအဝင်ဖြစ် သည်။ လူဦးရေ ၂၅ သန်းတွင် ကိုဗစ် - ၁၉ ကူးစက်ခံရသူ ၃၀၀၀၀ သာ ရှိခဲ့ပြီး ကိုဗစ်- ၁၉နှင့် ဆက်စပ်ပြီး သေဆုံးသူအရေအတွက်မှာလည်း  ၉၁၀ သာရှိခဲ့သည်။ ကိုဗစ်- ၁၉  ကူးစက်မှုကို      ကြောက်ရွံ့သဖြင့် နယ်စပ်များကို ပိတ်ပစ်ခဲ့သည်။ 


ကြောက်စရာအကောင်းဆုံးအချိန်


ဆစ်ဒနီမြို့ အရှေ့ပိုင်းနှင့်  အလယ်ပိုင်းဒေသတို့တွင် အနည်းဆုံး သီတင်းတစ်ပတ် နေအိမ်၌သာနေရန်  အမိန့်ထုတ်ထားသည်။ နယူး ဆောက်ဝေးပြည်နယ်ဝန်ကြီးချုပ်   ဂလက်ဒေးဘယ်ရီဂျီကလင်က လည်း ယခုအချိန်မှာ ကပ်ရောဂါ စတင်ရန်အတွက် ကြောက်စရာ အကောင်းဆုံးအချိန်ဟု    ခေါ်ဝေါ်ခဲ့သည်။  လပေါင်းအတန်ကြာ ကူးစက်မှုအနည်းငယ်သာ တွေ့ရှိရတော့သည့်အတွက် ပုံမှန်လူနေ မှုဘဝ  ပြန်လည်ရောက်ရှိတော့မည့် ပြည်သူများအတွက် စိတ်အနှောင့် အယှက်ဖြစ် စရာပင် ဖြစ်သည်။ 


ပြင်ဆင်ရန်ဆုံးဖြတ် 


မကြာသေးခင်ကမှ အဆောက်အအုံများအတွင်း ပါးစပ်၊ နှာခေါင်း စည်းမဖြစ်မနေ  တပ်ဆင်ရမည့် အမိန့်ကို ဖယ်ရှားပေးခဲ့သည့် အစ္စရေး နိုင်ငံတွင်လည်း    ယခုအခါ  ပါးစပ်၊   နှာခေါင်းစည်း တပ်ဆင်ရမည့် အမိန့်ကို     ပြန်လည်ထုတ်ပြန်နေပြီ ဖြစ်သည်။  အစ္စရေးနိုင်ငံသည် ကမ္ဘာပေါ်တွင်   ကိုဗစ် -၁၉ ကာကွယ်ဆေးကို အအောင်မြင်ဆုံး ထိုးပေးနိုင်ခဲ့သည့်  နိုင်ငံလည်း ဖြစ်သည်။ ပါးစပ်၊  နှာခေါင်းစည်း တပ်ဆင်ရမည့်    အမိန့်ကို   ဖယ်ရှားပေးပြီးနောက်    ကူးစက်မှုများ ပြန်လည်တွေ့ရှိလာရသည်။ နေ့စဉ် ကိုဗစ် - ၁၉ ကူးစက်မှု ၁၀၀ ကျော်တွေ့ရှိလာရပြီးနောက်    အစ္စရေးကျန်းမာရေးဝန်ကြီးဌာနက ၎င်းတို့  ထုတ်ပြန်ထားသည့်အမိန့်ကို ပြင်ဆင်ရန် ဆုံးဖြတ်ခဲ့သည်။


