ကိုဗစ်အလွန် ချစ်ခင်သူများနှင့် ပျော်ရွှင်စွာ အတူရှိနေဖို့ ကျန်းမာရေးစည်းကမ်းချက်တွေ လိုက်နာကြပါစို့

Type
၁

ဆောင်းပါး

======

 

ကိုဗစ်အလွန် ချစ်ခင်သူများနှင့် ပျော်ရွှင်စွာ အတူရှိနေဖို့ ကျန်းမာရေးစည်းကမ်းချက်တွေ လိုက်နာကြပါစို့

===============================================================

 

သတင်းဆောင်းပါး- သီသီမင်း၊

မင်းသစ်/ ဓာတ်ပုံ-စန်းဝင်း

 

 

ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်းအဖွဲ့များ၏ လက်ကိုင်စပီကာမှ လွင့်ပျံ့လာသည့် ကိုဗစ်-၁၉ ရောဂါ အသိပညာပေး တေးသီချင်းသံ၊ အသင့်သွင်းယူထားသည့် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက် သည့် လတ်တလောမြန်မာ့အခြေအနေ၊ ကမ္ဘာ့အခြေအနေ အသိပေးကြေညာသံများက ရန်ကုန်မြို့၏အချက်အချာ ခရီးသွားနှင့် ကုန်စည်ကူးသန်းပို့ဆောင်ရာ အောင်မင်္ဂလာကားကြီးဝင်းအတွင်း လွင့်ပျံ့လို့နေသည်။

 

များပြားလှသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ပစ္စည်းများကို သယ်သူကသယ်၊ လက်ကမ်းစာစောင် ဝေသူကဝေ၊ Mask တပ်ပါ၊ Face shield တပ်ပါ၊ လက်ဆေးပါ၊ ပြောသူကပြော၊ Mask နှင့် Face shield တပ်မထားသူများအား ကိုယ်တိုင်တပ်ဆင်ပေးသူက ပေးဖြင့် တက်တက်ကြွကြွ လုပ်ဆောင်နေသည့် လှုပ်ရှား သက်ဝင်နေသည့် မြင်ကွင်း။

 

“ ဒီလှုပ်ရှားမှုတွေက လူစည်ကားတဲ့နေရာတွေမှာ နေ့စဉ်ရက်ဆက်ကို ဆောင်ရွက်နေကြတာပါ။ ဒါတွေကို ပြည်သူတွေက ဂရုပြုမိပြီး စည်းကမ်းလိုက်နာမယ်ဆို ရောဂါကွင်းဆက်ကို ဖြတ်တောက်နိုင်ပြီး ဖြစ်ပွားမှုတွေ သေဆုံးမှုတွေ လျော့ကျလာမယ်လို့ မျှော်မှန်းပြီး အရှိန် အဟုန်မြှင့် ဆောင်ရွက်နေခြင်းဖြစ်ပါတယ်” ဟု ရန်ကုန် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းမြင့်က ပြောသည်။

 

ဆက်လက်၍ ၎င်းက “ကျွန်တော်တို့ဘက်က ပြည်သူ့ကျန်းမာရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းအားဖြင့် ဒီဆောင်းရာသီကာလမှာ မျှော်လင့်ထားတဲ့ ရောဂါကူးစက်မှု တိုးလာနိုင်တဲ့အခြေ အနေကနေ တားဆီးနိုင်လိမ့်မယ်လို့ ယုံကြည်တဲ့အတွက် ဆောင်ရွက်နေကြတာဖြစ်ပါတယ်” ဟု ပြောသည်။

 

အရှိန်အဟုန်မြှင့်လုပ်ဆောင်လျက်ရှိ

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲ ရေး ဆက်သွယ်ပညာပေး လူထုလှုပ်ရှားမှုစီမံချက်(Mask and Face shields Campaign) ကို ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်ဖြင့် နိုဝင်ဘာလ ၁၅ ရက်မှစတင်ကာ ရန်ကုန်မြို့အပါအဝင် တစ်နိုင်ငံလုံးရှိ ဈေးများ၊ ကုန်တိုက်များ၊ အဝေးပြေး ကားဝင်းများနှင့် လူစည်ကားရာနေရာများတွင် လူထု လှုပ်ရှားမှုအသွင်ဖြင့် ယခင်ကထက် အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိသည်။

