
စာချစ်သူ
ခမ်းနားလှသော တိုက်တာကြီးများ၊ ထည်ဝါလှ သော အိမ်ကြီးအိမ်ကောင်းများသည် လမ်းဘေး ဝဲယာတွင် တန်းစီလျက်ရှိကြ၏။ တိုက်တိုင်း အိမ်တိုင်းမှာပင် ကိုယ်ပိုင်ဥယျာဉ် ရေကန်များရှိကြ သဖြင့် ကျက်သရေမင်္ဂလာရှိလှပေသည်။
လမ်းမကြီးအသွယ်သွယ်တွင်လည်း ကိုယ်ပိုင် ယာဉ်ရထားတို့သည် ဥဒဟိုသွားလာလျက်ရှိကြ ၏။ တောကျေးလက်မှ ဈေးလှည်းများ၊ ဈေးသွား ဈေးပြန်များကိုလည်း လမ်းတိုင်းမှာ တွေ့ရ၏။ နိုင်ငံနယ်ပယ်မကျယ်ဝန်းလှသော်လည်း မြို့တော် ကား ကြီးကျယ်ခမ်းနားလှပါ၏။
မြို့တော် အမည်ကား ဝေသာလီ။ ပြန့်ပြော သော၊ ကျယ်ဝန်းသော မြို့တော်ကြီးဟု အဓိပ္ပာယ် ရပေသည်။ လူနေအိမ်ခြေများ တစ်စတစ်စ များပြားလာသဖြင့် မူလတံတိုင်း အပြင်ဘက်တွင် မြို့ကွက်များ အသစ်တိုးချဲ့ရ၏။ မြို့ကွက်များကို တံတိုင်းခတ်ပြီးခါမှ မနေလောက်၍ ချဲ့ရပြန်၏။ ဤသို့ဖြင့် ဝေသာလီသည် တံတိုင်းသုံးဆင့်ဖြင့် ခမ်းနားသောမြို့ကြီး ဖြစ်လာပေသည်။
အညီအညွတ်လက်တွဲကာကွယ်
ဝေသာလီ၏ အာဏာစိုးပိုင်ရာ ဝဇ္ဇီတိုင်းသည် မဂဓ၊ ကောသလတိုင်း နိုင်ငံကြီးများအနီးရှိ တိုင်းငယ် ပြည်ငယ်လေးမျှသာ ဖြစ်၏။ သို့သော်လည်း တိုင်းပြည်ကလေးကို နိုင်ငံကြီးများက ချိုးနှိမ်၍ မရနိုင်ပါ။ တိုင်းပြည်၏အချုပ်အခြာအာဏာကို စုပေါင်းပိုင်ဆိုင်ကြသော လိစ္ဆဝီအမျိုးသားများက အညီအညွတ်လက်တွဲ၍ သူတို့နိုင်ငံကို ကာကွယ် နိုင်ကြပေသည်။
၁။ လိစ္ဆဝီအမျိုးသားတို့သည် နိုင်ငံတော်အာဏာ ကို စုပေါင်းပိုင်ဆိုင်ကြသည့်အတိုင်း နိုင်ငံတော်နှင့် ပတ်သက်သော လုပ်ငန်းဆောင်တာများအတွက် မကြာခဏစည်းဝေးကြ၏။
၂။ လိစ္ဆဝီတို့သည် အစည်းအဝေးများကို တညီ တညွတ်ပြုလုပ်ကာ အစည်းအဝေးက ချမှတ်ပေးလိုက်သောလုပ်ငန်းများကို ညီညာဖြဖြဆောင်ရွက် ကြ၏။
၃။ လိစ္ဆဝီတို့သည် ရှေးက မပြုလုပ်ခဲ့သေးသော အခွန်ကောက်ခြင်း၊ ဒဏ်ပေးခြင်းကို မပြုလုပ်ကြ။ အမှုအခင်းတစ်ခုခု ပေါ်ပေါက်လာလျှင် ရှေး သူတော်ကောင်းတို့၏ ထုံးတမ်းစဉ်လာဥပဒေအရ သာ ဆုံးဖြတ်စီရင်ကုန်၏။
၄။ လိစ္ဆဝီတို့သည် လူကြီးသူမများကို လေးမြတ် ကြည်ညိုရိုသေကြကုန်၏။ လူကြီးသူမများ၏ စကားကို နာခံကြကုန်၏။
