
အောင်နီ
===
ကျွန်တော်တို့ ရပ်ကွက်က လူတန်းစား အလွှာစုံတဲ့ တိုးချဲ့ရပ်ကွက်တစ်ခု။ တိုက်နဲ့ ခြံနဲ့နေတဲ့သူရှိသလို တစ်နေ့ လုပ် တစ်နေ့စား အလုပ်သမားတွေ လည်းရှိတယ်။ ဘဝစုံတဲ့ မြို့တစ်ခုက ရပ်ကွက်တစ်ခုသာ။ ကျွန်တော်ဆိုချင် တာက ဘဝတစ်ခုစီရဲ့ ဇာတ်လမ်းတစ်ခု စီမှာ လှုပ်ရှားကြရင်း မောပန်းတဲ့ ညည်းတွားသံတွေ ခုတလော ကျယ်လောင်လာတဲ့အတွက် တင်ပြလို ရင်းဖြစ်ပါတယ်။
“ကိုဗစ်နဲ့ အလုပ်မဖြစ်ဘူး”
“ကိုဗစ်ကြောင့်”
ကိုဗစ်ကြောင့် စီးပွားရေးက အရင်လို တာမသွားတာကတော့ လူအများစုပါ။ ကိုဗစ်ကို ခုတုံးလုပ်ပြီး တစ်မူးသာချင်တဲ့သူတွေကြောင့် တခြား သူတွေ ပိုခက်ခဲရတဲ့ အခြေအနေတွေ ကိုလည်း ရပ်ထဲရွာထဲ ကြားနေရပါ တယ်။ ကျွန်တော်နဲ့ အနီးဆုံး ဇာတ်လမ်း ကတော့ ကျွန်တော့် အိမ်နီးနားချင်း မထွေးတို့ ဇာတ်လမ်းပါ။ မထွေးရဲ့ Mask ဇာတ်လမ်းလို့ ခေါင်းစဉ်တပ်ရ မလို။ ကလေးပလုံစီနဲ့ မထွေးတို့ မိသားစုဟာ မိသားစုကြီးတစ်ခု။ ပန်းရောင်းပြီး အသက်မွေးတဲ့ မထွေးတို့ မိသားစုဟာ ပြေလည်တယ်လို့ မဆို သာ။ ကိုဗစ်ကာလဆိုပေငြား စားဝတ် နေရေးအတွက် အပြင်ထွက်ပြီး တစ်နေ့တာ လက်လှုပ်၊ ခြေလှုပ်မှ ပါးစပ်လှုပ်နိုင်မည်မို့ မထွေးတို့လည်း Mask တပ် ထွက်ကြရသည်။ သို့သော် တပ်ပုံက တစ်မျိုး။ တစ်အိမ်လုံး တစ်နေ့ တစ်ယောက် တစ်ခုစီသာ။
ကျွန်တော် မေးကြည့်တဲ့အခါ “မတပ်မဖြစ်လို့သာ တပ်ရတာ၊ Mask က ဈေးတက်နေပြီလေ၊ အိမ်က လူပေါက်စေ့ အပြင်ထွက်တိုင်း တပ်လိုက်၊ ပစ်လိုက်နဲ့ ဆို တစ်လ လေးဘူး၊ ငါးဘူး အသာလေး၊ စားဖို့ရှာရတာအပြင် Mask ဖိုးပါ ရှာရရင် သေမှာပေါ့” လို့ မထွေးက ဆိုပါတယ်။ တပ်တော့ တပ်ပေမယ့် အပြင်က ပြန်လာရင် မစွန့်ပစ်ဘဲ အိမ်ထဲသယ်၊ ကိစ္စရှိသေးရင် ထပ်ပြီး တပ်နဲ့ Mask ချွေတာရေးလမ်းစဉ်ကို စာနာမိပါတယ်။ ဟုတ်တော့လည်း ဟုတ်ပေသားပဲ။ Mask တစ်ဘူးကို ငွေကျပ် ၃၀၀၀ အထိ ဈေး တက်သွားတာ ရက်ပိုင်းအတွင်းပင်။
ဝမ်းသာဝမ်းနည်းဖြစ်ရ
