ကိုဗစ်ကို အောင်မြင်စွာထိန်းချုပ်ထားနိုင်ရန် အားလုံးဝိုင်းဝန်းဆောင်ရွက်ကြရန် လိုအပ်တစ်ဦးချင်းတစ်ဦးချင်းသည် မိမိကိုယ်တိုင်သာမက ပတ်ဝန်းကျင်ကိုလည်း ကာကွယ်ရမည်

ကိုဗစ်ကို အောင်မြင်စွာထိန်းချုပ်ထားနိုင်ရန် အားလုံးဝိုင်းဝန်းဆောင်ရွက်ကြရန် လိုအပ်တစ်ဦးချင်းတစ်ဦးချင်းသည် မိမိကိုယ်တိုင်သာမက ပတ်ဝန်းကျင်ကိုလည်း ကာကွယ်ရမည်

================================================================

 

နေပြည်တော် စက်တင်ဘာ ၂

 

Coronavirus Disease 2019(COVID-19)ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် COVID-19 ဓာတ်ခွဲအတည်ပြုလူနာနှင့် ထိတွေ့ ခဲ့သူများအား စုံစမ်းရှာဖွေဖော်ထုတ်ခြင်း၊ ကာကွယ်၊ ထိန်းချုပ်ရေး စီမံဆောင် ရွက်ခြင်းတို့နှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် စိုးတင့်နိုင်၊ ရန်ကုန်တောင်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင် အုပ်ချုပ်ရေးမှူး ဦးနေဝင်းအောင်၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသက်စုမွန်တို့နှင့် ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေး ခန်းမ၌ Video Conferencing စနစ်ဖြင့် ချိတ်ဆက်တွေ့ဆုံ၍ လက်တွေ့အခြေ အနေများကို အပြန်အလှန်ဆွေးနွေးသည်။

 

ရှေးဦးစွာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နှုတ်ခွန်းဆက်အမှာစကား ပြောကြားရာတွင် ကိုဗစ်ရောဂါ ကူးစက်ခံရသည်ဟု မှန်းဆရသည့်သူများ၏ အဆက်အသွယ်ကို လိုက်လံရှာဖွေခြင်းနှင့်ပတ်သက်ပြီး ယနေ့ ဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊ ပြန့်ပွားသွားနိုင်သည့် အခြေအနေရှိသည့်အတွက် မည်မျှအရေးကြီးသည်ကို အများပြည်သူသိရှိရန် လိုအပ်ပါကြောင်း၊ ယခုကိစ္စသည် ပြည်သူများအားလုံး ပူးပေါင်းဆောင်ရွက်မှ အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊ အဆက်အသွယ်များကို လိုက်လံရှာဖွေရသည်မှာ မည်မျှခက်ခဲပြီး ငွေအား၊ လူအားနှင့် အချိန်အား မည်မျှ သုံးရသည်ကို ပြည်သူများနားလည်စေလိုပါကြောင်း၊ နောက်ဆုံးကိန်းဂဏန်းအရ ရန်ကုန်မြို့တွင် ပြန့်ပွားမှု ပိုမိုများပြားနေပါကြောင်း၊ ရန်ကုန်မြို့တွင် လူဦးရေ များပြားပါကြောင်း၊ ထို့ပြင် ရန်ကုန်တွင် နေထိုင်ကြသူများသည် ယခု သုံးလ၊ လေးလအတွင်း ပေါ့ဆလာကြပြီး စည်းမျဉ်းစည်းကမ်းများ လိုက်နာမှု အားနည်း လာကြပါကြောင်း။

များစွာခက်ခဲသွားမည်

သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအပြင် ညွှန်ကြားချက်များ ထပ်မံ ထုတ်ပြန်ထားပါကြောင်း၊ စည်းမျဉ်းစည်းကမ်းများအရ အရေးယူမည် ဖြစ်ပြီး ပိုမိုတင်းကျပ်သည့် သဘာဝဘေးအန္တရာယ်ဥပဒေဖြင့် အရေးယူမည်ကို လည်း အများသိရှိစေရန် ပြောကြားထားပါကြောင်း၊ ယခုကဲ့သို့ တင်းတင်း ကျပ်ကျပ် အရေးယူမည်ကို အချို့က မကြိုက်ပါကြောင်း၊ မည်သည့်အတွက် ကြောင့် အရေးယူရန် လိုအပ်သည်ကို နားလည်ရန် လိုအပ်ပါကြောင်း၊ အထူး သဖြင့် ရန်ကုန်မြို့ကဲ့သို့ နေရာမျိုးတွင် ရောဂါပြန့်ပွားသွားပြီဆိုပါက အားလုံး ကို ပြည့်ဝစွာ ကုသမှုပေးရန် များစွာခက်ခဲသွားမည်ဖြစ်ပါကြောင်း။

 

 

COVID နှင့် ရင်ဆိုင်နေရသည်မှာ နှစ်ဝက်ခန့်ရှိပြီဖြစ်ပါကြောင်း၊ ယခု အချိန်တွင် သေသေချာချာ ထိန်းသိမ်းနိုင်ပါက ကိုဗစ်အန္တရာယ်ကို ကျော်လွှားနိုင် မည်ဟု မှန်းဆနိုင်ပါကြောင်း၊ ကာကွယ်ဆေးကို တချို့နိုင်ငံများတွင် စတင် ထုတ်နိုင်ပြီဆိုသည့် သတင်းများ ထွက်နေပြီဖြစ်ပါကြောင်း၊ မည်မျှအထိ သေချာ သည်ကို ပြော၍မရသေးပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သေချာစွာ စိစစ် ပြီးမှ သိရှိနိုင်မည်ဖြစ်ပါကြောင်း၊ ကိုဗစ်ရောဂါနှင့်ပတ်သက်ပြီး မိမိတို့ စည်းကမ်း ရှိစွာဖြင့် ဆက်လက်ရင်ဆိုင်နိုင်ပါက ကြာရှည်စွာ ခံစားရမည်မဟုတ်ပါကြောင်း၊ စည်းမဲ့ကမ်းမဲ့ဖြစ်ပြီး ပြန့်ပွားသွားပါက ကြာသင့်သည်ထက် ပိုမိုကြာသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသက်စုမွန်က COVID-19 ရောဂါသည် ကမ္ဘာ့ကပ်ရောဂါအသွင် ဖြစ်ပွားလာခဲ့ပါကြောင်း၊ မိမိတို့နိုင်ငံကို ရောဂါဖြစ်ပွားမှုမှ အတတ်နိုင်ဆုံးကာကွယ်နိုင်ရန် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီနှင့် တိုင်းဒေသ ကြီး/ပြည်နယ်အဆင့် ကော်မတီများ၏ လမ်းညွှန်မှုများအတိုင်း ဆောင်ရွက် နေပါကြောင်း။