 

“ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရဲ့ လမ်းညွှန်ချက်အရ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ ကျွန်တော်တို့ ဆောင်ရွက် နေကြတာပါ။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တာဝန်ရှိသူတွေ၊ ဈေးတွေဆိုရင်လည်း ဈေးတာဝန်ခံက အစ ဈေးသူ ဈေးသားတွေ၊ ကြက်ခြေနီတွေ၊ မီးသတ် တွေပါတယ်။ အဝေးပြေးကားဂိတ်တွေဆိုရင်လည်း ကားဂိတ်တာဝန်ခံတွေကအစ ယာဉ်မောင်းသမားတွေ အားလုံးပါလာပြီး ပူးပေါင်းဆောင်ရွက်ကြတာပါ” ဟု ဒေါက်တာထွန်းမြင့်က ပြောသည်။

 

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ပထမဆုံးလူနာ စတင်တွေ့ရှိခဲ့သည့် ယခုနှစ် မတ်လ ၂၃ ရက်နေ့မှ စတင်ကာ ယနေ့အထိ ရောဂါပိုးကူးစက်ခံရသူဦးရေ ကိုးသောင်းကိုးထောင်ကျော်ရှိလာခဲ့ပြီး သေဆုံးသူဦးရေ မှာလည်း နှစ်ထောင်ကျော်လာခဲ့ပြီဖြစ်သည်။

 

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် စေတနာအလျောက် ပါဝင်ဆောင်ရွက် ပေးနေသည့် ပရဟိတအဖွဲ့အစည်းများ၊ ဆရာဝန်နှင့် လူနာအချိုး လုံလောက်မှုမရှိသည့် အခြေအနေတွင် ကုသစောင့်ရှောက်မှုပေးနေသည့် ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများသည်ပင် ရောဂါကူးစက်ခံရမှု၊ သေဆုံးမှု အခြေအနေများရှိလာခဲ့သည်မှာ စိတ်မကောင်း စရာပင် ဖြစ်သည်။

 

ထို့အတူ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ကူးစက်ခံထားရသူဦးရေသည် တစ်နိုင်ငံလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ရှိနေသည့်အတွက် တိုင်းဒေသကြီး အတွင်းရှိ ပြည်သူများအနေဖြင့်လည်း ကိုဗစ်-၁၉ ရောဂါ နှင့်ပတ်သက်ပြီး လိုက်နာရမည့် စည်းကမ်းများကို ပိုမိုအလေးထား ဂရုပြုရမည့်အခြေအနေပင် ဖြစ်သည်။

 

“ ရန်ကုန်တိုင်းဒေသကြီးမှာ ကိုဗစ်-၁၉ ကူးစက်ခံရတဲ့ ကျန်းမာရေးဝန်ထမ်း ၅၀၀ ကျော် ရှိပါတယ်။ အများစုက ဆေးရုံတွေမှာ လုပ်ကိုင်နေကြတဲ့သူတွေပါ။ ပြည်သူ့ ကျန်းမာရေးဌာနမှာဆိုရင် ၈၀ လောက် ကူးစက်ခံထားရ ပါတယ်” ဟု ဒေါက်တာထွန်းမြင့်က ပြောသည်။

 

တိုးချဲ့ဆောင်ရွက်လာကြရ

 

ကိုဗစ်-၁၉ ရောဂါ ပြည်သူလူထုကြား ကူးစက်ပြန့်ပွား မှု ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်ပမှ ပြန်လာသူများ၊ ရောဂါပိုးရှိသူနှင့် ထိတွေ့သူများ၊ ရောဂါသံသယရှိသူများ၊ ရောဂါကူးစက်ခံထားရသူများအား ရန်ကုန်တိုင်းဒေသကြီး အတွင်း Facility Quarantine ၊ ဟိုတယ် Quarantine ၊ အနံ့ပျောက်သူတို့အတွက် အနံ့ပျောက်စင်တာ စသည့် Quarantine စင်တာ၊ ကုသရေးစင်တာ၊ ဆေးရုံ စသည် တို့တွင် ထားရှိကုသစောင့်ရှောက်မှုများပေးနေသည့် ကြားထဲမှာပင် ရောဂါရှိသူနှင့် ထိတွေ့ခဲ့သူများ များလာ သည့်အတွက် ရပ်ကွက်များတွင် Community Based Facility Quarantine များလည်း တိုးချဲ့ဆောင်ရွက်လာကြရ သည်။

 

“ကူးစက်မှုနှုန်း မြင့်တက်လာတာနဲ့အမျှ တရား ရိပ်သာတွေ၊ ဘုန်းတော်ကြီးကျောင်းတွေ၊ တက္ကသိုလ်တွေ၊ သင်တန်းကျောင်းတွေကို ရှာဖွေပြီးတော့ အလှူရှင်တွေ စေတနာအလျောက်ပေးတဲ့ နေရာတွေအားလုံးဟာ Quarantine စင်တာတွေ ဖြစ်လာရတယ်။ အခုဆို ရပ်ကွက် တွေမှာ Community Based Facility Quarantine တွေ ပေါ်လာပြီ” ဟု ဒေါက်တာထွန်းမြင့်က ပြောသည်။

 

ရန်ကုန်တိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကုသရေးအတွက် ဖွင့်လှစ်ထားသည့် ကုသရေးစင်တာ ၂၄ ခု ရှိပြီး ခရိုင်ဆေးရုံ၊ မြို့နယ်ဆေးရုံများတွင်လည်း ကုသမှု များပေးနိုင်ရန် အဆင့်မြှင့်တင်ပြုလုပ်ထားကြောင်းနှင့် ဟိုတယ် Quarantine နှင့် Facility Quarantine ၆၀ ခန့် ရှိပြီး ရပ်ကွက်အလိုက် ဖွင့်လှစ်ထားသည့် Community Based Facility Quarantine ၂၀၀ ခန့်ရှိကြောင်း ရန်ကုန် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန မှ သိရသည်။

 

Quarantine စင်တာတစ်ခု ရေရှည်ရပ်တည်နိုင်ရေး သည် လွယ်ကူလှသည်တော့ မဟုတ်ပေ။ Quarantine စင်တာသို့ ရောက်ရှိလာသူများ၏ နေထိုင်စားသောက် ရေးနှင့် သွားပွတ်တံ၊ သွားတိုက်ဆေး၊ ခြင်ထောင်၊ စောင်၊ ခေါင်းအုံးမှအစ အသုံးအဆောင်ပစ္စည်းများ လုံလောက်စွာ ဖြည့်တင်းထားရှိပေးရေး၊ နှာခေါင်းတို့ဖတ်၊ အာခေါင် တို့ဖတ် ရယူခြင်းတို့အပြင် ကုသရေးစင်တာများတွင် လည်း ရောဂါကူးစက်ခံထားရသူ၏ အသုံးအဆောင်များ မီးရှို့ဖျက်ဆီးရေး၊ အောက်ဆီဂျင်နှင့် ဖြည့်စွက်ဆေးဝါး၊ ကျန်းမာရေးအသုံးအဆောင်ပစ္စည်းများ၊ ကိရိယာများ ဖြည့်တင်းရေး စသည့် ကိစ္စရပ်များသည်လည်း ပါဝင် နေသည်။

 

ရပ်တည်နေ

 

အဆိုပါ လိုအပ်ချက်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အလှူရှင်များ၊ ပရဟိတအဖွဲ့ အစည်းများ၏ ပူးပေါင်းကူညီဆောင်ရွက်မှုတို့ဖြင့် ရပ်တည်နေခြင်းဖြစ်သည်။

 

