ကိုဗစ်ကို အန်တုနိုင်ဖို့

Type

သိုက်စိုးထွန်း(နတ်ရွာ)
==============

 

ကမ္ဘာမှာရော   မြန်မာမှာပါ   ဆိုးဆိုးရွားရွားဒုက္ခပေး နေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီးကို အန်တုနိုင် ဖို့က လွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ ဘက်ပေါင်းစုံ က စဉ်းစားသုံးသပ်ပြီး  ပြည်သူအားလုံးရဲ့ ပူးပေါင်း ပါဝင်မှုနဲ့  အင်တိုက်အားတိုက် အန်တုတွန်းလှန်ကြ မှသာ  ကပ်ရောဂါကို ထိထိရောက်ရောက်ထိန်းနိုင် မှာပါ။ 
ကျန်းမာရေးဝန်ကြီးဌာနက  တစ်နေ့တစ်နေ့ ထုတ်ပြန်တဲ့   ဖြစ်ပွားမှု၊   သေဆုံးမှုစာရင်းတွေကို ကြည့်ရင် ကိုဗစ်ကပ်ဆိုးက ဘယ်လောက်တောင်       ရိုက်ခတ်နေပြီလဲဆိုတာ သိနိုင်ပါတယ်။    ဒါ့အပြင်   အကြောင်းကြောင်းတွေကြောင့်     ဝန်ကြီးဌာနက   ထုတ်ပြန်တဲ့စာရင်းမှာ   ပါမသွားတဲ့   ကိန်းဂဏန်း အချက်အလက်တွေလည်း    ရှိနေပါသေးတယ်။    ဥပမာအားဖြင့် ကျန်းမာရေးဝန်ကြီးဌာနနဲ့    အစိုးရ ဌာနဆိုင်ရာအဖွဲ့အစည်းတစ်ခုခုမှာ           စစ်ဆေးတဲ့ ကိန်းဂဏန်းအရေအတွက်တွေ၊ ရောဂါပိုးတွေ့ရှိမှု အရေအတွက်တွေအားလုံးက      ဝန်ကြီးဌာနရဲ့စာရင်းမှာပါဝင်ပေမယ့်     ပြင်ပအဖွဲ့အစည်းတွေနဲ့ စစ်ဆေးရာက            ပိုးတွေ့ရှိမှုအခြေအနေတွေ၊ ကိုယ့်ဘာသာ Test Kit  ဝယ်ပြီးစစ်ရာက တွေ့ရှိတဲ့ ကိန်းဂဏန်းတွေက ပါမလာနိုင်ပါဘူး။


သတင်းပို့ဖို့လို


ဒီနေရာမှာ သတိပြုဖို့လိုတာကတော့ ကိုဗစ်-၁၉ ရောဂါကို ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဥပဒေအရ ‘တိုင်ကြားရမည့် ကူးစက်ရောဂါ’အဖြစ် ကျန်းမာရေးဝန်ကြီးဌာနက      အမိန့်ကြော်ငြာစာ  ထုတ်ပြန်သတ်မှတ်ထားတဲ့အတွက်         ဘယ်လို နည်းလမ်းနဲ့ပဲ       စစ်ဆေးလို့တွေ့ရှိသည်ဖြစ်စေ    သက်ဆိုင်ရာဌာန/ အဖွဲ့အစည်းတွေဆီ သတင်းပို့ဖို့ လိုမှာပါ။ တချို့နေရာတွေမှာ ‘ဒီတွေ့ရှိမှုက တရား မဝင်ဘူး’ဆိုတဲ့ သဘောပြောနေတာတွေ ရှိတယ်လို့ ဆိုပါတယ်။ ရောဂါဖြစ်ပြီဆိုမှတော့ တရားဝင်သည် ဖြစ်စေ၊ မဝင်သည်ဖြစ်စေ လူကို ဒုက္ခပေးနိုင်ပုံချင်း ကတော့  အတူတူပါပဲ။    ပြင်ပက   စစ်လာတာကို လက်မခံတာက  ‘တိုင်ကြားရမည့် ကူးစက်ရောဂါ’ အဖြစ်  သတ်မှတ်ထားတဲ့    အမိန့်ကြော်ငြာစာနဲ့ လည်း ဆန့်ကျင်နေပါတယ်။    စစ်ဆေးထားတဲ့ရလဒ် ကို သံသယရှိတယ်ဆိုရင်လည်း   ဌာနက ထပ်စစ် လိုက်ရုံပါပဲ။