၅။ လိစ္ဆဝီတို့သည် အမျိုးသမီးများကို နိုင်ထက် ကလူ သိမ်းယူခြင်း မပြုကြကုန်။
၆။ လိစ္ဆဝီတို့သည် လူများစွာတို့ ကိုးကွယ် ဆည်းကပ်နေသော ဘာသာရေးအဆောက်အအုံ များကို ရိုသေစွာ စောင့်ရှောက်ပေးကုန်ကြ၏။
၇။ လိစ္ဆဝီတို့သည် မိမိနိုင်ငံသို့ ရောက်လာကြသော သာသနာပြုသူတော်စင်များကို ဝမ်းမြောက်စွာ ကြိုဆိုကြ၏။ ရောက်နှင့်ပြီးသော သူတော်စင်များ ကိုလည်း တရားဥပဒေနှင့် လျော်ညီသော အစောင့် အရှောက်ကို ပေးကြကုန်၏။
လိစ္ဆဝီတို့၏ ဤသို့ အလေ့အလာနှင့် ညီညာ ဖြဖြ ဆောင်ရွက်မှုများကြောင့် ပတ်ဝန်းကျင်နိုင်ငံကြီး များ၏ ကျူးကျော်ရန်စမှုများကို မခံရဘဲ ကာကွယ် နိုင်ကြသည်။
ကပ်ကြီးသုံးပါး ဆိုက်ရောက်
ထိုသို့ တာဝတိံသာနတ်တို့အလား တင်စား ခြင်းခံရသော လိစ္ဆဝီမင်းတို့ စုပေါင်းအုပ်ချုပ်မင်း လုပ်ကြသော ဝေသာလီ၊ ကျောင်းကန်တိုက်တာ တွေဖြင့် စည်ကားလှသော ဝေသာလီ၊ ဥယျာဉ်ရေကန် နတ်ဗိမာန်တို့ ပေါများလှသော ဝေသာလီမည်သော ဤမြို့တော်ကြီးတွင် အခါတစ်ပါး ကပ်ကြီးသုံးပါး ဆိုက်ရောက်ခဲ့ပါ၏။
သုံးနှစ်တိုင်တိုင် မိုးဆက်၍ ခေါင်သဖြင့် ဒုဗ္ဘိ က္ခန္တရကပ်ကြီးနှင့် ပထမဦးဆုံး တိုးကြရ၏။ အစာ ရေစာငတ်မွတ်လာသောအခါ အူမ မတောင့်၍ သီလ မစောင့်နိုင်တော့ဘဲ ခိုးယူလုယက်မှုများ ပေါ်ပေါက် လာ၏။ ထိုမှတစ်ဆင့် သွေးချောင်းစီးမျှတိုက်ခိုက် သတ်ဖြတ်ကြတော့၏။ အစာအာဟာရချို့တဲ့မှု၊ အချင်းချင်းတိုက်ခိုက်မှုများကြောင့် ရောဂါမျိုးစုံလည်း ကျရောက်လာခဲ့၏။ လူအများ သေကျေကြကုန်၏။ သူသေကောင်တို့၏ အနံ့ကြောင့် သားရဲဘီလူးတို့ မြို့တွင်းသို့ဝင်လာသဖြင့် အသေများလာ၏။ ပလိပ် ရောဂါကဲ့သို့ ရောဂါတစ်မျိုးလည်း ဖြစ်ပြန်သဖြင့် သာ၍ အသေများပြန်လေသည်။
ဝေသာလီသည် အိမ်ခြေတိုက်တာစည်ကား သကဲ့သို့ အယူဝါဒအမျိုးမျိုးရှိသော ဂိုဏ်းဆရာကြီး များလည်း ပေါများလှ၏။ အနည်းနှင့် အများဆိုသလို ကိုယ်ပိုင်ပရိသတ်များလည်း ရှိကြ၏။ ထိုပရိသတ် များက သူတို့ဆရာကြီးများကို ဘုရားဟူ၍ အမွှန်း တင်ကြပေသည်။ နိဂဏ္ဌနာဋပုတ္တဆရာကြီးက ထိုမြို့ ၏ မျက်နှာဖုံးကြီးပင်ဖြစ်ပါ၏။
