
၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဖြစ်ပွားခဲ့သော ကိုရိုနာဗိုင်းရပ်စ် သည် ယခုအခါ ကမ္ဘာတစ်ဝန်းတွင် ဆက်လက်ဖြစ်ပွားလျက်ရှိပြီး အချိန်ကာလအားဖြင့် လပေါင်းနှစ်ဆယ်ကျော်ခဲ့ပြီဖြစ်သည်။ မြန်မာ နိုင်ငံသည် တတိယလှိုင်းတွင်ရှိနေပြီး အချို့နိုင်ငံများသည် စတုတ္ထ လှိုင်းသို့ ရောက်ရှိနေပြီဖြစ်သည်။
မြန်မာနိုင်ငံသည် ပထမလှိုင်းတွင် ဖြစ်ပွားမှု၊ သေဆုံးမှုနည်းခဲ့ သော်လည်း အမေရိကန်၊ အင်္ဂလန်၊ အီတလီစသည့် နိုင်ငံကြီးများသည် ပထမလှိုင်း၏ဒဏ်ကို အပြင်းအထန်ခံခဲ့ကြရသည်။ ဆေးရုံခုတင်မလုံ လောက်မှု၊ ဆေး၊ ဆေးပစ္စည်း၊ အကာအကွယ်သုံးဝတ်စုံ၊ ဝန်ထမ်း မလုံလောက်မှုများ ကြုံတွေ့ခဲ့ကြသည်။ ကမ္ဘာတစ်လွှားတွင် ချစ်ခင် သော မိသားစုဝင်များ၊ ဆွေမျိုးများ၊ သူငယ်ချင်းများ၊ မိတ်ဆွေများ နှုတ်မဆက်ဘဲ ထွက်ခွာသွားခဲ့ကြသည်။ အောက်တိုဘာ ၁၆ ရက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ လူဦးရေ ၂၃၉ သန်း ကျော် ရောဂါကူးစက်ခံရပြီး လေးသန်း ရှစ်သိန်းကျော် သေဆုံးခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကိုဗစ်-၁၉ ကပ်ရောဂါနှင့်ပတ်သက်၍ စိတ်ကျန်းမာရေးနှင့် လူမှုရေးအခြေအနေများနှင့်ပတ်သက်၍ ဆောင်ရွက်ရမည်များကို ၁၈-၃-၂၀၂၀ ရက်တွင် အောက်ပါသတင်း အချက်အလက်များ မျှဝေခဲ့ပါသည်။
ပြည်သူများအတွက် သတင်းအချက်အလက်
ကိုဗစ်- ၁၉ ရောဂါသည် ကမ္ဘာ့နိုင်ငံများစွာ၊ နေရာများစွာတွင် လူမျိုးမရွေး၊ ဘာသာမရွေး ဖြစ်ပွားနိုင်ခြေရှိသည်။ ရောဂါရှိသူကို ကိုဗစ်သားကောင်၊ ကိုဗစ်မိသားစုဟုမသုံးနှုန်းရန်၊ ခွဲခြားဆက်ဆံခြင်း မပြုရန်၊ ကိုဗစ်ကူးစက်ခံရသူ၊ ကိုဗစ်အတွက် ဆေးကုသမှုခံယူနေသူ ဟု သုံးနှုန်းရန်၊ ယုံကြည်ရသည့် သတင်းအရင်းအမြစ်များကို ရှာဖွေ ကြည့်ရှုခြင်းဖြင့် လက်တွေ့လုပ်ဆောင်ရမည်များကို ပြင်ဆင်နိုင်မည် ဖြစ်သည်။ မိမိကိုယ်ကိုကာကွယ်ရင်း အခြားသူများကို ဝိုင်းဝန်း ကူညီခြင်းဖြင့် နှစ်ဦးနှစ်ဖက်အကျိုးရှိစေမည်ဟု မျှဝေခဲ့ပါသည်။
ကျန်းမာရေးလုပ်သားများအတွက် သတင်းအချက်အလက်များ