ပြင်ပမှာစစ်ဆေးတဲ့အဖြေကို   လက်ခံသင့်ပါ တယ်။  ပထမအချက်အနေနဲ့ ကျန်းမာရေးဘက်မှာ လူအင်အားနည်းနေချိန်ဖြစ်တဲ့အတွက် စစ်ဆေးလို သူအားလုံးကို        စစ်ဆေးပေးဖို့မလွယ်ပါဘူး။ တစ်မြို့နယ်လုံးမှာ         တာဝန်ထမ်းဆောင်ဆဲ  ဆရာဝန်တစ်ယောက်မှ မရှိတဲ့နေရာတချို့ရှိသလို ရှိတဲ့ဆရာဝန်ကိုယ်တိုင်   ကိုဗစ်ကူးစက်ခံထားရတာ မျိုးလည်း   ရှိပါတယ်။    ဆရာဝန်အပြင်     တခြား ကျန်းမာရေးဝန်ထမ်းလည်း    လျော့နည်းနေချိန် ဖြစ်ပါတယ်။ သံသယရှိသူအားလုံးကို ကျန်းမာရေး ဌာနက စစ်ဆေးပေးနိုင်ဖို့က စစ်ပေးနိုင်တဲ့သူ အလုံ အလောက်ရှိဖို့လိုတဲ့အပြင် စစ်ရမယ့်ပစ္စည်းပစ္စယတွေအတွက်ကလည်း         ကုန်ကျစရိတ်ရှိနေတဲ့ အတွက် ပြင်ပမှာစစ်ဆေးတာတွေကို ပြည်သူလူထု ပူးပေါင်းပါဝင်မှုတစ်ရပ်အဖြစ်      အသိအမှတ်ပြု လက်ခံပေးစေချင်ပါတယ်။ 


ရောဂါပိုးတွေ့ပြီးချိန်မှာလည်း ကုသရေးပိုင်း မှာ အခက်အခဲရှိပြန်ပါတယ်။ ဆေးရုံဆေးခန်းတွေ မှာရှိတဲ့    အခြေခံအဆောက်အအုံနဲ့       ရှိနေတဲ့ လူအင်အားကိုသုံးပြီး  မနားတမ်းကြိုးစားပမ်းစား ကုသပေးနေကြတာမှန်ပါတယ်။   ဒါပေမဲ့  လက်ခံ နိုင်တဲ့   အတိုင်းအတာထက်  ကျော်လွန်နေတဲ့အခါ အနံ့ပျောက်၊ အရသာပျောက်တာလောက်ကို ကိုယ့် အိမ်မှာကိုယ်နေရင်းကုသပြီး စိုးရိမ်စရာအခြေအနေ တစ်ခုခုဖြစ်မှ ဆေးရုံပြေးတက်ရတာမျိုးတွေ ရှိနေ ပါတယ်။ တကယ်တမ်းကျတော့  စိုးရိမ်ရတယ်၊ မစိုး ရိမ်ရဘူးဆိုတာကလည်း ဆရာဝန်ရဲ့သုံးသပ်ချက်က မှ   မှန်နိုင်မှာပါ။    သာမန်လူနာက     မသိနိုင်ပါဘူး။ အသက်ရှူကျပ်လာမှ၊ အမောဖောက်လာမှ၊ ကိုယ်အပူ ချိန် ၃၈  ဒီဂရီစင်တီဂရိတ်ကျော်လာမှ၊   သွေးတွင်း အောက်ဆီဂျင်ပမာဏ ၉၂ ရာခိုင်နှုန်းအောက် ကျလာ မှ လူနာတင်ယာဉ်ခေါ်ပြီး ဆေးရုံပြေးပေမယ့် လူနာရဲ့ အသက်ကို မကယ်နိုင်လိုက်တာမျိုးတွေ ရှိပါတယ်။