မြတ်စွာဘုရားရှင် ကြွရောက်တော်မူ
ဤသို့အယူဝါဒအမျိုးမျိုး၊ ဘုရားအမျိုးမျိုးရှိသော မြို့တော်ကြီးသို့ မြတ်စွာဘုရားရှင် ကြွရောက်တော်မူ ခဲ့ပါ၏။ ကျောင်းဒါယကာ ဗိမ္ဗိသာရမင်းကြီးနှင့်အတူ တရားမြင်ခဲ့သူ လိစ္ဆဝီအမျိုးသား မဟာလိက ထို ကပ်ဘေးကြီးကို ကာကွယ်နိုင်ရန် မြတ်စွာဘုရားရှင် ကို ပင့်လျှောက်ခဲ့ခြင်း ဖြစ်လေသည်။
မြတ်စွာဘုရားရှင်၏ လှေဖောင်တော်ကြီး ဆိုက် ရောက်ချိန်မှာပင် မိုးကြီးသည်းထန်စွာရွာသောကြောင့် လူသေအလောင်းများ မျောပါသွားသဖြင့် သန့်ရှင်းနေ နှင့် လေပြီ။ မြို့တော်တံခါးပေါက်သို့ ရောက်သော အခါ ဘုရားရှင်၏အမိန့်တော်ဖြင့် အရှင်အာနန္ဒာသည် လိစ္ဆဝီမင်းသားတို့ ခြံရံလျက် ဝေသာလီမြို့ရိုး သုံးထပ် အတွင်း၌ ရတနသုတ်ပရိတ်တော်ကို လှည့်ပတ် ရွတ်ဆိုလေသည်။ သပိတ်တော်မှ ရေကိုလည်း ဖျန်း လေရာ မကောင်းဆိုးဝါးဟူသမျှ ပြေးကြ၍ ရောဂါ အားလုံးကင်းငြိမ်းရလေသည်။
ရတနသုတ်ဟူသည်မှာ ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးတို့၏ ဂုဏ်တော်၊ ကျေးဇူးတော် များကို ခြေခြေမြစ်မြစ်ဖော်ကျူးထားသော သုတ္တန် တစ်ခုဖြစ်၏။ အယူဝါဒအမျိုးမျိုး၊ ဘုရားအမျိုးမျိုး ဖြင့် အုတ်အရောရော၊ ကျောက်အရောရောဖြစ်နေ သော မြို့တော်ကြီးတွင် ရတနာအစစ်အမှန်ကို ထုတ်ဖော်ပြသလိုက်ရခြင်းပင် ဖြစ်ပေသည်။
ဝေသာလီသို့နှယ် မကြုံတွေ့စေချင်
ပစ္စက္ခမြန်မာနိုင်ငံတွင် ကမ္ဘာ့နိုင်ငံများနည်းတူ ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီး၏ တစ်ကျော့ပြန် ကူးစက်မှုနှုန်းများ မြင့်တက်လာသည့် အခိုက်ဝယ် တစ်ခေတ်တစ်ခါက ဝေသာလီကို ဤသို့ ပြန်လည် အမှတ်ရလာမိပါ၏။ မြန်မာပြည်ကို ရောဂါဘေး၊ လက်နက်ဘေး၊ ငတ်မွတ်မှုဘေးတို့နှင့် တစ်ပြိုင် တည်း ရင်ဆိုင်ကြုံတွေ့ခဲ့ရသော ဝေသာလီသို့နှယ် မကြုံတွေ့စေချင်ပါ။