ယမန်နေ့ညနှင့် ယနေ့မနက်ပိုင်း ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းဒေသကြီး တွင် Positive Case ၃၄ ဦးတွေ့ပါကြောင်း၊ ၃၄ ဦးထဲတွင် ဆေးရုံ၌ ကုသမှု ခံယူရင်း ကိုဗစ် -၁၉ ရောဂါ အတည်ပြုနိုင်သူ ၁၁ ဦးပါဝင်ပါကြောင်း၊ ကူးစက် ခံရသူ၏မိသားစုများသည် ရပ်ကွက်၊ နေအိမ်များတွင်သာ ရှိနေကြပါကြောင်း၊ ဆေးရုံတွင် Contact Tracing Team ဖွဲ့ထားပြီး ဆရာဝန်များက မိသားစုဝင်များထံ ဖုန်းဆက်သွယ်ပြီး ရောဂါကူးစက်ခံရမှုနှင့် ရောဂါအကြောင်းကို ရှင်းပြပါကြောင်း၊ ကူးစက်ရောဂါဖြစ်သည့်အတွက် အနီးကပ်ထိတွေ့သူများ၊ မိသားစုဝင်များတွင် ရောဂါကူးစက်ခံရနိုင်ပြီး ရောဂါပိုး ရှိနိုင်ကြောင်းကို ရှင်းပြပြီး မိသားစုများ၏ အမည်နှင့် လူစာရင်းကို ကောက်ယူမှတ်သားပါကြောင်း၊ ယခုရောဂါသည် မြန်မြန်တွေ့ရှိပါက မြန်မြန်ကုသနိုင်ပြီး အမြန်ပျောက်ကင်းနိုင်ကြောင်းနှင့် ပတ်ဝန်းကျင်ကို မကူးစက်နိုင်ကြောင်း၊ ကျန်းမာရေးဌာနက လာခေါ်ပြီး စစ်ဆေး လျှင် လက်ခံပေးရန် ရှင်းပြပါကြောင်း။

Quarantine တွင် Primary Contact ကို Risk Level ခွဲပါကြောင်း၊ Level ခွဲပြီးချိန်တွင် အမှန်တကယ် မိမိတို့အိမ်တွင် အတူနေ၊ အတူသွား၊ အတူစား နေထိုင် ခဲ့သည့် Primary Contact များကို Quarantine ဝင်ရန် လုပ်ဆောင်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စီစဉ်ပေးထားသည့် Quarantine Centre များတွင် သွားရောက်နေထိုင်ပေးရန်နှင့် နေထိုင်နေစဉ်အတွင်း ဓာတ်ခွဲစစ်ဆေး ပေးရန် သက်ဆိုင်ရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးများပါဝင်သည့် ကိုဗစ် ကော်မတီများနှင့်ချိတ်ဆက်ပေးပါကြောင်း၊ အိမ်တွင်နေထိုင်သည့် Contact များကို Quarantine Centre ကို ပို့ရာတွင် ပရဟိတ သူနာပြုယာဉ်များကို အသုံးပြုပါကြောင်း၊ ယင်းနေရာတွင် စေတနာ့ဝန်ထမ်းများ၏ ကူညီဆောင်ရွက် ပေးမှုများမှာ အရေးပါထိရောက်ပါကြောင်း၊ ယခုနှစ်ရက်အတွင်း လူနာအမှတ် စဉ်တစ်ခုမှ Contact များ ရှာဖွေရာတွင် Quarantine ထဲရောက်နေသူများထဲမှ ၂၅ ဦးတွင် ရောဂါပိုးတွေ့ရှိခဲ့ပြီး Quarantine ထားနိုင်ခဲ့ပါကြောင်း၊ ထို့ကြောင့် ၂၅ ဦးမှ ရောဂါဆက်လက်ပြန့်ပွားမှုကို အချိန်မီ ကာကွယ်ထိန်းချုပ်နိုင်ခဲ့ပါ ကြောင်း။

မိသားစုဝင်များအား ဆက်သွယ်ရာတွင် ဖုန်းဆက်မရသည့် အခက်အခဲမျိုး ရှိပါကြောင်း၊ တစ်ခါတစ်ရံ ဖုန်းဆက်သွယ်ပြောရာတွင် မယုံကြည်ခြင်းများ ရှိပါကြောင်း၊ Video Call ဖွင့်၍ ယုံကြည်လာအောင် မိမိတို့၏ ပုံကိုပြရခြင်းမျိုး ရှိပါကြောင်း၊ ကာယကံရှင်များအနေဖြင့် ပတ်ဝန်းကျင်မှ ခွဲခြားဆက်ဆံခြင်းခံရ မည်ကို စိုးရိမ်မှုများ ရှိကြပါကြောင်း၊ မေ ၁၇ ရက်နောက်ပိုင်းတွင် ရန်ကုန်၌ ဒေသတွင်းကူးစက်မှုမရှိတော့ဘဲ Flight Returnees, Border Returnees များ ထဲမှသာ တွေ့နေရသဖြင့် team တွင်ရှိသည့် ဆရာဝန်များနှင့် လုပ်ဆောင်နိုင် ခဲ့ပါကြောင်း၊ ရခိုင်တွင် ဩဂုတ်လ ဒုတိယပတ်၊ တတိယပတ်တွင် စတင်တွေ့ရှိပြီး နောက် ရန်ကုန်တွင် ရောဂါပိုးတွေ့ရှိမှု များလာသည့်အတွက် ဆရာဝန် အများ အပြား လိုအပ်လာပြီး ခရိုင်မှ ဆရာဝန်များကိုပါ အဆိုင်းများခွဲကာ တာဝန်ပေး အပ်ခဲ့ရပါကြောင်း၊ Quarantine Centre များပြားလာသည့်အတွက် ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ ဝိုင်းဝန်းကူညီလုပ်ဆောင်ရန် လိုအပ်ပါ ကြောင်း ဆွေးနွေးတင်ပြသည်။