“အစ်မရယ် အဲဒါဆိုလည်း လှူတာ ကျတော့ ဘာလို့မယူလဲ” မေးမိတော့ မထွေးအဖြေကြောင့် ဝမ်းသာဝမ်းနည်း ဖြစ်ရပါတယ်။ “ဒီကာလမှာ မယူပါဘူး၊ ကိုယ့်ထက်လိုတဲ့သူတွေ အပုံကြီး၊ ကိုယ် ယူရင် သူတို့ဖို့ နည်းသွားလိမ့်မယ်”ဟူသော အဖြေ။ မထွေးမိသားစုမှာ လိုအပ်တဲ့ ကွက်လပ်တွေ အများကြီးဖြစ်ပေမယ့် ပိုလိုအပ်မယ့်သူတွေအတွက် စာနာပေးတဲ့ မထွေးကို လေးစားမိပါတယ်။ ကျွန်တော့် အိမ်နီးနားချင်းကို တတ်နိုင်သမျှ အစွမ်း ကုန် ကူညီဖို့ ဆုံးဖြတ်လိုက်ပါတယ်။
“အစ်မရဲ့ Mask ချွေတာရေး လမ်းစဉ်က ရောဂါကူးနိုင်တယ်” လို့ ကျွန်တော်သတိပေးတော့လည်း လက်ခံ ပါတယ်။ “ကျေးဇူးပါ ငါ့မောင်ရယ်၊ အိမ်ထဲ မသယ်တော့ဘူး၊ ထပ်လည်း မသုံးတော့ ဘူး၊ ကျန်းမာရေးနှင့်အညီ သုံးမယ်” ဟု မထွေးဆိုတော့ ဝမ်းသာမိပါတယ်။ သူ့ အတွက် ဝမ်းသာမိသလို ဆေးဝါးတွေကို ဈေးတင်၊ Mask ကို ဈေးတင်၊ စားသောက် ကုန်ကို ဈေးတင်နဲ့ အမြတ်အစွန်းတစ်ခု သာ ကြည့်သူတွေအတွက် ဝမ်းနည်းမိပါ တယ်။
ကပ်ရောဂါကာလမှာ Mask တွေ လှူကြ၊ ဆေးတွေလှူကြ၊ စားသောက် စရာလှူကြ၊ ပိုက်ဆံလှူကြနဲ့ တတ်နိုင် သူက တတ်နိုင်သလောက် လှူနေကြတာ ဖြစ်ပါတယ်။ အမြတ်အစွန်းကို မကြည့်ဘဲ လှူတဲ့သူတွေ အဆင်ပြေဖို့၊ စားသုံးတဲ့သူ တွေ အဆင်ပြေဖို့ စာနာလုပ်ကိုင်တဲ့သူ တွေလည်း အများကြီးပါ။ ဒီလိုမဟုတ်ဘဲ ကိုယ့်ဖို့ တစ်ဖို့တည်းကိုပဲ ကြည့်တတ်သူ တွေလည်း ရှိနေပါတယ်။ ဒီလို ကပ်ရောဂါ ကာလမှာ ကိုယ်ဖို့ တစ်ဖို့တည်း၊ အမြတ် အစွန်းရဖို့ တစ်ခုတည်း မကြည့်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ပိုခက်ခဲတဲ့ ဘဝတွေအတွက် အမြတ်ကြီးစားရဖို့ မမျှော်ဘဲ “မလှူနိုင် ဈေးရောင်း” ဆိုသလို တတ်အားသမျှ ကူညီပေးစေလိုပါ တယ်။
အောင်မြင်သူဆိုတာ လူသားအချင်း ချင်း စိတ်ဝင်စားသူ၊ လူ့အဖွဲ့အစည်း အကျိုးအတွက် တစ်ထောင့်တစ်နေရာက ပါဝင်ပေးသူဖြစ်တယ်လို့ စိတ်ပညာရှင် ဘဲလ်ဖရက် ဒက်ဒလာ ပြောဆိုထားတာကို ဖတ်ဖူးပါတယ်။ ဒီသဘောတရားက ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာ ရှိပြီးသား၊ လူသိများပြီးသားဖြစ်တဲ့ မြတ်ဗုဒ္ဓရဲ့ အဆုံးအမတစ်ခုပါ။ မြတ်ဗုဒ္ဓက ….