 လူနာတင်ယာဉ်နည်းတဲ့ နယ်မြို့တွေ၊ လူနာတင် ယာဉ် ရှိပေမယ့် ကိုဗစ်လူနာကို မတင်ဝံ့တဲ့နေရာတွေ၊ လူနာတင်ယာဉ်လုံးဝမရှိတဲ့    ကျေးလက်ဒေသတွေ အတွက်ဆိုရင်  တစ်ခုခုဖြစ်လာမှ  အချိန်မီထပြေးလာဖို့ ဆိုတာ တော်တော်ကိုအခက်အခဲရှိပါတယ်။ သာမို မီတာတို့၊ အောက်ဆီမီတာတို့ လုံးဝမရှိတဲ့    ဝေးလံ ခေါင်သီကျေးလက်ဒေသတွေမှာလည်း  ဒီကပ်ရောဂါ ဖြစ်ပွားနေတာမို့    ဒီအချက်ကိုလည်း  ထည့်သွင်း သုံးသပ်သင့်ပါတယ်။          ဆေးရုံဆေးခန်းလည်း  မရောက်နိုင်၊  ကိုယ့်ဘာသာစနစ်တကျကုဖို့လည်း ခက်ခဲနေသူတွေအတွက် အလွယ်တကူနားလည်နိုင် မယ့် ယေဘုယျသဘောအကြံပြုချက်တွေ လိုပါတယ်။ အိမ်မှာနေတဲ့ ပိုးတွေ့လူနာအတွက်  ဘယ်လိုနေထိုင် သင့်တယ်၊ ဘယ်လိုဆေးဝါးတွေ သောက်သုံးသင့် တယ်ဆိုတာကို  သက်ဆိုင်ရာဝန်ကြီးဌာနက   အကြံ ပြုချက်တွေ ဖြန့်ဝေပေးထားသင့်ပါတယ်။   ဥပမာ    ‘ပြည်သူသို့ အသိပေးပန်ကြားချက်’ လိုမျိုး၊    ‘အသွား အလာကန့်သတ်ခြင်းခံရပြီး မိမိအိမ်တွင်သာ နေထိုင် ရမည့်သူများအတွက် လမ်းညွှန်ချက်များ (အနှစ်ချုပ်)’  လိုမျိုး     အိမ်မှာနေတဲ့    ပိုးတွေ့လူနာတွေအတွက် လမ်းညွှန်ချက်တွေပေးသင့်ပါတယ်။


 ပိုပြီးအန္တရာယ်ကင်း


ကိုယ်တိုင်ကုသတာကို  ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကရော   တခြားကျန်းမာရေးအဖွဲ့အစည်း တွေပါ အားမပေးကြပါဘူး။ အားမပေးတာကလည်း မမှားပါဘူး။ အရမ်းကုနည်းနဲ့ကုရင်လည်း ပျောက်ဖို့ မသေချာပါဘူး။ ဒါပေမဲ့ လက်တွေ့အခြေအနေအရ ရောဂါဖြစ်ပွားသူအားလုံးကို   ကျန်းမာရေးဌာနက စောင့်ရှောက်မှုပေးနိုင်ဖို့    အခက်အခဲရှိနေတာကို လက်ခံရမှာပါ။ တချို့ ဖွံ့ဖြိုးပြီး နိုင်ငံကြီးတွေမှာတောင် လူနာက ကိုယ့်အိမ်မှာကိုယ်နေရင်း ကိုယ့်အခြေအနေ ကိုယ်စစ်ဆေးပြီး ကျန်းမာရေးဌာနကို ပုံမှန်သတင်း ပို့နေရတဲ့စနစ်မျိုး  ကျင့်သုံးတာတွေ ရှိတယ်လို့သိရ ပါတယ်။ ဒီတော့ ကိုယ့်နိုင်ငံမှာ ကျန်းမာရေးဝန်ထမ်း အားနည်းနေချိန်၊ ဒီလိုစနစ်မျိုးကို တရားဝင်ကျင့်သုံး တဲ့အတွက်  အရမ်းကုနည်းနဲ့စာရင်   ပိုပြီးအန္တရာယ် ကင်းပါလိမ့်မယ်။      ဒါကြောင့်       အိမ်မှာနေပြီး ကိုယ့်ဘာသာသက်သာအောင်   ကြိုးစားမယ့်သူတွေ အတွက်   လမ်းညွှန်ချက်တွေ၊    အကြံပြုချက်တွေ တရားဝင်ထုတ်ပြန်ပေးရပါမယ်။