ဆက်လက်၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်က မိမိအနေဖြင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူးရုံးအဖွဲ့ ခေါင်းဆောင်အဖြစ် ဆောင်ရွက်နေပါကြောင်း၊ တရား ဥပဒေစိုးမိုးရေး လုပ်ငန်းများအပြင် Contact Tracing လိုက်သည့်လုပ်ငန်းများ၊ အသိပညာပေးလုပ်ငန်းများနှင့် အခြားအုပ်ချုပ်မှုလုပ်ငန်းများအားလုံးကို ပူးပေါင်းပါဝင်ဆောင်ရွက်နေပါကြောင်း၊ ကော်မတီရုံးအဖွဲ့ကို မိမိဦးစီး၍ ပြည်ထောင်စုဝန်ကြီးဌာန ၁ဝ ခုမှ ညွှန်ကြားရေးမှူးများ အပါအဝင် ၂၁ ဦးဖြင့် ဖွဲ့စည်းထားပါကြောင်း၊ မိမိတို့တွင် တာဝန် ၁၁ ရပ်ရှိပါကြောင်း၊ ယင်းတာဝန်များ အတွက် လုပ်ငန်းအဖွဲ့ ၁၁ ဖွဲ့ ဖွဲ့စည်းပြီး ၂၄ နာရီပတ်လုံး နေ့ဆိုင်း၊ ညဆိုင်းဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြီးခဲ့သည့်ကာလတွင် ပုံမှန်ဝင်ငွေမရရှိသည့် မိသားစုများကို ရိက္ခာငါးမျိုး ထောက်ပံ့ခဲ့ခြင်းများ ရှိပါကြောင်း၊ လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများနှင့် နေ့စဉ် ဗီဒီယိုကွန်ဖရင့်ဖြင့် ဆွေးနွေးပြီး အခက်အခဲများကို ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးပါကြောင်း။

စောင့်ကြပ်ကြည့်ရှုလျက်ရှိ

 

ကိုဗစ်-၁၉ ဖြစ်ပွားနေသည့်ကာလတွင် အများအသုံးပြုလျက်ရှိသည့် လူမှုကွန်ရက်စာမျက်နှာများတွင် သတင်းမှားများဖြန့်ဝေပြီး လူထု အထိတ် တလန့်ဖြစ်အောင် ဆောင်ရွက်ခြင်း၊ မလိုလားအပ်ဘဲ လူစုလူဝေးဖြစ်ပေါ်အောင် ဆောင်ရွက်ခြင်း၊ အချို့နေရာများနှင့် ရပ်ကွက်များ၌ ရောဂါရှိနေသူ ရောက်ရှိ နေပြီဆိုသည့် သတင်းများဖြန့်ဝေခြင်း၊ မည်သည့်နေရာတွင် ဆန်၊ ဆီ၊ ဆားများ ဖြန့်ဝေပေးနေပြီး သွားရောက်ယူကြပါဆိုသည့်အတွက် မလိုလားအပ်ဘဲ လူစု လူဝေးများ ဖြစ်ပေါ်ခြင်းများရှိပါကြောင်း၊ ရောဂါကြောင့် စိုးရိမ်သောကရှိနေသည့် အချိန်တွင် မလိုလားအပ်ဘဲ စိုးရိမ်သောကများ၊ ကြောက်လန့်မှုများ ပိုမိုလာ အောင် အဖျက်အမှောင့်လုပ်သည့် လုပ်ငန်းများနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီး ဌာနရှိ နည်းပညာဌာနက အမြဲစောင့်ကြပ်ကြည့်ရှုလျက်ရှိပါကြောင်း။

အရေးယူဆောင်ရွက်မှုနှင့်ပတ်သက်၍ ရှစ်လပိုင်းအထိ Website ငါးခု၊ Page ၁၅ ခု၊ Group သုံးခုနှင့် account ၃၅ ခု စုစုပေါင်း ၅၈ ခုကို ပယ်ဖျက်ခဲ့ပါ ကြောင်း၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့်လည်း အရေးယူထားပါကြောင်း၊ သတင်းအမှန်များရရှိအောင် ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် Stop COVID-19 Application ကို လုပ်ဆောင်ထားပါကြောင်း၊ ယင်း Application နှင့်ပတ်သက်၍ အဆင့်ဆင့်တင်ပြခွင့်ပြုချက်ရယူပြီး စတင်ထုတ်လွှင့်သည့်အချိန်တွင် အသုံးပြုသူ သုံးသောင်းရှိပြီး ယခုအချိန်တွင် ခုနစ်သိန်းအထိ အသုံးပြုလျက်ရှိပါကြောင်း၊ ယင်း Application ၏ အဓိကအချက်မှာ သတင်းအမှန်များကို အချိန်နှင့်တစ်ပြေး ညီ ထုတ်လွှင့်ပေးခြင်းဖြစ်ပါကြောင်း၊ ကမ္ဘာတွင် ဖြစ်ပေါ်နေသည့် နောက်ဆုံး သတင်းများ၊ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့်သတင်းများ၊ သိသင့်သိထိုက် သည့် အမိန့်နှင့် ညွှန်ကြားချက်များကို ပြည်သူများ အချိန်နှင့်တစ်ပြေးညီ သိရှိအောင် တင်ပြပေးလျက်ရှိသည့် Application တစ်ခုဖြစ်ပါကြောင်း။

 

မိမိတို့၏ အတွင်းရေးမှူးရုံးအဖွဲ့ စတင်ဖွဲ့စည်းစဉ်ကတည်းက Hot Line ဖုန်းနှစ်လုံး တပ်ဆင်ခဲ့ပါကြောင်း၊ Hot Line ဖုန်း တပ်ဆင်ရသည့်အကြောင်းရင်း သည် ပြည်သူများတွင် မည်သည့်အခက်အခဲရှိသည်၊ မည်သည့်ဥပဒေရေးရာ ဖောက်ဖျက်ကျူးလွန်မှုများ ခံစားနေရသည်ကို သိရှိလိုခြင်းဖြစ်ပါကြောင်း၊ ၂၄ နာရီ နေ့၊ ည တာဝန်ပေး၍ သတင်းရယူလျက်ရှိပါကြောင်း၊ ပေးပို့လာသည့် သတင်းများကို သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် ချိတ်ဆက်၍ အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အများဆုံးပေးပို့သည့် သတင်းများမှာ

 

 

မည်သည့်နေရာတွင် ပြည်ပမှပြန်လာသူ သတင်းမပို့ဘဲ ရောက်ရှိနေသည်၊ မည်သည့်နေရာတွင် တရားဝင်ခွင့်ပြုချက်မရဘဲ ဝိုင်းကျူရှင်ဖွင့်လှစ်နေသည်၊ KTV ဖွင့်လှစ်နေသည် စသည့်သတင်းများ ဖြစ်ပါကြောင်း၊ ထိုသို့ရရှိခြင်းကြောင့် တရားဥပဒေစိုးမိုးရေးအတွက် ချက်ချင်းအရေးယူဆောင်ရွက်နိုင်သည့်အပိုင်း များရှိပါကြောင်း၊ ထို့ကြောင့် Hot Line ဖုန်းနှစ်လုံး ဖွင့်လှစ်ထားခြင်းသည် တရားဥပဒေစိုးမိုးရေးအတွက် အထောက်အကူပြုပါကြောင်း။