အတ္တနာ ဟိ ကတံ ပါပံ၊ အတ္တဇံ အတ္တသမ္ဘာဝံ။
အဘိမတ္ထတိ ဒုမ္မေဓံ၊ ဝဇီရံဝသ္မမယံ မဏိ။ လို့ ဟောကြားထားပါတယ်။
အဓိပ္ပာယ်ရင်းကတော့ ကျောက်မှ ဖြစ်တဲ့ ဝဇီရစိန်ဟာ ဖြစ်ပေါ်ရာဖြစ်တဲ့ ကျောက်သားကိုစားပြီး အပိုင်းပိုင်းပြု သလို မိမိကိုယ်တိုင်ပြုလုပ်ထားတဲ့ မကောင်းမှုကံဟာ ဖြစ်ပေါ်ရာဖြစ်တဲ့ မိမိ ကို နှိပ်စက်ဖျက်ဆီးတယ်လို့ ဟောကြား ထားတာကို ဖတ်မှတ်သိရှိရပါတယ်။ သူတစ်ပါးအပေါ်ကို မတရားဖြစ်စေတာ ဟာ မကောင်းတဲ့ကံကို ဖြစ်စေတဲ့အတွက် ဒီကံအတိုင်း အကျိုးပြန်ပေးတတ်ပါ တယ်။ ဒါကြောင့် မကောင်းတဲ့ကံတွေ မပြုမိအောင် မြတ်ဗုဒ္ဓက ကောင်းမှုတစ်ခု နေ့စဉ်ပြုဖို့ အဆုံးအမပြုထားတာလည်း ဗုဒ္ဓဘာသာဝင်တိုင်း သိပြီးသားပါ။
သူများဒုက္ခရောက်အောင်မလုပ်
ကိုယ်ရဲ့ ဘဝမှာ နေ့စဉ် လူတစ်ဦး တစ်ယောက်ဖြစ်စေ၊ အများစုအပေါ် ဖြစ် စေ အားပေးတာ၊ ကူညီတာ၊ စာနာနှစ်သိမ့် တာ ဒါတွေဟာလည်း သူတစ်ပါးအကျိုး ရှေးရှုပေးတာဖြစ်လို့ ကောင်းမှုတွေပါပဲ။ မကူညီနိုင်တောင် သူများဒုက္ခရောက် အောင် မလုပ်ဖို့ကတော့ အရေးကြီးဆုံး ဖြစ်ပါတယ်။ ကိုယ့်စီးပွားပြည့်စုံဖို့ ကြိုးစားတာမှန်ပေမယ့် သူတစ်ပါး အခက် အခဲဖြစ်သွားရင် မကောင်းတော့တာကို သတိပြုကြရမှာဖြစ်ပြီးတော့ ဒီလို အခက်အခဲများတဲ့ ကပ်ရောဂါကာလမှာ ပိုပြီး သတိပြုသင့်ပါတယ်။
လက်ရှိအစိုးရအနေနဲ့ ကိုဗစ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်း တွေ၊ ဆေးဝါးတွေနဲ့ စားသုံးကုန်ပစ္စည်း တွေကို ဈေးမြှင့်မရောင်းဖို့ ကြေညာထား ပြီးသားပါ။ တကယ်လို့ ဈေးနှုန်းမြှင့်တင် ရောင်းချတာ၊ ဖြန့်ဖြူးတာ သို့မဟုတ် ဈေးကစားဖို့ ရည်ရွယ်ချက်နဲ့ သိုလှောင် တာတွေဆောင်ရွက်နေတာကို စိစစ်တွေ့ ရှိရရင် အရေးကြီးကုန်စည်နှင့် ဝန်ဆောင် မှုဥပဒေအရ အရေးယူခံရမှာပါ။