‘‘Community Based Facility Quarantine တွေ အနေနဲ့လည်း လတ်တလောအခြေအနေမှာ ခက်ခက်ခဲခဲ ရုန်းကန်နေရပါတယ်။ တစ်ခုက စေတနာရှင် လုပ်အား ပေးတွေ အားနည်းလာတာ ရှိပါတယ်။ ဒါကို ကျွန်တော်တို့ ထပ်မံဖြည့်ဆည်းဖို့ လိုအပ်ပါတယ်။ နောက်တစ်ခုက Community Based Facility Quarantine တွေမှာ အလှူရှင်တွေ လိုအပ်နေပါတယ် ။ စားသောက်ရေးတွေ ခက်ခဲလာတဲ့ အခြေအနေမှာ ဝိုင်းပြီးကူညီမယ်ဆိုရင် ကျွန်တော်တို့က ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်’’ ဟု ဒေါက်တာထွန်းမြင့်က ပြောသည်။

 

ယခုလက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါသည် ဆေးသုတေသနဦးစီးဌာန၏ ရှာဖွေဖော်ထုတ်ချက်အရ ကူးစက်မှုနှုန်း လွန်စွာမြန်ဆန် သည့် G 614 အမျိုးအစား ဗိုင်းရပ်စ်ဖြစ်သည့်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန် ကြေညာချက်များကို နည်းစနစ်တကျလိုက်နာနိုင်မှ သာလျှင် ရောဂါကူးစက်မှုဘေးမှ ကင်းဝေးနိုင်မည်ဖြစ် ပြီး သတိတစ်ချက်လွတ်ရုံဖြင့် ရောဂါကူးစက်ခံရနိုင်မည် ဖြစ်သည်။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထား သည့် -

Mask တပ်ပါ။

လက်ကို ဆပ်ပြာဖြင့် မကြာခဏဆေးပါ။

လူစုလူဝေးရှောင်ကြဉ်ပါ။

မလိုအပ်လျှင် အပြင်မထွက်ပါနှင့်။

 

တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာနေပါ စသည့် စည်းကမ်းချက်များကို လိုက်နာပြီး မြို့နယ်အလိုက် Stay At Home အစီအစဉ်တွင် ပါဝင်သည့် မြို့နယ်များရှိ ပြည်သူ များအနေဖြင့်လည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျှော့ချ နိုင်ရေးအတွက် သတ်မှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာခြင်းဖြင့် မိမိကိုယ်တိုင် ရောဂါကူးစက်မှုမှ ရှောင်ရှား နိုင်မည်ဖြစ်ပြီး တစ်ပါးသူသို့လည်း ကူးစက်စေခြင်းမှ ကင်းဝေးနိုင်မည်ဖြစ်သည်။

 

“ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန် ချက်တွေကို လိုက်နာတဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါ တယ်။ ကိုဗစ်-၁၉ ရောဂါကို ထိန်းချုပ်လာနိုင်ဖို့ဆိုတာ ပြည်သူတွေ တစ်ဦးချင်း တစ်ယောက်ချင်း ပူးပေါင်းပါဝင်မှ သာလျှင် အောင်မြင်မှာဖြစ်လို့ အမြန်ဆုံးထိန်းချုပ်နိုင်ဖို့ အားလုံးပါဝင်ကြပါလို့ ပြောချင်ပါတယ်” ဟု ဒေါက်တာ ထွန်းမြင့်က ပြောသည်။

 

ကမ္ဘာ့နိုင်ငံတချို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်နိုင်သည့် သတင်းများက နိုင်ငံအသီးသီးရှိ ပြည်သူများသာမက မြန်မာနိုင်ငံရှိ ပြည်သူများအတွက်ပါ မျှော်လင့်ချက်ရောင်ခြည်တစ်ခုပင်ဖြစ်သည်။ ကိုဗစ်-၁၉ ကာကွယ်ဆေး မြန်မာနိုင်ငံသို့ မရောက်မီအချိန်အတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက် များ လမ်းညွှန်ချက်များကို အတိအကျလိုက်နာခြင်းဖြင့် မိမိတို့၏ မိသားစုများ၊ ချစ်ခင်သူများနှင့်အတူ ရှည်လျား လှသည့် အနာဂတ်ဘဝခရီးကို ကိုဗစ်အလွန်တွင် ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြမည်ဖြစ်သည်။