 

ဗဟိုကော်မတီမှ ညွှန်ကြားသည့် အမိန့်နှင့်ညွှန်ကြားချက်များကို ပြည်သူ က တိတိကျကျလိုက်နာရန် လိုအပ်ပါကြောင်း၊ ယင်းမှာ တရားဥပဒေစိုးမိုးရေး အတွက် များစွာအထောက်အကူပြုပေးသည့် အချက်တစ်ချက်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် သတင်းတပ်ဖွဲ့များ၏ အကူအညီကို ထိထိရောက်ရောက်ရယူပြီး သတင်းအချက်အလက်များစုဆောင်း ပါကြောင်း၊ ထုတ်ပြန်ထားသည့် အမိန့်နှင့် ညွှန်ကြားချက်များကို ပြည်သူများ လိုက်နာမှု ရှိ၊ မရှိ၊ ဈေးများအတွင်း သွားလာလှုပ်ရှားမှုများ၊ စားသောက်ဆိုင်များ တွင် ထုတ်ပြန်ထားသည်များနှင့်အညီ ဆောင်ရွက်မှု ရှိ၊ မရှိ၊ ကျောင်းများ ဖွင့်သည့်အချိန်တွင် ကျောင်းသားမိဘများနှင့် ကျောင်းသူ ကျောင်းသားများ ကျောင်းတက်လာသည့် အနေအထားများ၊ ဘတ်စ်ကား စနစ်တကျစီးနင်းမှု ရှိ၊ မရှိ စသည်တို့ကို သတင်းရယူကာ အမျိုးသားအဆင့်ဗဟိုကော်မတီကို ပြုစု တင်ပြပါကြောင်း၊ ထို့ပြင် အဓိကလက်တွေ့ဆောင်ရွက်ရမည့် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး တိုင်းဒေသကြီးနှင့် ပြည်နယ်ကော်မတီများကို မည်သည့် နေရာ၊ မည့်သည်ရပ်ကွက်တွင် mask တပ်ခြင်းများမရှိကြောင်း၊ Social Distancing လိုက်နာခြင်းမရှိကြောင်းကို ဓာတ်ပုံများနှင့်တကွ ချပြ၍ သွားရောက်ကြပ်မတ်ရန် အမြဲမပြတ် ညွှန်ကြားခဲ့ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကော်မတီများက ယင်းနေရာများသို့ ချက်ချင်းသွားရောက် ကြပ်မတ် ခဲ့ခြင်းများရှိသည့်အတွက် တရားဥပဒေအရ ထိန်းချုပ်နိုင်ခြင်းများ ရှိပါကြောင်း။

မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် Contact Tracing လိုက်သည့်နေရာတွင် များစွာ ထိရောက် အရေးပါပါကြောင်း၊ ရောဂါဖြစ်ပွားမှုအပိုင်းကိုကြည့်ပါက နေရပ် ပြန်များတွင် ဖြစ်ပွားသည်ကို အများဆုံးတွေ့ရှိရပါကြောင်း၊ Relief Flight ဖြင့် ပြန်လည်ဝင်ရောက်လာပြီး ရောဂါကူးစက်မှုအပိုင်းနှင့် နယ်စပ်ဒေသမှ ပြန်လည် ဝင်ရောက်လာပြီး ရောဂါကူးစက်မှုအပိုင်းတို့ရှိပါကြောင်း၊ ယင်းကိစ္စများနှင့် ပတ်သက်၍ စနစ်တကျဆောင်ရွက်ခြင်းများရှိပြီး တချို့တွင် စနစ်တကျ မဆောင် ရွက်နိုင်ခြင်းများ ရှိပါကြောင်း။

ထိထိရောက်ရောက်

 

စနစ်တကျ ဆောင်ရွက်နိုင်သည့်အပိုင်းမှာ ပြည်ပက ပြန်လည်ဝင်ရောက် လာသူများကို နယ်စပ်ဒေသများတွင် စနစ်တကျ လက်ခံရေးအဖွဲ့များ ဖွဲ့စည်း၍ လက်ခံပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ဝင်ရောက်လာသူတိုင်းကို မှတ်တမ်းဓာတ်ပုံများ ရိုက်ယူပြီး ကိုယ်ရေးရာဇဝင်များ ကောက်ယူပါကြောင်း၊ Contact Tracing စုံစမ်းသည့်အခါတွင် ထိထိရောက်ရောက် အထောက်အကူ ပြုနိုင်ရန် ရည်ရွယ်ပါကြောင်း၊ ထိုသို့ ပြန်ဝင်ရောက်လာသူများသည် နယ်စပ် ဒေသတွင် Quarantine ဝင်ရန် သို့မဟုတ် သက်ဆိုင်ရာဒေသသို့ ရောက်ရှိသွား ရန် လိုအပ်ပါကြောင်း၊ ၎င်းတို့ကို လက်ခံရာတွင် စနစ်တကျဖြစ်စေရန် သက်ဆိုင် ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်က တာဝန်ရှိသူများအနေဖြင့် နယ်စပ်တွင် သွားရောက်စောင့်ဆိုင်းရန် လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ရောက်ရှိပြီး Quarantine တစ်ခါတည်း ဝင်ရောက်မည်ဆိုပါက ရောဂါဖြစ်ပွားမှုရှိခဲ့လျှင်လည်း Contact Tracing လိုက်ရန် အခက်အခဲမရှိနိုင်ပါ ကြောင်း။

စနစ်တကျ မဆောင်ရွက်နိုင်သည့်အပိုင်းမှာ မိမိအစီအစဉ်ဖြင့် ဝင်ရောက် လာခြင်း၊ ခိုးပေါက်များမှ ဝင်ရောက်လာခြင်းများ ရှိပါကြောင်း၊ ထိုသို့ ဝင်ရောက် လာပြီး သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာများအတွင်း နေထိုင်ကြပါကြောင်း၊ ယင်းအပိုင်းတွင် မိမိတို့အနေဖြင့် Contact Tracing စုံစမ်းရန် များစွာခက်ခဲ ပါကြောင်း၊ မည်သူတို့နှင့် ထိတွေ့ဆက်ဆံခဲ့ပြီး မည်သည့်နေရာများ ရောက်ရှိခဲ့ သည်ကို သိရှိရန် ခက်ခက်ခဲခဲဖြင့် ဆောင်ရွက်ရသည့် အပိုင်းများရှိပါကြောင်း။