ဆိုရှယ်မီဒီယာမှာတော့    အကြံပြုချက်တွေ အများကြီးရှိနေပါတယ်။ အောက်ဆီဂျင်ကျရင် ခွေး တောက်ရွက်ရှူရမယ်လို့ အကြံပြုတဲ့သူလည်းရှိတယ်၊ ခွေးတောက်ရွက်ရှူရင် အန္တရာယ်ရှိတယ်လို့ ပြောတဲ့ သူလည်းရှိတယ်။ မာလကာသီးစားရင် အောက်ဆီဂျင် တက်တယ်လို့    ဆိုသူလည်းရှိတယ်။  ဝမ်းလျား မှောက်အိပ်ပါလို့     တိုက်တွန်းတဲ့သူလည်းရှိတယ်၊ အဲဒီလိုအိပ်လို့ ဘယ်ဖြစ်မှာတုံးလို့ ပြောတဲ့သူလည်း ရှိလေရဲ့။ လူနာက ဘာကိုယုံပြီးဘယ်လိုနေရမယ်မှန်း မသိဘဲဖြစ်သွားရော။    ဒါကြောင့်     လူနာအတွက် လမ်းညွှန်ချက်   လိုအပ်ပါတယ်။     ဘာဆေးတွေ သောက်ရမလဲ၊    ဘယ်လိုနေထိုင်ရမလဲ၊     ဘာတွေ စားသောက်သင့်သလဲ၊ ဘာတွေ  ရှောင်သင့်၊  ဆောင် သင့်သလဲ စသဖြင့်ပေါ့။


Home Quarantine နေနိုင်ဖို့


နောက်တစ်ချက်ကတော့    လူနာတွေနေမယ့် နေရာပါ။   အိမ်မှာနေဖို့အတွက်    ကိုယ်ပိုင်ခြံဝင်းနဲ့ လုံးချင်းအိမ်၊  လူနေကျဲပါးတဲ့ရပ်ကွက်၊    ရေချိုးခန်း၊ အိမ်သာ တွဲလျက်ပါတဲ့ သီးခြားအခန်းရှိရမယ် ဆိုပေ မယ့် မြို့ပြဆင်ခြေဖုံးက အခြေခံလူတန်းစားတွေနဲ့ ကျေးလက်နေပြည်သူတွေအတွက်က   စံသတ်မှတ် ချက်တွေနဲ့အညီ Home Quarantine နေနိုင်ဖို့ ခက်ပါ တယ်။ ဒါကြောင့်   အနယ်နယ်အရပ်ရပ်မှာရှိနေတဲ့ အခြေခံပညာကျောင်းတွေကို   ရပ်ရွာက   လိုအပ်တဲ့ အချိန်မှာအသုံးပြုနိုင်ဖို့        ခွင့်ပြုပေးသင့်ပါတယ်။ ကျောင်းတွေက  ရက်အကန့်အသတ်မရှိ     ပိတ်ထား ပြီး    ကပ်ရောဂါကို အတန်အသင့်ထိန်းချုပ်နိုင်ချိန်ကျ မှ ပြန်ဖွင့်မယ်ဆိုရင် ကြားကာလအတွင်းမှာ  ကုသဖို့ နေရာ၊ အသွားအလာကန့်သတ်ဖို့နေရာအဖြစ် အသုံး ပြုနိုင်မှာဖြစ်ပါတယ်။


ကပ်ရောဂါကို အန်တုနိုင်ဖို့အတွက် လုပ်ဆောင် စရာအချက်အလက်တွေ အများကြီးရှိပါတယ်။ လူစုလူဝေးရှောင်ကြဉ်ဖို့      အကြံပြုထားပေမယ့် စားဝတ်နေရေးအရ မရှောင်နိုင်ဘဲဖြစ်နေတာတွေ၊ လူစုလူဝေးအခမ်းအနားတွေ မလုပ်ကြဖို့ တားမြစ် ထားပေမယ့်          အကြောင်းကြောင်းတွေကြောင့်  ပွဲကျင်းပနေကြတာတွေ၊  ပုံစံမျိုးစုံနဲ့   စုဝေးနေကြ တာတွေ    ရှိနေပါတယ်။    ထိန်းသင့်တာတွေကို ထိန်းကြရမှာဖြစ်သလို ဖြစ်နိုင်သမျှပူးပေါင်းပါဝင် လိုက်နာပေးကြရမှာပါ။
‘ပညာရှာ ပြည်သာမှ၊ စီးပွားရှာ ပြည်နာမှ’တဲ့။ ကပ်ရောဂါဆိုးကြောင့်            ကိုယ့်ပြည်သာမက တစ်ကမ္ဘာလုံး   အထိနာနေတဲ့အချိန်မှာ     အခြေခံ စားသောက်ကုန်တွေသာမက    ဆေးဝါးတွေ၊ နှာခေါင်းစည်းတွေ၊    လက်သန့်ဆေးတွေလည်း သိသိသာသာဈေးတက်လာကြပါတယ်။   တချို့ ရောင်းတဲ့သူတွေကျတော့လည်း ‘ဝယ်ရင်းဈေးကို က တက်နေတော့ တင်ရောင်းရတော့တာပဲဗျာ’တဲ့။ သာမန်လက်လုပ်လက်စား    အခြေခံလူတန်းစား တစ်ယောက်က  အပြင်ထွက်တိုင်း နှာခေါင်းစည်း အသစ်တပ်သွားပြီး             အိမ်ပြန်အရောက်မှာ သုံးပြီးသားနှာခေါင်းစည်းကို   စွန့်ပစ်နိုင်ဖို့ အခက် အခဲရှိပါတယ်။ ဈေးတွေကကြီးနေတာ။ စားရေး သောက်ရေးမှ   အနိုင်နိုင်မဟုတ်လား။  ဘာဆေး ညာဆေးတွေ         ကြိုသောက်ထားသင့်တယ်               ဆိုပြန်တော့      မကြားဖူးတဲ့ဈေးနှုန်းတွေအထိ          