ကျန်းမာရေးဝန်ထမ်းများသည် မျှော်လင့်မထားသော အဖြစ် အပျက်များကို ကြုံတွေ့ရပြီး ထိုအတွေ့အကြုံများမှ သင်ခန်းစာယူပြီး ပူပန်ကြောင့်ကြမှုများကို ကိုင်တွယ်ဖြေရှင်းနိုင်မည့် နည်းဗျူဟာကို အသုံးပြုခြင်းဖြင့် ယခုအချိန်တွင် အကျိုးရှိစေမည်ဖြစ်သည်။ ပူပန် ကြောင့်ကြမှုများမှ ကင်းဝေးအောင် လုပ်ဆောင်ရမည်မှာ ကိုယ်ကိုယ် တိုင်ဖြစ်သည်။ စိတ်ကျန်းမာရေးသည် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး ကဲ့သို့အရေးပါသည်ကို သတိပြုရန်၊ လုံလောက်သောအနားယူခြင်း၊ အာဟာရပြည့်ဝအောင်စားသောက်ခြင်း၊ မိသားစု၊ သူငယ်ချင်းများ နှင့် ဒစ်ဂျစ်တယ်နည်းပညာကိုအသုံးပြု၍ ဆက်သွယ်ရန်၊ ကိုဗစ် ကာကွယ်ကုသရေးလုပ်ငန်းသည် ရေတိုမဟုတ်ရေရှည်လုပ်ငန်းဖြစ် သည်ဟု ဖော်ပြထားပါသည်။
ထို့အပြင် အဖွဲ့ခေါင်းဆောင်များ၊ ကလေးငယ်နှင့် ကလေးကြီး များ၊ အရွယ်ရောက်သူများ၊ ရောဂါအခံရှိသူများကို စောင့်ရှောက်ပေး နေသူများအတွက်လည်း သတင်းအချက်အလက်များ မျှဝေခဲ့ပါသည်။
ကိုဗစ် - ၁၉ နောက်ဆက်တွဲများ
ကိုဗစ်-၁၉ ရောဂါဖြစ်ပြီး ပြန်ကောင်းလာသူများတွင် ၁၀ ယောက် လျှင်တစ်ယောက်သည် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာလက္ခဏာများ ဆက်လက်ခံစားနေကြရသည်။ ပုံမှန်အားဖြင့် ကိုဗစ်လက္ခဏာများ သည် သုံးပတ်မှလေးပတ်ကျော်လျှင် ကောင်းသွားကြပြီး ၁၀ ရာခိုင်နှုန်းလောက်သည် လက္ခဏာများ ဆက်ရှိနေသေးကြောင်း US Symptom Study တစ်ခုက ပြောထားပါသည်။
ရုပ်ပိုင်းဆိုင်ရာလက္ခဏာများ
အားမရှိခြင်း၊ နုံးခြင်း၊ မောခြင်း၊ ချောင်းဆိုးမပျောက်ခြင်း၊ အနံ့ နှင့် အရသာပြန်မရသေးခြင်း၊ မျက်စိကြည့်မကောင်းခြင်း (ဝါးနေခြင်း၊ နှစ်ထပ်ဖြစ်ခြင်း)၊ ရင်တုန်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အရေပြားယား ယံခြင်း၊ အဖုအပိန့်ထွက်ခြင်း၊ အာရုံစူးစိုက်မရခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်းတို့ ဆက်လက်ဖြစ်ပေါ်နေကြပါသည်။
စိတ်ပိုင်းဆိုင်ရာလက္ခဏာများ
အိပ်မပျော်ခြင်း၊ ဒေါသကြီးခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ကြောက်ရွံ့ ခြင်း၊ စိုးရိမ်ခြင်း၊ အဖော်မဲ့သင်းကွဲသလိုဖြစ်နေခြင်း၊ စိတ်ဖိစီးခြင်း စသည်များ တစ်ခုထက်ပို၍ ခံစားရတတ်သည်။
ကိုဗစ်- ၁၉ နှင့် ဦးနှောက်နှင့် အာရုံကြောအခြေအနေများ၊
စိတ်ပိုင်းဆိုင်ရာအခြေအနေများ