ဒေသတွင်း ကူးစက်မှုများက သက်သေပြလျက်ရှိ


 အစ္စရေးနိုင်ငံတွင် ဇွန်၂၄ ရက်တွင် ကိုဗစ် -၁၉ ကူးစက်ခံရသူ ၂၂၇ ဦး အထိရှိလာသည်။ အစ္စရေးနိုင်ငံ၏  ကိုဗစ် -၁၉ ကပ်ရောဂါ တုံ့ပြန်ရေးအဖွဲ့ အကြီးအကဲဖြစ်သူ နာ့မန်းအက်ရှ်က ဗီဇပြောင်းကိုဗစ်- ၁၉ ဖြစ်သည့် ဒယ်တာဗိုင်းရပ်စ်ကြောင့် ကူးစက်မှုများ များပြားလာခြင်း ဖြစ်နိုင်သည်ဟု ပြောသည်။ ယင်းဗိုင်းရပ်စ်ကြောင့် ဆေးရုံတက်ကုသမှု ခံယူရသူနှင့် သေဆုံးသူအရေအတွက်များကိုမူ  မသိရသေးချေ။ ဖီဂျီ နိုင်ငံတွင်လည်း   ဇွန် ၂၄ရက်က  ကိုဗစ် - ၁၉ ကူးစက်ခံရသူ ၃၀၀ အထိ ရှိလာခဲ့သည်။ ဧပြီလမှ စတင်ကာ ဒေတွင်းကူးစက်မှုနည်းပါးခဲ့ သော်လည်း ယခုအခါ ဗီဇပြောင်းကိုဗစ် - ၁၉ ကူးစက်မှုများ ရှိလာပြီဟု ပြောသည်။ ကိုးရက်တစ်ကြိမ်ကူးစက်မှုမှာ နှစ်ဆဖြစ်လာနေသည်ဟု ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ    အကြီးအကဲဖြစ်သူ   အလီရှာ ဆာ့ဟ်ခုဟန်   ပြောသည်။ ဒေသတွင်း  ကူးစက်မှုများက သက်သေပြ လျက်ရှိသည်ဟုလည်း  ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ 


ခန့်မှန်းထား 


အာဖရိကတွင်လည်း ယခုအခါ အဆိုးရွားဆုံးကိုဗစ် -၁၉ကူးစက်မှု နှင့်ကြုံတွေ့နေရပြီး     နိုင်ငံပေါင်း ၁၂နိုင်ငံတွင်  ကူးစက်မှုနှုန်းများမှာ ဆက်လက်မြင့်မားနေဆဲ ဖြစ်သည်။ ပြီးခဲ့သည့်သီတင်းသုံးပတ်အတွင်း ကူးစက်မှုမှာ အမြင့်ဆုံးအနေအထားသို့ ရောက်ရှိခဲ့သည်။ ကိုဗစ် -၁၉ တတိယအကျော့ရိုက်ခတ်မှုကြောင့်  အာဖရိကတွင်  အပျက်အစီး အဆုံးရှုံးကြီးမားမည်ဟု    ခန့်မှန်းထားကြောင်း   အာဖရိကရောဂါ ထိန်းချုပ်ရေးနှင့်    ကာကွယ်ရေးစင်တာမှ   ညွှန်ကြားရေးမှူး  ဂျွန်န ကင်းဂတ်စ်ဆောင်းက ပြောသည်။ 


အခက်အခဲများဖြစ်စေ 


ဒယ်တာကူးစက်မှုကို  အာဖရိကနိုင်ငံပေါင်း ၁၄ နိုင်ငံတွင် တွေ့ရှိ နေရပြီး ကွန်ဂိုသမ္မတနိုင်ငံနှင့် ယူဂန္ဓာနိုင်ငံတို့တွင် ကူးစက်မှုအမြောက် အမြားတွေ့ရှိလာရသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောသည်။ ဆေးရုံတက်ရသူအရေအတွက် များပြားလွန်းခြင်းနှင့် သေဆုံးမှုနှုန်း များပြားခြင်းတို့ကြောင့်  ကျန်းမာရေးဝန်ဆောင်မှုများကို  အခက်အခဲ များဖြစ်စေခဲ့သည်။

 
အနိမ့်ဆုံးပမာဏဖြစ်


ဇမ်ဘီယာနိုင်ငံ၏ ရေခဲတိုက်များတွင်လည်း ကိုဗစ် -၁၉ကြောင့် သေဆုံးသူများ   ပြည့်နေသည်ဟု အာဖရိက ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက  ပြောသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ပြောကြားချက်အရ    အာဖရိကတိုက်ရှိ   လူဦးရေ  ၁ ရာခိုင်နှုန်းမှာ ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးပြီးပြီဟု သိရသည်။ တစ်ကမ္ဘာလုံးနှင့် နှိုင်းယှဉ်လျှင် ယင်းပမာဏမှာ  အနိမ့်ဆုံးပမာဏပင် ဖြစ်သည်။ ကမ္ဘာ့  ကျန်းမာရေးအဖွဲ့ကြီး၏  အာဖရိကဆိုင်ရာ ညွှန်ကြားရေးမှူး ဖြစ်သူ မက်ရှီဒီဆိုမိုတီက အာဖရိကသည် ကိုဗစ် -  ၁၉ ကာကွယ်ဆေး တစ် သန်းချက်ချင်း     လိုအပ်နေသည်ဟု    ၎င်းက    ဆက်လက်ပြောကြား ခဲ့သည်။     ။


ကိုးကား - အေအက်ဖ်ပီ