တက်နေကြပြီလေ။ 


ဝင်ငွေနည်းပြည်သူတွေကို ငဲ့ညှာသင့်
စီးပွားရေးလုပ်တယ်ဆိုတာကတော့   အကျိုး အမြတ်အတွက်ပါပဲ။ ဒါပေမဲ့ အကျိုးအမြတ်ကိုချည်း ရှေ့တန်းတင်ပြီး   အဆမတန်ဈေးမြှင့်ရောင်းတာ တွေကိုတော့   အထူးသဖြင့်   ကပ်ဘေးကျရောက် နေတဲ့အချိန်မှာ ရှောင်ရှားသင့်ပါတယ်။ ဝင်ငွေနည်း ပြည်သူတွေကို ငဲ့ညှာသင့်ပါတယ်။ 
စီးပွားရေးသမားအားလုံး ကိုယ်ကျိုးကြည့်ပြီး ဈေးတွေ   အဆမတန်တက်နေကြတာမျိုးတော့ မဟုတ်ပါဘူး။  ကြက်ဥတစ်လုံး   တစ်ရာ့ငါးဆယ် နှစ်ရာအထိဖြစ်နေချိန်မှာ      တစ်လုံးတစ်ရာနဲ့ ရောင်းပေးတာတွေ၊      အခမဲ့ဝေငှပေးတာတွေ လုပ်နေတဲ့ လုပ်ငန်းရှင်ကြီးတွေလည်း  အများကြီး ရှိကြပါတယ်။   တကယ်ကို ချီးကျူးဂုဏ်ပြုသင့်တဲ့ လုပ်ရပ်တွေပါပဲ။


ကပ်ရောဂါထိန်းချုပ်ရေးကို နိုင်ငံအသီးသီးက ပုံစံအမျိုးမျိုးနဲ့  ချဉ်းကပ်ကိုင်တွယ်ဖြေရှင်းနေကြ ပါတယ်။  တခြားနိုင်ငံတွေမှာ    အားနည်းချက်၊ အားသာချက်တွေရှိသလို        ကိုယ့်နိုင်ငံမှာလည်း အားနည်းချက်၊    အားသာချက်တွေရှိပါတယ်။ အားနည်းချက်ကတော့ ကျန်းမာရေးဝန်ထမ်းမလုံလောက်မှုပြဿနာနဲ့     အခြေခံအဆောက်အအုံ မပြည့်စုံမှုပြဿနာပါ။            လူ့စွမ်းအားအရင်း အမြစ်ကတော့          ရေတိုကာလအတွင်းမှာ   ဖြည့်ဆည်းဖို့  မလွယ်ပါဘူး။ ရှိတဲ့အရင်းအမြစ်ကို အထိရောက်ဆုံး အသုံးပြုကြရမှာပါ။ လက်ရှိတာဝန် ထမ်းဆောင်ဆဲ   ကျန်းမာရေးဝန်ထမ်းတွေလည်း    ဘယ်လောက်ပင်ပန်းနေကြမလဲဆိုတာ        အားလုံး အသိပါပဲ။                         
                           

 