အောက်စဖို့ဒ်တက္ကသိုလ်မှ ကိုဗစ်လူနာပေါင်း ၂၃၀၀၀၀ ကျော်ကို ခြောက်လကြာ သုတေသနပြုထားချက်များအရ ကိုဗစ်-၁၉ မှ ပြန်ကောင်းလာသူတွင် ၃၄ ရာခိုင်နှုန်းသည် ဦးနှောက်နှင့် အာရုံကြော ဆိုင်ရာအခြေအနေ၊ စိတ်ပိုင်းဆိုင်ရာအခြေအနေများ ဖြစ်ပေါ်နေ ကြောင်း ထုတ်ပြန်ထားပါသည်။ ဦးနှောက်နှင့် အာရုံကြော အခြေအနေ တွင် ဦးနှောက်သွေးယိုခြင်း၊ ဦးနှောက်သွေးကြောပိတ်၍ လေဖြတ်ခြင်း၊ မှတ်ဉာဏ်လျော့နည်းခြင်း၊ စဉ်းစားမရခြင်း၊ မူးခြင်း၊ ခေါင်းကိုက်ခြင်း၊ အာရုံစုစည်းမရခြင်းများဖြစ်ကြကြောင်း၊ ထိုသို့ဖြစ်ရခြင်းမှာ ခန္ဓာကိုယ် မှဝင်လာသော ဗိုင်းရပ်စ်ကို တိုက်ထုတ်ရာမှ ဖြစ်ပေါ်လာသော ကိုယ်တွင်းတုံ့ပြန်၍ ရောင်ရမ်းခြင်းနှင့် သွေးကြောများဒဏ်ရာရရှိမှုကြောင့်ဖြစ်ပြီး ၎င်းလက္ခဏာများသည် ကိုဗစ်-၁၉ မှ ပြန်လည် နေကောင်းလျှင် ဝေဒနာများမရှိကြသော်လည်း အချို့မှာ ကာလကြာ မည်ဖြစ်သည်။
စိတ်ပိုင်းဆိုင်ရာအနေဖြင့် စိတ်ပူပန်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အိပ်မပျော်ခြင်း၊ မူးယစ်ဆေးအလွဲသုံးခြင်းများ အများဆုံးဖြစ်သည် ဟု ဧပြီလ ၇ ရက် ၂၀၂၁ တွင် ထုတ်ပြန်ထားပါသည်။
ကိုဗစ်-၁၉နှင့် လူမှုရေးပြဿနာများ
ကိုဗစ်-၁၉ ဖြစ်၍ မိသားစုဝင်များတစ်ဦးမက ဆုံးရှုံးရခြင်း၊ ဆွေမျိုး၊ မိတ်ဆွေ သူငယ်ချင်းများ ဆုံးရှုံးရခြင်း၊ အိမ်ထောင်ဦးစီးဆုံးရှုံး၍ မိသားစုအားကိုးရာမဲ့သွားခြင်း၊ မကျန်းမမာ၍ အလုပ်မလုပ်နိုင်ခြင်း၊ ကပ်ရောဂါကြောင့် လုပ်ငန်းများရပ်ဆိုင်း၍ ဝင်ငွေလျော့နည်းခြင်း၊ အလုပ်လက်မဲ့ဖြစ်သွားခြင်းများကို အများစုမှာ ကြုံတွေ့ခဲ့ကြ၊ ကြုံတွေ့ ဆဲဖြစ်သည်။
ကိုဗစ်ကာလတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များ
ကူးစက်ကပ်ရောဂါများဖြစ်နေချိန်တွင် အောက်ပါအချက် လေးချက်ကို လိုက်နာဆောင်ရွက်ရပါမည်။
(၁) ကျန်းမာရေးနှင့် ညီညွတ်စွာနေထိုင်စားသောက်ရန်
ကိုယ်ခံအားကောင်းမွန်ရန် အစားကိုဝင်အောင်စားရမည် ဖြစ်သည်။ အစားအစာ သုံးအုပ်စုဖြစ်သော (အသား၊ ငါး၊ ပဲ၊ နို့)၊ (ဆန်၊ ဆီ၊ ပြောင်း၊ ဂျုံ၊ အာလူး)နှင့် (ဟင်းသီးဟင်းရွက် အသီးအနှံများ) စုံလင်စွာစားရမည်ဖြစ်သည်။ အဆီအဆိမ့်များ၊ သကြား၊ အချိုမှုန့်များ အလွန်အကျွံမစားရန်၊ ပြန်ကြော်ဆီများ၊ ဆီကြော်အစားအစာများ ရှောင်ရန်နှင့် ဆားနှင့် အငန်ကိုလျှော့စားရပါမည်။ အသီးအရွက်ကို အရက်ပြန်၊ လက်သန့်ဆေးရည်ဖြင့် ဖျန်းခြင်းသည် အဆိပ်အတောက် ဖြစ်စေပြီး ရေသန့်သန့်ဖြင့်ဆေးလျှင် လုံလောက်သည်ဟု ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ရှင်းပြထားပါသည်။ ရေများများသောက်ရန်၊ တစ်ကိုယ်ရေသန့်ရှင်းရေး ပုံမှန်လုပ်ဆောင်ရန်၊ လုံလောက်စွာအိပ်ရန် (၇ နာရီ) လိုအပ်ပါသည်။ ခုခံအားစနစ်သည် အိပ်ချိန်တွင်ပြန်လည် တည်ဆောက်သဖြင့် အိပ်ရေးဝအောင်အိပ်ရပါမည်။ အိပ်ခါနီး ဆိုရှယ် မီဒီယာကြည့်ခြင်း ရှောင်သင့်ပါသည်။
(၂) လေ့ကျင့်ခန်းလုပ်ရန်
လူကြီးများသာမက ကလေးများပါ လှုပ်လှုပ်ရှားရှားနေသင့် ပါသည်။ ၅ နှစ်အောက်ကလေးသည် တစ်ရက်လျှင် နှစ်နာရီခန့်၊ ၅ နှစ် မှ ၁၇ နှစ် အရွယ်သည် တစ်ရက်လျှင် တစ်နာရီခန့်၊ ၁၈ နှစ် အထက်သည် တစ်ပတ်လျှင် အနည်းဆုံးမိနစ် ၁၅၀ လှုပ်ရှားမှုလုပ်သင့် ပါသည်။ stay at home ကာလ အိမ်တွင်ပင်အလုပ်လုပ်ရသဖြင့် လှုပ်လှုပ်ရှားရှားနေရန် လိုအပ်ပါသည်။ ပေါ့ပါးသောလေ့ကျင့်ခန်းဖြစ် သည့် လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်းများ လုပ်နိုင်ပါသည်။ လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ကိုယ်တွင်းအဆီဓာတ်ကိုလျော့စေပြီး အဆုတ်အားကောင်းစေပါသည်။ ထို့ပြင် မကူးစက်သောရောဂါ (Non Communicable Disease) ကိုလည်း လျှော့ချနိုင်ပါသည်။ နေကောင်း ပြီးစတွင် ပြင်းထန်သောလေ့ကျင့်ခန်း မလုပ်သင့်သေးပါ။
(၃) စိတ်ကျန်းမာရေးဂရုစိုက်ရန်
အိမ်တွင်နေရချိန် စိတ်ကိုအနားမပေးသည့်အနေဖြင့် ကိုယ်ဝါသနာ ပါရာတစ်ခုခုကို လုပ်နေရပါမည်။ စာရေးခြင်း၊ ပန်းချီဆွဲခြင်း၊ သစ်ပင် စိုက်ခြင်း၊ ချက်ပြုတ်ခြင်း၊ ပန်းထိုးခြင်း၊ သီချင်းနားထောင်ခြင်း စသည်တို့ကို လုပ်ဆောင်နေခြင်းဖြင့် စိတ်ကိုအလုပ်ပေးနေရမည် ဖြစ်သည်။ စိတ်ခွန်အားပြည့်မှ မျှော်လင့်ချက်များထားနိုင်မည် ဖြစ်သည်။ စိတ်ငြိမ်းချမ်းရန် တရားထိုင်ခြင်း၊ ပုတီးစိပ်ခြင်း၊ အဆိုးမြင် အတွေးချည်းမတွေးဘဲ အကောင်းများလာတော့မည်ဟုတွေးရန်၊ ဆုံးရှုံးမှုကြောင့် ထိခိုက်နာကျင်နေပါက ယုံကြည်ရမည့်သူကိုဖွင့်ပြော ရန်၊ ဆိုရှယ်မီဒီယာသုံးချိန်လျှော့ရန်၊ ယုံကြည်ရသည့် သတင်း အရင်းအမြစ်ကိုသာ ကြည့်ခြင်းဖြင့် စိတ်ကျန်းမာရေးကို ကိုယ်ကိုယ်တိုင်တည်ဆောက်ရမည် ဖြစ်ပါသည်။