ပြည်ထဲရေးဝန်ကြီးဌာန၏ ရဲလုပ်ငန်းသည် တရားဥပဒေစိုးမိုးရေးအပြင် Contact Tracing လုပ်သည့်အပိုင်းတွင် ရဲလုပ်ငန်းစနစ်နှင့် များစွာထိရောက် ဆက်စပ်မှုရှိသည့်အတွက် အကျိုးသက်ရောက်မှုရှိပါကြောင်း၊ အမိန့်နှင့် ညွှန်ကြားချက်များ အဆင့်ဆင့် ထုတ်ပြန်ပေးရာတွင် ပိုမိုစနစ်ကျပြီး ပြည်သူများ အကြား၌ အသိပညာပေးမှု ပိုမိုကျယ်ပြန့်လာကာ ရောဂါထိန်းချုပ်မှုအပိုင်းတွင် ပိုမိုထိရောက်လာပါကြောင်း ဆွေးနွေးတင်ပြသည်။

 

ယင်းနောက် ရန်ကုန်တောင်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဝင်းအောင်က မိမိတို့အနေဖြင့် Positive လူနာ စတင်တွေ့ရှိသည့်အချိန်မှစ၍ ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ ပါကြောင်း၊ Positive လူနာတွေ့ရှိသည့်အခါ ကျန်းမာရေးဦးစီးဌာနက စတင်ဆက်သွယ်ပြီး မိမိတို့က ယင်းလူနာကိုခေါ်ဆောင်၍ ကုသရေးဆေးရုံသို့ ပို့ဆောင်ရေးကိစ္စရပ်များကို စီမံဆောင်ရွက်ရပါကြောင်း၊ Positive လူနာအား ကုသရေးဆေးရုံ ပို့ဆောင်ရေးလုပ်ငန်းစဉ်ကို ကျန်းမာရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအဆင့် ကော်မတီက စီမံပေး ထားသည့် မော်တော်ယာဉ်များ၊ ဝန်ထမ်းများဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အုပ်ချုပ်ရေးပိုင်ဆိုင်ရာအနေဖြင့် လာရောက်ခေါ်ဆောင်သည့် ကိစ္စရပ်အပေါ်တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာနှင့် လုံခြုံရေးပိုင်းဆိုင်ရာတို့ကို ကူညီဆောင်ရွက်ပေး ရပါကြောင်း၊ ဒေသတွင်းရှိ ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းပြီး Contact Tracing စုံစမ်းသည့် လုပ်ငန်းစဉ်များကို ဆက်လက်ပူးပေါင်းဆောင်ရွက်ပါ ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စိုးရိမ်ပူပန်မှုကြောင့် Contact Person များကို စိစစ်ဖော်ထုတ်သည့်အခါ သတင်းအချက်အလက် အပြည့်အစုံမရသည့် အခြေအနေနှင့် မကြာခဏ တွေ့ကြုံရပါကြောင်း။

 

ထို့ကြောင့် စိတ်ပူပန်ခြင်းမရှိရန်နှင့် ပိုမိုကောင်းမွန်သည့် လမ်းကြောင်းပေါ် ရောက်အောင် ပညာပေးစည်းရုံးဆောင်ရွက်ရပါကြောင်း၊ Contact Person များကို ပြည့်ပြည့်စုံစုံ ဖော်ထုတ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ရပါကြောင်း၊ Contact Person များကို သက်ဆိုင်ရာ Quarantine Center သို့ ပေးပို့ရန်နှင့် Swab နမူနာရယူပြီး ဓာတ်ခွဲစစ်ဆေးရန် ကိစ္စရပ်များအတွက် ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရပါကြောင်း၊ ထိုသို့ ဆောင်ရွက်သည့် ကျန်းမာရေးဝန်ထမ်း များနှင့် အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများ ကျန်းမာရေးအရ အကာအကွယ် ပြည့်ဝစွာရရှိစေရေးနှင့် ဝန်ထမ်းများ၏ စိတ်လုံခြုံရေးရရှိစေရန်အတွက် လည်း စီမံဆောင်ရွက်ပေးရပါကြောင်း၊ လိုအပ်ချက်များကို တတ်နိုင်သမျှ ကိုဗစ် ကော်မတီအဆင့်ဆင့်နှင့် ပေါင်းစပ်ဆောင်ရွက်လျက်ရှိပါကြောင်း။

အသိပညာပေး ကြိုးစားဆောင်ရွက်

 

Contact Tracing လိုက်ရသည့် လုပ်ငန်းစဉ်များတွင် ကျန်းမာရေးဝန်ထမ်း များနှင့် အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များက သတင်းရသည့်အချိန်မှစတင်၍ အချိတ် အဆက်ရသည့် အချိန်အထိ ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုကဲ့သို့ အခြေ အနေမျိုးတွင် အနည်းငယ်စိတ်ပူရပါကြောင်း၊ လူများသွားလာလှုပ်ရှားမှုများ များပြားလာသည့်အတွက် Contact Person ဖော်ထုတ်မှုနောက်ကျသည်နှင့်အမျှ ထိတွေ့မှု ပိုမိုများပြားလာမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်သူလူထုက လက်ရှိအခြေအနေကို သိရှိပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့် လမ်းညွှန်ချက်များကို လိုက်နာ ဆောင်ရွက်ရန်အတွက် အသိပညာပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးအဆင့်တွင် လည်း အသံချဲ့စက်များဖြင့် နေ့၊ ည စဉ်ဆက်မပြတ် ကြိုးစား ဆောင်ရွက်လျက်ရှိကြောင်း၊ အသိပညာပေးလုပ်ငန်းများ သက်ရောက်မှုရှိအောင် နည်းမျိုးစုံဖြင့် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း။

ပြည်ပမှ တရားမဝင်လမ်းကြောင်းဖြင့် ပြန်လည်ဝင်ရောက်လာပြီး ရပ်ရွာ အတွင်း မိမိအစီအစဉ်ဖြင့် သွားလာဝင်ရောက်နေထိုင်ခြင်းများ မဖြစ်စေရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရန်ကုန်တောင်ပိုင်း ခရိုင်အတွင်းတွင် ကြေညာချက်ကို ကာယကံရှင်များ သိရှိပြီး လာရောက် ဆက်သွယ်ခြင်းများရှိသကဲ့သို့ ရပ်ရွာမှသိရှိပြီး သတင်းပေးသည့်အတွက် စုံစမ်း ဖော်ထုတ်နိုင်ခြင်းများလည်းရှိပါကြောင်း၊ ရန်ကုန်တောင်ပိုင်းခရိုင်တွင် ယခု အချိန်ထိ ၁၅ ဦး စုံစမ်းဖော်ထုတ်ရရှိခဲ့ပြီး သက်ဆိုင်ရာ Quarantine Center သို့ ပို့ဆောင်ကာ ကျန်းမာရေးစစ်ဆေးမှုများကို ဆောင်ရွက်ပေးနိုင်ခဲ့ပါ ကြောင်း။