ဝန်ထမ်းမလုံလောက်တဲ့       ပြဿနာအတွက် စေတနာ့ဝန်ထမ်းတွေရဲ့       ပူးပေါင်းပါဝင်မှု အားကောင်းလာစေမယ့်အစီအစဉ်တွေ အကောင် အထည်ဖော်ဆောင်ရွက်သင့်သလို ပြင်ပပရဟိတ အဖွဲ့အစည်းတွေက အခမဲ့ဖြစ်စေ၊ အခပေးစနစ်နဲ့ ဖြစ်စေ  စစ်ဆေးပေးနေတာတွေကိုလည်း   အသိ အမှတ်ပြုပေးသင့်ပါတယ်။  အခြေခံအဆောက်အအုံ မပြည့်စုံမှုအတွက်လည်း စာသင်ကျောင်းလို၊ ခန်းမ လို   အဆောက်အအုံတွေကို  ထည့်သွင်းအသုံးပြု ခြင်းအားဖြင့်  အတန်အသင့် ပြေလည်စေမှာဖြစ်ပါ တယ်။


အားသာချက်အနေနဲ့ကတော့      ကပ်ရောဂါ ထိန်းချုပ်ရေးအတွက် တတ်စွမ်းသမျှ ပါဝင်လှူဒါန်း နေကြသူတွေရှိသလို   အသက်ကို    မငဲ့ကွက်ဘဲ ကိုယ့်စရိတ်ကိုယ်စားပြီး   လူနာပို့ဆောင်ပေးနေသူ တွေ၊   သေဆုံးသူတွေကို  သင်္ဂြိုဟ်ပေးနေတဲ့အဖွဲ့ အစည်းတွေရှိနေတာပါပဲ။      မြန်မာ့စိတ်ရင်းက တကယ်ကို လေးစားကြည်ညိုစရာကောင်းပါတယ်။ ကိုယ်နဲ့ကိုယ့်မိသားစုအတွက်ငဲ့မနေနိုင်ဘဲ၊    ရောဂါ ကူးစက်မယ့်အန္တရာယ်ကိုတောင် မမှုနိုင်ဘဲ    အများ အကျိုးအတွက် ကူညီဆောင်ရွက်နေတဲ့   ပုဂ္ဂိုလ်မွန် တွေ  အများကြီးရှိနေကြပါတယ်။    ဒါက    တကယ့်ကို ဂုဏ်ယူစရာအချက်တစ်ခုပါ။


လက်ရှိကျင့်သုံးနေတဲ့     ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေက ၁၉၉၅ ခုနှစ် မတ်လ ၂၀ ရက်နေ့က   ပြဋ္ဌာန်းခဲ့တာပါ။   ကာလရွေ့လျော လာတာနဲ့အမျှ  အားနည်းချက်အချို့လည်းရှိနေပါ တယ်။ ဒီအတွက် ဥပဒေသစ်ပြဋ္ဌာန်းဖို့ ဥပဒေကြမ်း အသင့်ရှိနေတာကြာပြီဖြစ်ပါတယ်။ ဥပဒေကြမ်းက တည်ဆဲဥပဒေထက် အားသာချက်တွေရှိနေတာကို လည်း တွေ့ရပါတယ်။


စဉ်းစားစရာတွေကတော့ အများကြီးပါ။ ဖြစ်နိုင် ခြေရှိတာတွေကို         အားလုံးထည့်သွင်းစဉ်းစားပြီး လက်တွေ့ကျတာတွေကို အားလုံးပူးပေါင်း အကောင် အထည်ဖော်ကြည့်ကြရမှာပါပဲ။


‘ကွေးသောလက်မဆန့်မီ၊    ဆန့်သောလက် မကွေးမီ’သေခြင်းတရားက  ရောက်လာနိုင်တယ် ဆိုတာ ဒီကနေ့ လက်တွေ့မျက်မြင်ပါ။ သတင်းစာရဲ့ နာရေးကြော်ငြာတွေကို ကြည့်လိုက်ရင်၊ လူမှုကွန်ရက် ပေါ်က  နာရေးသတင်းတွေကို    ကြည့်လိုက်ရင်    ကိုယ်နဲ့မသိတဲ့သူတွေရော၊   ကိုယ်နဲ့ရင်းနှီးချစ်ခင် ရသူတွေပါ နေ့စဉ်နဲ့အမျှ လူ့လောကကြီးကို စွန့်ခွာ သွားကြတာကို  တွေ့နိုင်ပါတယ်။    ဒီကပ်ဆိုးကို    ကြိုးစားပြီးအန်တုနိုင်မှ တန်ကာကျတော့မယ်ဆိုတာ လည်း ပြောစရာမလိုတော့လောက်အောင်ပါပဲ။


ကိုဗစ်ကိုအန်တုနိုင်ဖို့      အားလုံးကြိုးစားကြ ပါစို့။    ။