(၄) ဆေးလိပ်၊ ကွမ်းယာ၊ အရက်ဖြတ်ရန်
ဆေးလိပ်သောက်ခြင်းနှင့် ကိုဗစ်-၁၉
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သုတေသနဆွေးနွေးခန်းတွင် ဆွေးနွေးချက်များအရ ဆေးလိပ်သောက်သူတွင် ကိုဗစ်ဖြစ်လျှင် သာမန်သူများထက် ၅၀ ရာခိုင်နှုန်း ဝေဒနာပိုခံစားရနိုင်ခြေရှိသည်။ ရောဂါလက္ခဏာ ပိုဆိုးနိုင်သည်။ ဆေးရုံတက်ရနိုင်ခြေပိုများသည်။ အထူးကြပ်မတ်ကုသဆောင် (ICU)တွင် တက်ရနိုင်ခြေပိုများပြီး သေဆုံးနိုင်ခြေပိုများကြောင်း ဆွေးနွေးထားပါသည်။
ဆေးလိပ်နှင့် ဆေးရွက်ကြီးသောက်သုံးခြင်းကို ဖြတ်လိုက်လျှင် နောက်ဆုံးအကြိမ် စီးကရက်သောက်ပြီး မိနစ် ၂၀ အတွင်း နှလုံးခုန် နှုန်းနှင့် သွေးခုန်နှုန်း ပိုကောင်းလာမည်။ ၁၂ နာရီအတွင်း သွေးထဲမှ ကာဗွန်မိုနောက်ဆိုက်ပမာဏသည် ပုံမှန်အဆင့်သို့ လျော့ကျသွား သည်။ တစ်နှစ်မှလေးနှစ်အတွင်း သေဆုံးနိုင်ခြေသည် လက်ရှိ သောက်နေသူ၏ တစ်ဝက်လောက်သာရှိတော့သဖြင့် ယခုအချိန်သည် ဆေးလိပ်ဖြတ်ရန် အကောင်းဆုံးအချိန်ဖြစ်ကြောင်း ဆွေးနွေးထားပါ သည်။
ကွမ်းစားခြင်းနှင့် ကိုဗစ်-၁၉
ကိုရိုနာဗိုင်းရပ်စ်သည် ကိုဗစ်ရောဂါရှိသူ၏ တံတွေးဂလင်းတွင် ခိုအောင်းနေလေ့ရှိပြီး နှာချေ၊ ချောင်းဆိုး၊ စကားပြောရာမှတစ်ဆင့် ထွက်လာသောတံတွေးအစက်အမှုန်များတွင် ရောဂါပိုးအမြောက်အမြား ပါဝင်နိုင်ပါသည်။ သုတေသနမှတ်တမ်းများအရ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိသူ ၏ တံတွေးသလိပ်တွင် ဗိုင်းရပ်စ်ပါဝင်မှုနှုန်းသည် ၉၁ ဒသမ ၇ ရာခိုင်နှုန်းရှိသည်ကို တွေ့ရှိရပါသည်။ ၎င်းအစက်အမှုန်များသည် အနီးကပ်ထိတွေ့သူ၏ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့မှတစ်ဆင့် တိုက်ရိုက်ထိရောက်ခြင်း၊ အစက်အမှုန်များ တင်ကျန်ရစ်သည့် အရာဝတ္ထုမျက်နှာပြင်ကို ထိကိုင်သောလက်မှတစ်ဆင့် ရောဂါကူးစက် ခံရနိုင်ပါသည်။ သို့ဖြစ်ပါ၍ ကိုဗစ်-၁၉ ဖြစ်ပွားမှုအား ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရန် စည်းကမ်းမဲ့တံတွေး၊ သလိပ်ထွေးခြင်း၊ ကွမ်းသွေးထွေးခြင်းတို့ကို လုံးဝရှောင်ကြဉ်သင့်ကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က သတိပေးထားပါသည်။