ထိန်းသိမ်းစောင့်ရှောက်ထား

 

ယခု Quarantine Center များတွင် ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများ နှင့် ရခိုင်ပြည်နယ်မှ ပြန်လာသူများ ထပ်မံရောက်ရှိလာသည့်အတွက် Contact Person များ များပြားလာပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံသည့် Facility Quarantine Center များ၌ ဝင်ဆံ့မှုအခြေအနေသည် လိုအပ်ချက်များ ရှိလာပါကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးအဆင့် ကိုဗစ်ကော်မတီမှ မြို့နယ် အလိုက် Community Base Facility Quarantine Center များ ဖွင့်လှစ်ရန် ညွှန်ကြားထားပါကြောင်း၊ ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း Community Base Facility Quarantine Center ၁၂ ခု ပြင်ဆင်ထားရှိပြီး ဖြစ်ပါကြောင်း၊ ထိုသို့ ပြင်ဆင်ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့မှ Volunteer များ စုဖွဲ့ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း Quarantine Center ၁၂ ခုတွင် ဝန်ဆောင်မှု ပေးရန်အတွက် လူဦးရေ ၁၂ဝ ကျော်ဖြင့် စုဖွဲ့ထားရှိပြီးဖြစ်ပါကြောင်း၊ ယခုအခါ လူဦးရေ ၁ဝဝ ကျော်ကို ထိန်းသိမ်းစောင့်ရှောက်ထားပါကြောင်း၊ နောက်ထပ် လူဦးရေ ၃ဝဝ လက်ခံနိုင်အောင် ပြင်ဆင်ဆောင်ရွက်ထားပါကြောင်း၊ တိုင်းဒေသ ကြီးအဆင့် ကိုဗစ်ကော်မတီမှ လိုအပ်လာပါက ထပ်မံတိုးချဲ့ဆောင်ရွက်နိုင်ရန် အတွက် ကြိုတင်လေ့လာမှုများ ဆောင်ရွက်ထားရန် ညွှန်ကြားသဖြင့် နယ်မြေ တွင် ကြိုတင်လေ့လာမှုများ ပြင်ဆင်ထားရှိသည်ကို တင်ပြလိုပါကြောင်း။

 

ပြည်ပမှ ပြန်လာသူများကို ဘူတာရုံနှင့် အမြန်လမ်း Zero မိုင်တွင် ကြိုဆိုပြီး Facility Quarantine Center များသို့ ပို့ဆောင်နိုင်ရန် ဆောင်ရွက်ရပါကြောင်း၊ အခက်အခဲအနေဖြင့် မော်တော်ယာဉ် စက်သုံးဆီလိုအပ်ချက်ဖြစ်ပါကြောင်း၊ ရက်ကြာလာသည်နှင့်အမျှ အနည်းငယ် အခက်အခဲဖြစ်လာပါကြောင်း၊ တိုင်းဒေသကြီးအစိုးရ အစီအမံဖြင့် ပထမတစ်ကြိမ် ကုန်ကျသည့် ကုန်ကျ စရိတ်များကို ပံ့ပိုးကူညီထားပါကြောင်း၊ ယခုတွင် မြို့နယ်ကိုဗစ်ကော်မတီမှ ယင်းကိစ္စကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း။

 

Positive လူနာတွေ့သည့် အနီးဒေသဝန်းကျင်၌ ကျန်းမာရေးအတွက် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးအဆင့် ကိုဗစ်ကော်မတီသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနနှင့်တိုင်ပင်၍ Mobile Fever Clinic ယာဉ်များ ပြင်ဆင်တည်ဆောက်ပြီး Positive လူနာတွေ့သည့် အနီးဒေသဝန်းကျင်တစ်ဝိုက်သို့ Mobile Fever Clinic ယာဉ်အပါအဝင် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် Volunteer များ၏ ကူညီပူးပေါင်းဆောင်ရွက်မှုဖြင့် ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း။

 

မြို့နယ်အသင်းများပေါ်လာ

ယင်းသို့ ဆောင်ရွက်ခြင်းဖြင့် နေမကောင်းမကျန်းမာသည့်သူများကို ဖော်ထုတ်နိုင်ခဲ့ပြီး အချိန်မီ ဆေးရုံသို့ပို့ဆောင်၍ ကုသမှုများဆောင်ရွက်ပေးနိုင် ခဲ့ပါကြောင်း၊ တိုင်းဒေသကြီး ကိုဗစ်ကော်မတီမှ နှစ်ပတ် စီမံချက်ဖြင့် Positive လူနာတွေ့သည့် ဒေသများတွင် Mobile Fever Clinic ၁ဝ စီးအပါအဝင် ကျန်းမာ ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် Volunteer များ၏ ကူညီ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ တောင်ပိုင်းခရိုင်သည် မြို့နယ်ငယ်များဖြစ်သည့်အတွက် ကြောင့် မြို့နယ်အသင်းများ ပေါ်လာပါကြောင်း၊ We Love Yangon အသင်းနှင့် ချိတ်ဆက်သည့်အခါ Network ပိုမိုကောင်းမွန်လာပြီး ယခုကဲ့သို့ Stay At Home ကာလတွင် ပိုမိုထိရောက်ပါကြောင်း၊ ပြည်သူလူထုအား ကျန်းမာရေးအသိ ပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ကြိုးစား ဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေးတင်ပြသည်။

 

ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် က ပြည်သူများအနေဖြင့်လည်း မိမိကိုယ်ကို တာဝန်ယူရန်လိုပါကြောင်း၊ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများဖြင့် နေထိုင်ပါက လုံးဝမကူးစက် နိုင်ဟု ပြော၍မရနိုင်သော်လည်း ကူးစက်နိုင်ခြေမှာ များစွာနည်းသွားမည်ဖြစ် ပါကြောင်း၊ ထုတ်ပြန်ချက်စည်းကမ်းများကို မလိုက်နာသဖြင့် ကူးစက်သည်က များပါကြောင်း၊ တချို့သူများမှာ လိုက်နာသော်လည်း ပတ်ဝန်းကျင်က မလိုက် နာ၍ ကူးစက်ခြင်းဖြစ်ပါကြောင်း၊ ကျန်းမာရေးဌာနအနေဖြင့် ကုသမှုကို တာဝန် ယူပေးမည်ဖြစ်ပါကြောင်း၊ တစ်ဦးချင်းအလိုက်လည်း တာဝန်ယူရန် လိုအပ်ပါ ကြောင်း၊ နိုင်ငံနှင့် သက်ဆိုင်သည့်ကိစ္စသည် ပြည်သူအားလုံးနှင့် သက်ဆိုင်ပါကြောင်း။