ကပ်ရောဂါကာလ အများပြည်သူ အကျိုးမရှိစေမယ့် သတင်းအမှားတွေ ဖြန့်ဝေနေတာကိုလည်း သတိပြုဆင်ခြင် သင့်ပါတယ်။ ကိုဗစ်−၁၉ ရောဂါ ကာကွယ် ရေး၊ ကုသရေးဆိုင်ရာ ဆေးဝါးနဲ့ ဆေး ကိရိယာပစ္စည်းတွေဖြစ်တဲ့ နှာခေါင်း စည်း၊ လက်အိတ်၊ PPE၊ အောက်ဆီဂျင် ဘူး၊ အောက်ဆီဂျင်စက်တွေကို တင်သွင်း ခွင့်ရပ်ဆိုင်းတယ်ဆိုတဲ့ ပြည်သူတွေ အထိတ်တလန့်ဖြစ်စေမယ့် သတင်းမှား တွေကိုလည်း အခွင့်အရေးသမားတွေ က တမင်ဖြန့်ဝေလျက်ရှိပါတယ်။
အမှန်မှာတော့ ကိုဗစ်ရောဂါ ကုသရေးအတွက် လိုအပ်နေတဲ့ Oxygen Concentrator တင်သွင်းမှု တွေကို FDA ထောက်ခံချက်နဲ့ သွင်းကုန် လိုင်စင်လျှောက်ထားဖို့ မလိုအပ်တော့ ဘဲ တင်သွင်းနိုင်အောင် ဖြေလျှော့လိုက် ပါပြီ။ တင်သွင်းလို့ ရောက်ရှိလာရင် လည်း အကောက်ခွန် သုံးရာခိုင်နှုန်း အတွက် လက်ငင်းပေးဆောင်ဖို့ မလိုဘဲ ပစ္စည်းကို ကြိုတင်ချက်ချင်းထုတ်ယူနိုင် တယ်လို့ သိရပါတယ်။
ဒါကြောင့် ကပ်ရောဂါအမြန်ဆုံး ကင်းစင်သွားဖို့ တတ်နိုင်သူက တတ်နိုင် သလို ငွေအား၊ လူအား၊ ပစ္စည်းအား ပါဝင်ရမှာဖြစ်ပါတယ်။ ဒီလိုပဲ နိုင်ငံသား တိုင်းကလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြား ချက်တွေကို လိုက်နာဖို့ လိုအပ်ပါတယ်။
ရှောင်ရှားကြစေလို
တူညီစွာ တွန်းလှန်ကာကွယ်မှ ကင်းလွတ်မယ့် ကပ်ရောဂါပါ။ အခုလို စိတ်တူညီမျှစွာနဲ့ ကပ်ရောဂါကို ကာကွယ်တွန်းလှန်နေရချိန်မှာ လိုအပ် နေတဲ့ ဆေးဝါးနဲ့ ဆေးကိရိယာပစ္စည်း တွေဖြစ်တဲ့ နှာခေါင်းစည်း၊ လက်အိတ်၊ PPE၊ အောက်ဆီဂျင်ဘူး၊ အောက်ဆီဂျင် စက် စတာတွေကို ပြည်သူ့ကျန်းမာရေး အတွက် သုံးနိုင်ဖို့ ဈေးနှုန်းမြင့်တက် မနေဖို့ အရေးကြီးပါတယ်။ အဓိက ကတော့ ဖြစ်ပွားနေဆဲ ကပ်ရောဂါကို အကြောင်းပြုပြီး ကိုယ့်ဖို့သာ အကျိုးရှိ၊ အများဖို့ အကျိုးမရှိစေမယ့် စီးပွား ရှာနည်းကို ရှောင်ရှားကြစေလိုတဲ့ အတွက် ပြည်သူထဲက ပြည်သူတစ်ဦး အနေနဲ့ ရေးသားတင်ပြလိုက်ရပါ တယ်။ ။
- Log in to post comments