အရက်သောက်သူများတွင် အသည်းအဆီဖုံးခြင်း၊ အသည်းရောင် ခြင်း၊ အသည်းကြွပ်ဆတ်ခြင်း၊ သွေးတိုးခြင်း၊ အာရုံကြောအားနည်းခြင်း များဖြစ်နိုင်ပြီး ကိုဗစ်-၁၉ ရောဂါဖြစ်လျှင် ဝေဒနာပိုခံစားရနိုင်ပါသဖြင့် အရက်သောက်ခြင်းကို ဖြတ်သင့်ပါသည်။
ကိုဗစ်-၁၉ နှင့် ကာကွယ်ဆေး
ကာကွယ်ဆေးထိုးနှံခြင်းနှင့်ပတ်သက်၍ အမေရိကန်ရောဂါ ထိန်းချုပ်ရေးနှင့် ကုသရေးဗဟိုဌာန (CDC) မှ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၀ ရက်တွင် သုတေသနတွေ့ရှိချက်တစ်ခုကို ထုတ်ပြန်ထားပါသည်။ ဒယ်လ်တာလို ကူးဆက်မြန်ပြင်းထန်သည့် ဗိုင်းရပ်စ်မျိုးကွဲများပြန့်ပွား နေချိန်တွင် ကာကွယ်ဆေးထိုးထားသူသည် မထိုးထားသူထက် ရောဂါ ကူးစက်မှု ငါးဆလျော့နည်းသည်။ ရောဂါပြင်းထန်၍ ဆေးရုံတက်ရမှုကို ၁၀ ဆ အထက်၊ သေဆုံးမှုကို ၁၀ အထက် လျှော့ချပေးနိုင်သည်ဟုဆိုထား သည်။ လေ့လာထားချက်များအရ ရောဂါဖြစ်ပွားမှု၏ ၉၂ ရာခိုင်နှုန်း၊ ဆေးရုံတက်ရမှု၏ ၉၂ ရာခိုင်နှုန်းသည် ကာကွယ်ဆေးမထိုးရသူများ ဖြစ်သည်။ သေဆုံးမှု၏ ၉၁ ရာခိုင်နှုန်းသည် ကာကွယ်ဆေးမထိုးထား သူများနှင့် ကာကွယ်ဆေးအကြိမ်ပြည့် မထိုးထားသူများ ဖြစ်သည်ဟု ထုတ်ပြန်ထားပါသည်။ ကိုဗစ်ရောဂါကူးစက်ခံထားရပြီးလျှင်လည်း ကာကွယ်ဆေးထိုးရန် လိုအပ်ပါသည်။ ကိုဗစ်ကာကွယ်ဆေးထိုး၍ ထွက်လာသော ခုခံအားပဋိပစ္စည်း(Antibody)သည် ကိုဗစ်ပိုး ဝင်ရောက်၍ ထွက်လာသော ပဋိပစ္စည်းထက်ပို၍ ကာကွယ်မှုကို ရသောကြောင့် ဖြစ်သည်။ ကာကွယ်ဆေးကို နှစ်ကြိမ်ပြည့်အောင်ထိုးပြီး နှစ်ပတ်ခန့်ကြာမှ ကာကွယ်မှုကိုရမည်ဖြစ်သည်။ ကာကွယ်မှုရမှ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများကို ပြန်လည်လုပ်ဆောင်နိုင်မည် ဖြစ်သည်။
အစာလည်းဆေး ဆေးလည်းအစာ
ကိုဗစ်-၁၉ တတိယလှိုင်းတွင် ဗီတာမင်စီ၊ ဗီတာမင်ဒီ၊ ဇင့်(သွပ်) စသောအားဆေးများကို သောက်သည်များရှိသည်။ အချို့ဆေးများ ဈေးကြီးပေးဝယ်ရပြီး အချို့ဆေးများ ဝယ်မရသည်များရှိသည်။ လိမ္မော်သီး၊ သံပရာသီး၊ ခရမ်းချဉ်သီး၊ ပင်မှည့်သီး၊ နာနတ်သီး၊ ဆီးဖြူသီးနှင့် ချဉ်သောအရသာရှိသော အသီးများကိုစားခြင်းဖြင့် ဗီတာမင်စီရမည်ဖြစ် သည်။ ဗီတာမင်ဒီသည် ကြက်ဥ၊ တိရစ္ဆာန်အသည်း၊ ဒိန်ချဉ်၊ နွားနို့နှင့် အစေ့အဆန်များတွင်ပါရှိသည်။ နေရောင်ခြည်နုနုမှလည်း ရရှိသည်။ ဇင့်(သွပ်)သည် နှမ်းစေ့၊ ဖရုံစေ့၊ အနီရောင်အသား၊ ကမာကောင်၊ သီဟိုဠ်စေ့၊ ကညွတ်၊ ဥအမျိုးမျိုး၊ ဟင်းနုနယ်၊ ပဲအမျိုးမျိုး၊ အခွံမာအသီး၊ အစေ့ အဆန်များတွင်ပါရှိသည်။ ဗီတာမင်ပါသော ဟင်းသီးဟင်းရွက် အသီးအနှံ များကိုစားခြင်းဖြင့် ရောဂါကာကွယ်သောဓာတ်ကို ရရှိမည်ဖြစ်သည်။
ကျွမ်းကျင်သူများ၏အဆိုအရ ကိုဗစ်-၁၉ရောဂါသည် ကမ္ဘာမြေပေါ်မှအလွယ်တကူပျောက်ကွယ်သွားမည့် ရောဂါတွင်မပါဝင်ကြောင်း ပြော ထားပါသည်။ ထို့ကြောင့် ကိုဗစ်နှင့်အတူယှဉ်တွဲနေထိုင်နိုင်ရန် လေ့ကျင့် ကြရမည်ဖြစ်သည်။ ကြိုးစားကြရမည်ဖြစ်သည်။ ကိုဗစ်စည်းကမ်းချက် များကို New Normal အနေဖြင့် လက်ခံကျင့်သုံးကြရမည်ဖြစ်သည်။
အိမ်တွင်နေထိုင်ရန် (stay at home) ကို ကန့်သတ်မှုအဖြစ် မယူဆဘဲ ကိုယ်လုပ်ချင်သောအရာများကို လုပ်ကိုင်နိုင်သည့် အခွင့်အရေးတစ်ခုအဖြစ် ရှုမြင်လိုက်လျှင် အကျိုးရှိမည်ဖြစ်သည်။ ကာကွယ်ခြင်းသည် ကုသခြင်းထက်ပို၍ကောင်းသည်ဆိုသည့် အတိုင်း ပါးစပ်နှာခေါင်းစည်းသည် အသက်ရှူစက်ထက် ပိုကောင်း သည်။ မိမိအိမ်သည် အရေးပေါ်ခန်းထက် ပိုကောင်းသည်ကို သတိချပ်ရမည်ဖြစ်သည်။
အထက်တွင်ဖော်ပြထားသည့်အတိုင်း ကျန်းမာသည့်လူနေမှုဘဝ ပုံစံ (Healthy Life Style)နှင့် နေထိုင်ခြင်း၊ စိတ်ကျန်းမာရေးကို ဂရုစိုက်ခြင်း၊ ကိုဗစ်စည်းကမ်းချက်များကို အသိသတိဖြင့် တိကျစွာ လိုက်နာဆောင်ရွက်ခြင်းနှင့် ကာကွယ်ဆေးကိုအကြိမ်ပြည့် ထိုးနှံထား မည်ဆိုလျှင် ကိုဗစ်-၁၉ရောဂါလို ကူးစက်ရောဂါများကို ကြံ့ကြံ့ခံ ကျော်ဖြတ်နိုင်မည်ဖြစ်သည်။ ကျန်းမာရေးအရ လုံခြုံစိတ်ချသူတစ်ဦး ဖြစ်လာမည်။ ထိုအချက်များကို တစ်ယောက်ချင်းစီမှမိသားစု၊ တစ်ရပ်ကွက်လုံးမှ တစ်နိုင်ငံလုံး လိုက်နာကျင့်သုံးကြခြင်းဖြင့် ကိုဗစ် ၏ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်ဖြတ်နိုင်မည်ဖြစ်ပါသည်။
ကိုးကား
WHO Website
(6)months neurological and psychiatric outcomes
by lancet psychiatry
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာဆောင်ရွက်
ချက်များအကြောင်းအစီအစဉ် (နေ့စဉ်ထုတ်သတင်းစာများ)
- Log in to post comments