 

ယခုပြဿနာသည် နိုင်ငံတော်အတွက် များစွာကြီးမားသည့် အန္တရာယ်ဖြစ်ပါ ကြောင်း၊ တစ်ဦးချင်း တာဝန်သိသိဖြင့် လုပ်ဆောင်မှသာ ရောဂါကို ထိန်းချုပ်နိုင် မည် ဖြစ်ပါကြောင်း။

ရခိုင်ပြည်နယ်တွင် ရောဂါကူးစက်မှုကို ထိန်းချုပ်ထား၍ ရပါကြောင်း၊ ရန်ကုန်ကဲ့သို့ နေရာမျိုးတွင် ထိန်းချုပ်နိုင်ရန် ခက်ခဲပါကြောင်း၊ စစ်တွေမှ ရန်ကုန် သို့ ဩဂုတ် ၁ဝ ရက်နေ့မှ ယနေ့အချိန်ထိ လာရောက်သူ ခုနစ်ထောင်ကျော် ရှိပါကြောင်း၊ ယခုအချိန်တွင် ခရီးစဉ်များ ရပ်နားထားပြီဖြစ်ကြောင်း၊ အဆိုပါ ခုနစ်ထောင်ကျော်မှ မည်မျှပျံ့နှံ့နိုင်သည်ကို စဉ်းစားကြည့်ပါက သိရှိနိုင်မည် ဖြစ်ကြောင်း၊ စစ်တွေမှ ရန်ကုန်သို့ လေယာဉ်ဖြင့် လာရောက်သူများသည် ရန်ကုန်မှတစ်ဆင့် အခြားတိုင်းဒေသကြီး/ပြည်နယ်များသို့ သွားနိုင်ပါကြောင်း၊ ထို့ကြောင့် လူဦးရေ ခုနစ်ထောင်သည် နိုင်ငံအတွင်း မည်မျှကျယ်ကျယ်ပြန့်ပြန့် သွားနိုင်သည်ကို စဉ်းစားကြည့်ပါက သိနိုင်ပါကြောင်း၊ ထို့ကြောင့် စစ်တွေမှ ရန်ကုန်သို့ လေယာဉ်ဖြင့် လာရောက်သူများအားလုံးကို ဆက်သွယ်ကြရန် ပြောထားပါကြောင်း၊ မဆက်သွယ်ပါက ဥပဒေကို ချိုးဖောက်ရာရောက်သည့် အတွက် ဥပဒေအရ အရေးယူမည်ဖြစ်ပါကြောင်း၊

ဥပဒေအရ အရေးယူခြင်းကို တချို့ကကြိုက်ကြမည်မဟုတ်ပါကြောင်း၊ အစိုးရ အနေဖြင့်လည်း လုပ်ချင်၍ လုပ်ရခြင်း မဟုတ်ပါကြောင်း၊ မလုပ်မဖြစ်၍ လုပ်ရ ခြင်းဖြစ်ပါကြောင်း။

 

Contact Tracing လုပ်ပြီး ထိတွေ့မှုရှိခဲ့သည့်သူများအားလုံးကို ရှာဖွေကာ Quarantine ထားရှိ စစ်ဆေးသည့်အတွက် မိမိတို့နိုင်ငံသည် ကိုဗစ်ကို ထိန်း ချုပ်နိုင်ခြင်းဖြစ်ပါကြောင်း၊ မိမိတို့ ပြည်သူအများစုသည် အိမ်ကျဉ်းကျဉ်း၊ တိုက်ခန်း ကျဉ်းကျဉ်းထဲတွင် နေထိုင်ကြရပါကြောင်း၊ ရှောင်လွှဲပြီးနေ၍မရသည့်အတွက် တစ်ဦးဖြစ်လျှင် ကျန်သည့် မိသားစုဝင်များကို ကူးစက်မည်ဖြစ်ပြီး ၎င်းတို့မှတစ် ဆင့် ဆက်စပ်မှုရှိသည့်သူများကို ကူးစက်မည်ဖြစ်ပါကြောင်း၊ ထိုသို့ မဖြစ်အောင် ကြိုတင်ကာကွယ်သည့်အနေဖြင့် ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ပြီး နိုင်ငံတော် အတွက်လည်း အကုန်အကျများပါကြောင်း၊ ပြည်သူတစ်ဦးချင်း တစ်ဦးချင်း၏ အသက်သည် တန်ဖိုးဖြတ်၍ မရပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်၏ ကုန်ကျ စရိတ်ကို ထည့်မတွက်ပါကြောင်း၊ ပြည်သူများအနေဖြင့်လည်း မိမိကိုယ်ကို တန်ဖိုးထားစေလိုပါကြောင်း ပြောကြားသည်။

 

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိဂုံးချုပ်အမှာစကား ပြော ကြားရာတွင် ကိုဗစ်ကို အောင်မြင်စွာထိန်းချုပ်ထားနိုင်သည့် အကြောင်းရင်း တစ်ခုမှာ စောစီးစွာ Quarantine ထား၍ ရောဂါပိုးတွေ့သူများကို ကုသမှုပေး သောကြောင့် ဖြစ်ပါကြောင်း၊ အစောပိုင်းတွင် ပြန့်ပွားမှုနည်းပြီး ယင်းပြန့်ပွား သည့်အထဲမှ ခြောက်ဦးသာ အသက်ဆုံးရှုံးသည့်အတွက် ပေါ့ဆကြပါကြောင်း။

 

ကိုဗစ်ကို အောင်မြင်စွာထိန်းချုပ်ထားနိုင်ရန် အားလုံးဝိုင်းဝန်းဆောင်ရွက် ကြရန် လိုအပ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ရောဂါပိုးကူးစက်နေသည့် လူဦးရေ ၄ဝဝ ရှိပြီဖြစ်ပါကြောင်း၊ မြို့နယ်အတွင်းတွင် ရောဂါတွေ့ရှိသူ လူသုံးဦး ကျော်ပါက Stay at Home လုပ်ပါကြောင်း၊ သုံးဦးကျော်သည့် မြို့နယ်များသည် လည်း များပြားလာပါကြောင်း၊ ရန်ကုန်မြို့ နေရာအများအပြားတွင် Stay at Home အစီအစဉ် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ရန်ကုန်သူ၊ ရန်ကုန်သားများ အနေဖြင့် ယခုအချိန်တွင် မိမိတို့၏အစွမ်းကို ပြသရမည့်အချိန်ဖြစ်ပါကြောင်း၊ အားလုံးဝိုင်းဝန်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း။