မြန်မာပြည်ကြီး ဘေးဒုက္ခရောက်စေရန် ကျည် ကွယ်မျက်ကွယ်ရာမှ အခါတော်ပေးနေကြသူများ ၏ ပြည်ဖျက်စကားသံများကို ယခုလိုအချိန်ဝယ် မယုံစားသင့်တော့။ ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီး သည် ကျွန်တော်တို့အားလုံး၏ နောက်ကျောတွင် နီးကပ်စွာ ချဉ်းကပ်လျက်ရှိနေချေပြီ။ ကိုဗစ်- ၁၉ ကပ်ရောဂါဆိုး ကြီးကို အမျိုးသားရေးတာဝန်အဖြစ် နိုင်ငံတော်၊ ပြည်သူ၊ တပ်မတော်တို့ ဖိဖိစီးစီး တွန်းလှန်ဆောင်ရွက်နိုင်ရန် ပို၍အရေးကြီးသည်။
တစ်သွေမတိမ်း
တတ်နိုင်သူများက ငွေအား၊ လူအား၊ ပစ္စည်း အားဖြင့် နိုင်ငံတော်ကို ကူညီခြင်း၊ နိုင်ငံသားများ ကလည်း နိုင်ငံကြီးသားပီသစွာ နိုင်ငံတော်၏အမိန့် ညွှန်ကြားချက်များနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်သတိပေးချက်များကို တစ်သဝေမတိမ်း လိုက်နာခြင်းများဖြင့် ပူးပေါင်း ဆောင်ရွက်ကြရန် လိုပေသည်။
ထိုသို့ ဟန်ချက်ညီညီ ချိတ်ဆက်ဆောင်ရွက်နိုင် ရေးအတွက် အထူးသဖြင့် နိုင်ငံတော်တည်ငြိမ်ရေး နှင့်တရားဥပဒေစိုးမိုးရေး လိုအပ်သည်။ သို့အတွက် နိုင်ငံသားတိုင်း ကိုယ်ပိုင်အသိစိတ်ဓာတ်ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းအပ် ပေသည်။ ကြောက်မက်ဖွယ် ဗီဇပြောင်းကိုဗစ်-၁၉ ဗိုင်းရပ်စ်များသည် ကျွန်တော်တို့ နိုင်ငံသားများကို ဒီမိုကရေစီလား၊ ဆိုရှယ်လစ်လား၊ ကွန်မြူနစ်လား ဟူ၍ ခွဲခြားလိမ့်မည် မဟုတ်ပေ။ ဆင်းရဲချမ်းသာ၊ လူမျိုးမရွေး၊ ဘာသာမရွေး အဆင့်အတန်းမရွေး သတိကင်းလွတ်သည်နှင့် လူတိုင်းလူတိုင်းကို ကူးစက်ပါလိမ့်မည်။
ရင်ဝ၌ မြားစူးနေသော သူသည် မြား၏လားရာ၊ ပစ်သူ၏ အမျိုးအမည်၊ အသက်အရွယ်စသည်တို့ကို စိစစ်စေ့ငုနေသည့်အစား ရင်ဝမှ မြားကို ဦးစွာ ဆွဲနုတ်ရဘိသကဲ့သို့ ယနေ့မြန်မာပြည်၏ ဦးစား ပေးလုပ်ငန်းတာဝန်သည် ကိုဗစ်-၁၉ ကပ်ရောဂါ ဆိုးကြီးကို ယခုထက်မပြန့်ပွားလာစေရန် ထိန်းချုပ် ခြင်း၊ တွန်းလှန်ခြင်း၊ နောက်ဆက်တွဲ ဖြစ်ပေါ် သက်ရောက်လာမည့် စီးပွားရေး၊ လူမှုရေး၊ ပညာ ရေးစသည့် လူမှုစီးပွားဘ၀အ၀၀ ပြန်လည်နာလန် ထူစေရန် ကြိုးပမ်းအားထုတ်ခြင်းလုပ်ငန်းရပ်များသည်သာ အဓိကဖြစ်ပေသည်။
စုပေါင်းကာကွယ်ကြဖို့လိုအပ်