 

အဓိကမှာ ပြည်သူဖြစ်ပြီး ပြည်သူများပါဝင်မှသာ အောင်မြင်နိုင်မည် ဖြစ်ပါ ကြောင်း၊ တစ်ဦးချင်းတစ်ဦးချင်းသည် မိမိကိုယ်တိုင်တင်သာမက ပတ်ဝန်းကျင် ကိုလည်း ကာကွယ်ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် အတတ်နိုင် ဆုံး ပံ့ပိုးပေးမည်ဖြစ်ပါကြောင်း၊ ပံ့ပိုးပေးသမျှသည် ထိရောက်မှုရှိစေရန်လည်း မိမိတို့ပြည်သူများအနေဖြင့် ဝိုင်းဝန်းဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာသည် အများဆုံးအမုန်းခံရပါကြောင်း၊ ယခုကဲ့သို့ အခြေ အနေတွင် ပြည်သူများအကျိုးအတွက် ဆောင်ရွက်နိုင်မည်ဆိုပါက အမုန်းခံရ သည့်ဌာနမှ အချစ်ခံရသည့်ဌာနဖြစ်သွားမည် ဖြစ်ပါကြောင်း၊ အစိုးရဌာနများ သည် ပြည်သူများအားကိုးယုံကြည်သည့် ဌာနဖြစ်ရမည် ဖြစ်ပါကြောင်း။

 

ရခိုင်ပြည်နယ်တွင် နောက်ဆုံးစာရင်းအရ ရောဂါပိုးတွေ့ရှိသူ ၃၉၈ ဦး ဖြစ်ပါကြောင်း၊ ရန်ကုန်မြို့တွင် ၄ဝဝ ဖြစ်ပါကြောင်း၊ အင်းစိန်မြို့နယ်တွင် ၆၂ ဦးနှင့် လှိုင်မြို့နယ်တွင် ၄၉ ဦး ဖြစ်ပြီး များပြားလာပါကြောင်း၊ ထိုသို့ များပြား လာမှုကို ကြောက်ရန်မလိုပါကြောင်း၊ ပို၍ စည်းကမ်းလိုက်နာရန် လိုအပ်ပါ ကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် ဥပဒေနှင့်ပတ်သက်၍ တင်းကျပ်စွာ ကိုင်တွယ်ရမည်ဖြစ်ပါကြောင်း၊ တာဝန်မဲ့သည့် လုပ်ရပ်များကို မနှစ်သက်ပါ ကြောင်း၊ ဥပမာအားဖြင့် ကန့်သတ်ထားသည့်ကြားမှ နိုက်ကလပ်များ ဖွင့်လှစ် ခြင်း စသည်တို့သည် များစွာတာဝန်မဲ့ပြီး ပြည်သူနှင့် နိုင်ငံအပေါ် စေတနာ နည်းသည်ဟု သတ်မှတ်ရမည်ဖြစ်ပါကြောင်း၊ ယင်းတို့ကို တင်းကျပ်စွာ အရေးယူ ရမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံကို ကာကွယ်ရမည်ဆိုသည့် စိတ်ဖြင့် အရေးယူ ရမည်ဖြစ်ပါကြောင်း၊ ဥပဒေဆိုသည်မှာ ရပ်ရွာတည်ငြိမ်ရေးအတွက် ထားရှိခြင်း ဖြစ်ပါကြောင်း၊ ပြည်သူများကို ဒဏ်ပေးရန် မဟုတ်ပါကြောင်း၊ သို့သော် ရပ်ရွာ မတည်ငြိမ်သည့်ကိစ္စရပ်များ လုပ်ဆောင်မည်ဆိုပါက ယင်းသို့ အကျိုးဆက် များရှိမည်ကို အများနားလည်ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဥပဒေ၏ အကျိုး ဆက်များသည် မည်သည့်အရာများဖြစ်သည်ကို ပြည်သူများ နားလည်ရမည်ဖြစ် ပါကြောင်း၊ မည်သည့်အတွက် ယင်းဥပဒေများ ပြဋ္ဌာန်းသည်ကို နားလည်ရမည် ဖြစ်ပါကြောင်း၊ ယင်းတို့ကို နားလည်စေရန် ဆောင်ရွက်ပေးရမည့် တာဝန်မှာ အစိုးရဌာနများအားလုံးတွင် တာဝန်ရှိပါကြောင်း။

 

ယခုတွင် ကိုဗစ်ရောဂါထပ်မံမပြန့်ပွားစေရန် အားလုံးဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်စေလိုပါကြောင်း၊ ဌာနအသီးသီးမှ ဝန်ထမ်းများ တာဝန်ကျေပွန် ရုံသာမက ပြည်သူတစ်ယောက်ချင်းသည်လည်း တာဝန်ကျေပွန်စေလိုပါကြောင်း၊ ရခိုင်နှင့် စစ်တွေဘက်မှ လာရောက်သည့် ပုဂ္ဂိုလ်များနှင့် ထိတွေ့မှုရှိခဲ့ပါက သတင်းပေးရန်နှင့် ထိတွေ့မှုရှိသည့်သူများအကြောင်း သိရှိပါကလည်း အသိပေး ရန်လိုအပ်ပါကြောင်း၊ ယင်းမှာ တိုင်ကြားခြင်းမဟုတ်ဘဲ အများကို ကာကွယ် ခြင်းဖြစ်ပါကြောင်း၊ Quarantine ဝင်ရမည်မှာ ကြောက်စရာမဟုတ်ပါကြောင်း၊ မိမိသည် ရောဂါရှိသည့်သူများနှင့်ထိတွေ့မှုရှိခဲ့သည်ဟု ပြောရုံဖြင့် ဒုက္ခမရောက်ပါ ကြောင်း၊ Quarantine ဝင်ရုံပင်ဖြစ်ပြီး ကုသမှုလိုအပ်ပါက ရယူနိုင်ပါကြောင်း၊ ထို့ကြောင့် အားလုံးဝိုင်းဝန်း ကြိုးစားပေးရန်လိုအပ်ပါကြောင်း၊ ယခုဌာန သုံးခု ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ ပြည်သူလူထုကိုလည်း ဝိုင်းဝန်းကူညီနေသည့် We Love Yangon ကဲ့သို့အဖွဲ့များ၊ တခြား စေတနာ့ဝန်ထမ်းများ၊ မိမိတို့ကို နားလည်မှုပေးပြီး လိုလားစွာဖြင့် ပူးပေါင်းဆောင်ရွက်သည့် ပုဂ္ဂိုလ်များ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

 

 

သတင်းစဉ်