“တစ်တိုင်းပြည်လုံးကြီးပွားစေချင်ရင် လူအား၊ ငွေအား၊ ပစ္စည်းအားနဲ့ စုပေါင်းပြီး အင်တိုက် အားတိုက်လုပ်နိုင်မှ အကျိုးခံစားခွင့်ရှိကြမှာပဲ။ ဗမာက တစ်မျိုး၊ ကရင်က တစ်ဖုံ၊ ရှမ်း၊ ကချင်၊ ချင်း တို့က တခြား အကွဲကွဲအပြားပြားလုပ်နေကြရင် အကျိုးရှိမှာ မဟုတ်ဘူး။ စုပေါင်းလုပ်ကြမှသာ အကျိုးရှိမယ်။ လုပ်ကြည့်မှလည်း အကျိုးရှိကြောင်း သိနိုင်တယ်” ဟူသည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းပါအတိုင်း ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီးကို တစ်မျိုးသားလုံး စုပေါင်း တွန်းလှန်ကာကွယ်ကြဖို့ လိုအပ်ပေသည်။
အရေးကြီးပြီ သွေးစည်းကြစို့။ မြန်မာပြည်သည် ဝေသာလီကဲ့သို့ အစာအာဟာရချို့တဲ့မှု၊ အချင်းချင်း တိုက်ခိုက်မှုများကြောင့် ရောဂါမျိုးစုံကျရောက်မှု ဟူသည့် ကပ်ဘေးကြီးသုံးပါးနှင့် မကြုံတွေ့စေချင် ပါ။ ထို့အတူ မြန်မာပြည်သည် ဝေသာလီကဲ့သို့ ဝဿကာရအမတ်ကြီး၏ သွေးခွဲသပ်လျှိုဖြိုခွင်းမှု ကြောင့် မဂဓတိုင်းကြီးရှင် ဘုရင်အဇာတသတ်၏ ရန်ကို မတွန်းလှန်နိုင်ဘဲ တစ်ပြည်ထောင်လုံး ပြိုကွဲ ပျက်စီးသွားခဲ့ရသလိုမျိုး မဖြစ်စေချင်ပါ။
သို့ဆိုပါလျှင် ဝဇ္ဇီတို့၏ ကြီးပွားကြောင်းတရား ခုနစ်ပါးနှင့် ဆက်စပ်၍ ဖြောင့်မှန်စွာ မိန့်ကြားသော ဘုရားစကားတော်ကို လိုရာအဓိပ္ပာယ်ကောက်ယူ၍ “အရှင်ဂေါတမ၊ ကြီးပွားကြောင်း တရားတစ်ပါးပါး ဖြင့်ပင် ဝဇ္ဇီတို့အတွက် ကြီးပွားခြင်းသာဖြစ်ရာ၏။ ဆုတ်ယုတ်ပျက်စီးမှုဟူ၍ မဖြစ်နိုင်ရာ။ ကြီးပွား ကြောင်းတရား ခုနစ်ပါးလုံးနှင့် ပြည့်စုံသော်ကား အဘယ်ဆိုဖွယ်ရာရှိချိမ့်မည်နည်း။ အရှင်ဂေါတမ၏ မိန့်ကြားချက်အရ တပည့်တော် သဘောပေါက် သွားပါပြီ။ အဇာတသတ်မင်းသည် ဝဇ္ဇီတို့ကို စစ်ရေး ဖြင့် မချေမှုန်းသင့်ပါ။ ဖြားယောင်းသွေးဆောင်ခြင်း ဖြင့် သော်လည်းကောင်း၊ သူတို့ အချင်းချင်း သင်းခွဲ ပေးခြင်းဖြင့် သော်လည်းကောင်း သူတို့ကိုချေမှုန်းရပါတော့မည်ဘုရား”ဟူသည့် ဝဿကာရအမတ်ကြီး ၏ ပြည်ဖျက်နည်းပရိယာယ်လို ခေတ်သစ် ဝဿကာရများ၏ အကြံအစည်ကို သမိုင်း သင်ခန်းစာအဖြစ် တစ်မျိုးသားလုံးသတိချပ်ဖို့လိုပါ၏။
ကိုးကား - ဝဏ္ဏသီရိ၏ ညီတော်အာနန္ဒာ၏
တစ်သက်တာမှတ်တမ်း
- Log in to post comments